သတင်း

ကရင်နီက မြို့နယ် ၂ ခုမှာရှိတဲ့ စစ်တပ်စခန်း(၇)ခု ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

ကရင်နီက မြို့နယ် ၂ ခုမှာရှိတဲ့ စစ်တပ်စခန်း(၇)ခု ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၁၊ ၂၀၂၃။
ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူ ပါဝင်ကြကာ ၁၁.၁၁ စစ်ဆင်ရေး (11.11 OPERATION) ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ဒီကနေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်နေ့မှာ ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင် စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အောင်မြင်စွာ သိမ်းပိုက် ယူနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန် အသိပေး ထားပါတယ်။
စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စတဲ့ ကျေးရွာဒေသများရှိ တပ်စခန်း ၇ ခုကို ဒီကနေ့ နံနက် (၅) နာရီ အချိန်မှ စ၍ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံအဖွဲ့များက စစ်ကြောင်း (၃) ကြောင်း ဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တပ်စခန်းသိမ်း တိုက်ပွဲ ဆင်နွဲနေစဉ် ဒီးမော့ဆို၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီ တပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများ ထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်မှု ရှိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ခိုက်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်း ရရှိခဲ့သလို စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ များ ပြားခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားသူများ ရှိကာ၊ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီး ရရှိမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စခန်းသိမ်း တိုက်ခိုက်များအတွင်း တော်လှန်ရေးတပ်ပေါင်းစုံဖက်မှ ရဲဘော်တချို့လည်း ထိခိုက် ကျဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုမြို့သိမ်းတိုက်ပွဲများ ဆင်နွှဲမှုများမှာတော့ အရပ်သားပြည်သူလူထု နှင့် အဆောက်အဦ ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများ နှင့် သက်ဆိုင်ရာ ကြိုတင် ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် အခု ၁၁.၁၁ စစ်ဆင်ရေး (11.11 OPERATION) ဖော်ဆောင်မှုဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တော်လှန်ရေး အခန်းကဏ္ဍအတွက် အရေးကြီးတဲ့ စစ်အုပ်ချုပ်ရေးယန္တရားများ အခိုင်အမာရှိနေသည့် မြို့ရွာများကို စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်ပွဲများ ဖော်ဆောင်ရတာဖြစ်ပြီး မိဘပြည်သူများအနေဖြင့် နားလည် ပေးနိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက် ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဓါတ်ပုံ – KNDF

Related Articles

Back to top button