ကရင်နီမှာ စစ်ကောင်စီတိုက်လေယာဥ် (၂)စီး ပစ်ချဖျက်ဆီးခံရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၊ ၂၀၂၃
ကရင်နီပြည်နယ်ထဲ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဥ် (၂)စီးကို အခုနှစ် ၂၀၂၃ ခုနှစ်အတွင်း ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ တိုး တက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၃၀)ရက်နေ့ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မှာ KNPLF မှ K – 8W လေယာဥ်အမှတ်(3935) ပစ်ချနိုင်ခဲ့သလို နိုဝင်ဘာလ (၁၁)ရက်နေ့က ဖရူဆိုမြို့နယ်တနေရာမှာ KA/KNDF ပူးပေါင်းအဖွဲ့တို့က K – 8 W လေယာဥ်အမှတ်( 3942) တို့ကို ပစ်ချဖျက်ဆီး နိုင်ခဲ့တာပါ။
တဖက်မှာလည်း ကရင်နီဒေသက နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သားများကို ပစ်မှတ် ထားပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှု များစွာ ရှိခဲ့လို့ အရပ်သားမြောက်စွာလည်း ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ တိုက်ပွဲပဋိပက္ခကြောင့် အရပ်သားသေဆုံးသူ (၆၀)ကျော်ရှိခဲ့ပြီး နှစ်ဖက် တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် (၅၀)ကျော် ကျဆုံးမှု ရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်ထဲမှာတော့ အာဏာသိမ်းမှုအလွန် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ (၄၄၉ ) ဦး၊ စစ်ရှောင်ပြည်သူ သေဆုံးသူ (၁၄၇ )ဦးထိလည်း မြင့်တက်ခဲ့ပြီး စစ်တပ်ရဲ့ မတရား ဖမ်းဆီးမှု ခံရသူ (၁၅၀) ဦးထိ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲပဋိပက္ခအတွင်း ဘာသာရေးအဆောက်အဦးပေါင်း (၄၆)လုံးထိ ပျက်စီးမှု ရှိခဲ့သလို အရပ်သား နေအိမ် (၂၁၉၄) လုံး၊ ပျက်စီးသော ဆေးရုံ၊ ဆေးခန်းများ (၁၄)လုံးနှင့် စာသင်ကျောင်းများ (၂၀)လုံးထိ ပျက်စီးမှု ရှိနေတယ်လို့ PKPF ရဲ့ ထုတ်ပြန်အရ သိရပါတယ်။
အာဏာသိမ်းမှုအလွန် ကရင်နီဒေသက တိုက်ပွဲဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲ အကြိမ်အရေ (၉၀၆)ကြိမ်ထိ ရှိခဲ့ပြီး စစ်ကောင်စီ လေကြောင်း အသုံးပြု တိုက်ခိုက်မှု ( ၈၈၀ )ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်သား (၂၇၅၄) ဦးထိ သေဆုံးမှု ရှိခဲ့ပြီး စစ်ယာဥ်တန်း ကား (၆၈) စီး၊ တိုက်လေယာဥ်( ၂ )စီး ဖျက်ဆီးနိုင်ခဲ့သလို KNDF/PDF/KA ကရင်နီ တော်လှန်ရေး ရဲဘော်( ၃၉၃ ) ဦးကလည်း ကျဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။