ကျိုက်မရောဒေသရှိ ကျေးရွာတချို့ အင်တာနက်လိုင်း ဖြတ်တောက်ခံရ
ဖက်ဒရယ်ဂျာနယ်၊မြန်မာ
နိုဝင်ဘာ ၂၃၊ ၂၀၂၃။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှခွကျေးရွာနှင့် အနီးဝန်းကျင်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့လောက်ကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ အင်တာနက်လိုင်း စတင်ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် နိုဝင်ဘာလ ၁၉ ရက်နေ့လောက်မှာ ချောင်းနှစ်ခွ၊ မယ်ကရို၊ ကျောက်ကွဲ၊ မရမ်းကုန်း၊ တောင်ကလေးအပါအဝင် ကျေးရွာ ၁၅ ရွာ ကျော် အင်တာနက်လိုင်း ထပ်မံဖြတ်တောက်ခံခဲ့ရတယ်လို့ သိရပါတယ်။
” အင်တာနက် ဖြတ်ခံထားရတာတော့ ၂ ပတ်လောက်ရှိပြီး။ MPT တော့ တစ်ခါတစ်လေ လိုင်းရတယ်။ ဒါပင်မဲ့ လိုင်းတော့မကောင်းဘူး။ ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။
အင်တာနက်လိုင်း နှင့် ဖုန်းလိုင်းတွေ ပြတ်တောက်နေခြင်းကြောင့် ကျန်းမာရေး၊ စားဝတ်နေရေး စတဲ့ ကိစ္စရပ်များအတွက် ချိတ်ဆက်အကူအညီတောင်းဖို့ အခက်အခဲများကြုံတွေ့နေရတယ်လို့လည်း ထပ်ဆင့်ပြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲတွေအကြား ချောင်းနှစ်ခွ ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ထိုတိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေ အနည်းငယ် ပြန်လည်ငြိမ်သက်လာပေမယ့် စစ်ကောင်စီ၏ အမြောက်တပ်မှ လက်နက်ကြီးနဲ့ နေ့ရောညပါ ကျေးရွာတွေအတွင်းသို့ ပစ်ခတ်နေခြင်းကြောင့် အဆိုပါဒေသခံများမှာ ကျေးရွာထဲကို ပြန်လာနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
ဓါတ်ပုံ – CJ (ပုံဟောင်း)