သတင်း

ကွတ်ခိုင်က ဒတ်နိုင်း စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ကွတ်ခိုင်က ဒတ်နိုင်း စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၄၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညှဲအထက်ရှိ ခလရ ၁၂၃ တပ်ဖွဲ့ ခြေကုတ်ယူထားတဲ့ ဒတ်နိုင်း စစ်ကောင်စီ တပ်စခန်းကို KIA တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ကချင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒတ်နိုင်း စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၆ လက်အောက် အမှတ် ၉ တပ်ရင်း တပ်ဖွဲ့တို့က ၂ ရက်ကျော် ကြာ တိုက်ခိုက်ပြီးနောက် တပ်စခန်းကို သိမ်းယူနိုင်ခဲ့တာပါ။
ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းတည့်မတိုင်မီ ၁၁ နာရီခန့်က စတင်တိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်မှာတော့ အပြီးသိမ်းပိုက် နိုင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေချိန် စစ်ကောင်စီဘက် ဂျက်ဖိုက်တာ ၄ ကြိမ် ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး ရဟတ် ယာဉ်များ ဖြင့် လှည့်ပတ် ပစ်ခတ် တိုက်ခိုက်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒတ်နိုင်း စခန်းသိမ်း တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲ ယမ်းများကို သိမ်းဆည်း နိုင်ခဲ့ပေမယ့် KIA တပ်ဖွဲ့ဘက်ကလည်း အရာရှိငယ် တစ်ဦးအပါအဝင် ရဲဘော် ၅ ဦးကျဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမြောက်ဒေသရှိ KIA တပ်မဟာ ၁၀၊ တပ် မဟာ ၆ နှင့် တပ်မဟာ ၄ လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ များ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး စစ်ရေးအရ ပြင်းထန်စွာလှုပ်ရှားနေသလို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ရေးအရ အရေးပါတဲ့ စခန်းကြီး ၄ ခုကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ဆားမှော် ကျေးရွာ အရှေ့တောင်ဘက် မဖျင့်ကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပူးပေါင်းထိုင်တဲ့ ဒေသအခေါ် စပါးကုန်းစခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ကချင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဓါတ်ပုံ – The Kachin Net

Related Articles

Back to top button