သတင်း

မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄၊ ၂၀၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံက စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ယမန်နေ့ မွန်းတည့်မတိုင်မီခန့်က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် တော်လှန်ရေး အင်အားစု KRF မှ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ ဒီမွန်းတည့်မတိုင်မီ ၁၁ နာရီ ၃၅ မိနစ် အချိန်တွင် ၆၀ မမ လက်လုပ်ပြောင်းဖြင့် (၈) လုံး၊ ဒရုန်းဖြင့် ၆၀ မမ (၁)လုံး၊ ၄၀ မမ (၂၀) လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၁၄) လုံး ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ (၁) ယောက်၊ တပ်ကြပ်(၁) ယောက်၊ တပ်သား(၁) ယောက်သေဆုံးပြီး ၊ ရဲ(၂) ဦး အပြင်းအထန် ဒဏ်ရာရကာ နောက်ထပ်ရဲတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရတယ်လို့ KRF မှ ထပ်မံထုတ်ပြန်ထားပါတယ်။

ထိုတိုက်ခိုက်မှုကို KRF, KNU/KNLA, အမှတ် (၇၈၀၅) တပ်ရင်း တပ်ခွဲ (၂), သွေးသစ္စာပြောက်ကျား တပ်ဖွဲ့၊ YEF TPDF Drone Force, တောကျီးကန်း စစ်ကြောင်း၊ ABSDF, ကျိုက်ထို ပကဖ အဖွဲ့ စတဲ့ တော်လှန်ရေး အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများနဲ့ တော်လှန်ရေး အင်အားစုတွေ ရှိနိုင်မယ့် နေရာတွေကို ခန့်မှန်းပြီး ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ပြီးနောက် စစ်ကောင်စီတပ်သားများရောက်လာပြီး ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းကို ပိတ်ဆို့ကာ ခရီးသွားပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေမှ ပြောပါတယ်။

ဓာတ်ပုံ- မုပ္ပလင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်း)

Related Articles

Back to top button