သတင်း

လွိုင်ကော်မြို့ထဲ ပိတ်မိ ပြည်သူများ၊ UN၊ NGO အဖွဲ့အစည်းများ ဘေးလွတ်ရာသို့ စတင်ထွက်ခွာ

လွိုင်ကော်မြို့ထဲ ပိတ်မိ ပြည်သူများ၊ UN၊ NGO အဖွဲ့အစည်းများ ဘေးလွတ်ရာသို့ စတင်ထွက်ခွာ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၁၅၊ ၂၀၂၃

လွိုင်ကော်မြို့ထဲ ပိတ်မိနေတဲ့ ပြည်သူများက ရရာပစ္စည်းများဖြင့်ယူကာ ကား၊ဆိုင်ကယ်များဖြင့် ဘေးလွတ်ရာ ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေ၊ ပင်လောင်း၊ ဆီဆိုင် ဘက်ကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် (၆)နာရီခန့်မှ စတင်ပြီး ထွက်ပြေး တိမ်ရှောင် နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၁)ရက်နေ့မှစပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား လွိုင် ကော်မြို့ ထဲ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်း အသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်လာပြီးနောက် လွိုင် ကော်မြို့ ထဲ ပိတ်မိပြည်သူများ ရှိနေသလို၊ ထိခိုက် သေဆုံးခဲ့ရတဲ့ ပြည်သူများလည်း ရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက် ဒေသခံတစ်ဦးမှ ” ကျမတို့အခု ရှမ်းပြည်ဘက် ရောက်ပြီပေါ့နော်၊ မနက် (၉)နာရီထိဘဲ မြို့ထဲကနေ မြို့ပြင်ပေးထွက်မယ် ပြောတော့ ကျမတို့ကလည်း ရတဲ့ပစ္စည်းတွေနဲ့ ယူပြီးဆိုင်ကယ်နဲ့ မနက်အစောကြီးထွက်လာတာပါ။ ထွက်လာတဲ့အချိန်မှာ နာနတ်တော၊ ထေးဌား လျားတို့ဘက်မှာ အိမ်တွေမီးလောင်တာ တွေ့ရတယ်၊ ညတုန်းက လေယာဥ်တွေတော့ တက္ကသိုလ် ကျောင်းနားနဲ့ ဒေါဥခူဖက် ကြဲချတာများတယ်”

ပိတ်မိ နေတဲ့ ပြည်သူတွေနဲ့အတူ UN ကားငယ် (၆)စီး၊ NGO တံဆိပ်ကား (၁၀)စီးခန့်တို့က ရှမ်းပြည် တောင်ပိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ထွက်ပြေတိမ်းရှောင်နေတဲ့ ပြည်သူများမှလည်း လမ်းတဝက်တွင် ဖုန်းလိုင်းများ အဆက်အသွယ် ပြတ်တောက်ကုန်ကြပြီး မိသားစုတချို့ကလည်း တကွဲတပြားစီ ဖြစ်ကုန်ကြတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ထဲတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတာပြီး ပိတ်မိနေတဲ့ ပြည်သူများ အများ အပြားလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ / UN ကားငယ်များ၊ NGO တံဆိပ် ကားများနဲ့ ပြည်သူတချို့ တိမ်းရှောင်နေစဉ်။

Related Articles

Back to top button