သတင်း

ချင်းပြည်နယ် ဒေသတချို့ကို ရခိုင်ပြည်နယ်ထဲ စစ်ကောင်စီက ထည့်သွင်းပြောကြားမှု ရှိလာ

ချင်းပြည်နယ် ဒေသတချို့ကို ရခိုင်ပြည်နယ်ထဲ စစ်ကောင်စီက ထည့်သွင်းပြောကြားမှု ရှိလာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၁၊ ၂၀၂၃

ချင်းပြည်နယ်အတွင်းရှိ နယ်မြေဒေသတချို့ကို ရခိုင်ပြည်နယ် အစိတ်အပိုင်းအဖြစ် စစ်ကောင်စီ၏ သတင်း ထုတ်ပြန်ရေး ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ နယ်စပ်ဒေသများကနေ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင် ရောက်နေထိုင်သူ များကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမှုအခြေအနေများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ် တို့ရှိ ထိတွေ့တိုက်ပွဲ အခြေအနေများကို ရှင်းလင်း ပြောကြားတဲ့ သတင်းထုတ်ပြန်မှုမှာ အခုလို အတိ အလင်း ထည့်သွင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင်ရဲ့ အဲဒီ ပြောကြားချက်ထဲမှာတော့ “ထူးခြားချက်က တော့ ပထမဦးဆုံး ရခိုင်ပြည်နယ်ထဲမှာ အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ထရွန်အိုင်၊ နုန်းဘူး စတဲ့ အဲဒီစခန်းတွေက မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်း ဖောက်နေတဲ့ ကုလားတန်မြစ်ဘက်စုံ စီမံကိန်း လုပ်နေတဲ့ လုံခြုံရေးစခန်းတွေ ဖြစ်ပါတယ်” လို့ ပြောထားတာ တွေ့ရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာကို ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အစိတ်အပိုင်းတခုလို့ သုံးနှုန်းထားတာပါ။

အခုလို ချင်းပြည်နယ် ပလက်ဝမြို့နယ် ထရွန်အိုင် ကျေးရွာကို ရခိုင်ပြည်နယ်ထဲက အစိတ်အပိုင်းလို စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင်ရဲ့ မှားယွင်းစွာ ပြောကြား လာတာဟာ ချင်းနှင့် ရခိုင် လူမျိုးတွေကြား အထင်အမြင် လွဲမှားမှုနဲ့ ယုံကြည်မှုကို ပိုမို ထိခိုက်လာနိုင်တယ်လို့ ချင်းနိုင်ငံရေး လှုပ်ရှားသူ ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောပါတယ်။

“ ဒါက သဘောရိုးမှားတာလား နိုင်ငံရေးအရ တမင် ပြောတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ပလက်ဝ မြို့နယ်ကို ရခိုင် ပြည်နယ်ထဲ သိမ်းသွင်းဖို့ ဆိုတဲ့ နိုင်ငံရေး ရှိလို့ ချင်းနှင့် ရခိုင်အကြား အထင်အမြင် လွဲမှားမှုနဲ့ ယုံကြည်မှု ထိခိုက်နေတဲ့ကြားထဲက အခုလို မှားယွင်းပြောဆိုမှုတွေက လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်၊ လူမျိုးရေး ထိခိုက်မှုဖြစ်လာနိုင်တယ်”

ဒါ့ပြင် အဲဒီ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ အခု ညွန်းဆိုထားတဲ့ ဒေသဟာ ချင်းတိုင်း ရင်းသား မျိုးနွယ်စုတွေ ခူမီး တိုင်းရင်းသား မျိုးနွယ်စုတွေနေထိုင်ကြတဲ့ နေရာဖြစ်တယ်လို့ ပြောထား သလို ပလက်ဝနဲ့ ပလက်ဝ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေကလည်း ရက္ခိုင့်တပ်တော် (AA) ကို အထူးဆန့်ကျင်ရှုတ်ချမှု ရှိနေတယ်ဆိုပြီး ရှုပ်ထွေးစွာ ပါရှိနေပါတယ်။

ဓါတ်ပုံ – စစ်ကောင်စီထုတ် သတင်းစာ။

Related Articles

Back to top button