သုံးသပ်ချက်

တော်လှန်ရေးဖြစ်တည်မှုနှင့် သက်ရောက်မှုများကို ဆွေးနွေးခြင်း

မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ခြင်း (စကားဝိုင်းအနှစ်ချုပ်)

– တော်လှန်ရေးဖြစ်တည်မှုနှင့် သက်ရောက်မှုများကို ဆွေးနွေးခြင်း

၁။ ပထမဆုံးအနေနဲ့ သဘောထားမှတ်ချက်လေး မေးချင်ပါတယ်။ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမျိုး ယုံကြည်ချက် ထားကြပါသလဲ။ အမြင်သုံးသပ်ပေးပါ။

– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့အခင်းအကျဉ်အပေါ် အထူးသဖြင့်နိုင်ငံတကာ အသိုင်း အဝိုင်း၊ စစ်ကောင်စီဖက်က သူတို့ရဲ့တွက်ကိန်းဟာ လုံးဝမှားသွားပါတယ်ဆိုတာကို လက်ရှိ တော်လှန် ရေးက သက်သေ ပြနေပါတယ်။

ဒီတော်လှန်ရေးဟာ ယခင်တော်လှန်ရေးတွေနဲ့လုံးဝမတူတဲ့ တော်လှန်ရေး ဖြစ်တာနဲ့အညီ ကျနော်တို့ဖက်ကသာ အကျိုးရှိရှိနဲ့၊ အချက်မိမိနဲ့ကိုင်တွယ်အသုံးပြု သွားမယ်ဆိုရင် ကျနော်တို့ ရဲ့ ရည်မှန်း ချက်ပန်းတိုင်ကို ရောက်ကိုရောက်သွားနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)

ဒီတော်လှန်ရေးကို ကျမတို့ယုံကြည်တာက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရောက်အောင်သွား မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိတယ်။ ဘယ်လိုပုံစံနဲ့သွားမှာလဲဆိုတာက တခုပေါ့။ ဒါပေမဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုတော့ မဖြစ်မနေလိုအပ်နေပြီဆိုတာကတော့ သေချာနေပြီ။

ဒါကို တပြိုင်နက်ထဲ တောင်းဆို သံအမြှင့်ဆုံးဖြစ်သလို တိုက်ပွဲဝင်မှုရဲ့ အမြှင့်ဆုံးကဏ္ဍလို့လည်း နားလည်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ရဖို့အတွက်ဆိုရင် စစ်အာဏာရှင်စနစ်ကပြုတ်သွားမှ၊ အကုန်စင်ဖြစ်သွား မှ ရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါ တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အကုန်စင် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဟာ ဒီနွေဦးတော်လှန်ရေး အဓိကအချက်ဖြစ်တယ်။

– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ – ဒါရိုက်တာ)

၂၀၂၁ အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးက အရင်က တိုင်းရင်းသားတွေ တောင်း ဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ်ဖြတ်သိမ်းရေး တောင်းဆိုမှုမှာ အခုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်လာနိုင်တဲ့အခြေအနေကိုရောက်စေတဲ့ တော်လှန်ရေး ဖြစ်တယ်။

ယနေ့ ကျနော်တို့သွားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းဟာ ဘယ်လိုမှ တားဆီးလို့ မရနိုင် တဲ့ လမ်းကြောင်းဖြစ်တယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးက စစ်အာဏာရှင်စနစ်ကို ကြားခံ ပေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြတ်သိမ်းပြီး စစ်အာဏာရှင်စနစ်ကို ဖြတ်သိမ်း နိုင်မှသာလျှင် တည် ဆောက်နိုင်မယ်။

၂။ မြန်မာနိုင်ငံမှာ တော်လှန်ရေးဟာ ဘယ်လို အရင်းခံ အကြောင်းတရား ဘယ်အချိန်မှာ စပြီး ဖြစ်ပေါ်လာရပါသလဲ။ တော်လှန်ရေးတစ်ခု ပေါ်ပေါက်လာပြီဆိုရင် နောက်ဆက်တွဲ အကျိုး သက်ရောက်မှု ကြိုတင်ပြင်ဆင်မှု ဘယ်လောက်ကြီးပါသလဲ။

– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)

ကျနော်တို့ ကရင့်တော်လှန်ရေး ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းက ဒုတိယကမ္ဘာစစ်ကနေစပြီး နည်းနည်း ပြန်ကြည့်ရပါမယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တာတဲ့အခါမှာ အမျိုးသားအစွန်းရောက်ဝါဒ အင်မတန် ကြီးမားတယ်။ ဥရောပမှာ နာဇီတို့ အရှေ့ဖက်မှာလည်း ဖက်ဆစ်တို့ပေါ့။

အဲ့ချိန်ကာလမှာ ကျနော်တို့ ကရင်လူမျိုးက အင်မတန်မှကို ခါးသီးလှတဲ့ သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရတယ်။ အထူးသဖြင့် ၁၉၄၁ ခုနှစ် ဂျပန်ဝင်လာချိန်ပေါ့။ အဲ့ဒီသမိုင်းကြောင်းကို ဘယ်လိုမှ မေ့ပျောက်လို့ မရဘူး။ အဲ့ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ နေမှပဲ ဒီအန္တရာယ်က လွတ်ကင်းမယ်ဆိုတဲ့ အသိကဝင်လာတယ်။

နောက် ဒုတိယ ကမ္ဘာစစ် ပြီးသွားပေမဲ့ ကိုယ့်အမျိုးသား လွတ်မြောက်မှု ကမရသေးဘူး။ အဲ့ဒါနဲ့ပဲ လွတ်လပ်ရေး ရချိန်ရမှာလည်း အမျိုးသားရေး ဝါဒဟာ ဆက်ပြီးတော့ တောက်လောင်နေဆဲဖြစ်တယ်။ လွတ်လပ်ရေး ရယူချိန်မှာ ကျနော်တို့ မြင်တာက ဒီမိုကရေစီအရေးဆို တာကတော့ လူတိုင်းရဲ့အရေးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူအခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတာကို ကျနော်တို့ သတိထားမိတယ်။

လွတ်လပ်ရေးရယူချိန်မှာ ပင်လုံစာချုပ်က အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ ပင်လုံစာချုပ်နဲ့ ကင်းကွာခဲ့တဲ့ ကျနော်တို့ အမျိုးသားတွေ၊ အထူးသဖြင့် ကရင်၊ မွန် အနီးစပ်ပြောရရင် နောက်ပြီး ကရင်နီတို့ပေါ့။ ဆိုတော့ တော်လှန်ရေးစပြီးဖြစ်လာတယ်။ လွတ်လပ်ရေးရတယ်။

အထူးသဖြင့် (Nation Building) တိုင်းပြည်တည်ဆောက်ရေးမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဟာ ကင်းမဲ့နေတယ်လို့ ခံစားရတဲ့ပေါ်မှာ ၁၉၄၉ ခုနှစ်မှာတော်လှန်ရေးဖြစ်လာတယ်။
ကျနော်တို့ ကရင်လူမျိုးနဲ့အတူ မွန်လူမျိုးတွေလည်း ပါဝင်လာတယ်။ အဲ့ဒီတော့ ကရင့်တော်လှန်ရေးလို့ ပြောပေမယ့် ကျနော်တို့နဲ့ ဘဝတူ အမျိုးသားတွေအများကြီး ပါဝင်ပါတယ်။

တဆက်ထဲမှာပဲ ပင်လုံစာချုပ်ထဲမှာ ပါဝင်တဲ့ ကချင်လူမျိုး တွေဆိုရင် အဖွဲ့အစည်းတခုလုံး အနေနဲ့ မပါဝင်ခဲ့ပေမယ့် ဗိုလ်မှူးနော်ဆိုင်းဆိုရင်လည်း ကျနော်တို့ ကရင့် တော်လှန်ရေးနဲ့အတူ ပြင်းပြင်း ထန်ထန် တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ မေ့ဖျောက်လို့မရတဲ့ သမိုင်းသက်သေ တွေရှိခဲ့ပါတယ်။

– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ – ဒါရိုက်တာ)

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာ တယ်လို့ ပြောလို့ရတာပေါ့။ လွတ်လပ်ရေးရရချင်း ပြည်တွင်းစစ်ဖြစ်ပေါ်လာတယ်။

စစချင်း လက်နက်ကိုင် တော်လှန်ရေးစခဲ့တာက ကျနော်တို့တိုင်းရင်းသားလူမျိုးစုတွေက မဟုတ်ပါဘူး ဗမာပြည်ကွ န်မြူနစ်တွေက စခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းက အာဏာရအစိုးရ ဦးနု ဖဆပလအစိုးရကို စပြီးတော်လှန်ခဲ့တယ်။

ပြီးမှ တိုင်းရင်းသားတွေထဲက ကရင် တွေဦးဆောင်ပြီးတော်လှန်တယ်။ မွန် တွေနောက်ကလိုက်ပြီး တော်လှန်ခဲ့တယ်။ ကျနော့်အမြင် အဲ့တုန်းက အယူအဆ ၂ ခုရှိတယ်လို့ နားလည်တယ် (ဒါက ကျနော့်ရဲ့ အယူအဆသက်သက်ပါ)။

တစ်အချက်ကတော့ ဗမာပြည်ကွန်မြူနစ်က ရရှိခဲ့တဲ့လွတ်လပ်ရေးသည် လွတ်လပ် ရေး အစစ်အမှန် မဟုတ်ခဲ့ ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ လက်နက်ကိုင်တော်လှန်ခဲ့တယ်။ ဒါက အယူအဆရေးရာ တပိုင်းပေါ့။
အဲ့တုန်းက လက်ဝဲ၊ လက်ယာ အယူအဆ တိုက်ပွဲက ကျနော်နားလည်သလောက်ပြောရရင် အားကောင်းတဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ တယ်လို့ပေါ့။

နောက်တခုက တိုင်းရင်းသားတွေပေါ့ မွန်၊ ကရင်၊ ပအိုဝ့် တွေ တော်လှန်ခဲ့တဲ့ဟာကတော့ လူမျိုးစု တန်းတူရေးနဲ့ ဆက်စပ်တယ်ပေါ့။ လွတ်လပ်ရေးတော့ ရတယ်။ တန်းတူညီမျှမှုက မရှိတဲ့ခါကျတော့ လက်နက်ကိုင်လမ်းစဉ်ကိုရွေးခဲ့တယ်။

အဲ့တုန်းက မွန် တွေက ပထမဆုံး လက်နက် ကိုင်တော်လှန်ရေးကို ရွေးခဲ့တာမဟုတ်ခဲ့ပါဘူး။ အဲ့တုန်းက မွန် တွေရဲ့တောင်းဆိုချက် သည် ယဉ်ကျေးမှုဆိုင်ရာ တောင်းဆိုမှုအဆင့်တာဖြစ်တယ်။

မွန် တွေရဲ့ တရားဝင် တောင်းဆိုချက် (၇)ချက် ကို ပြန်ကြည့်တဲ့အခါမှာ သာသနာနဲ့သက်ဆိုင်တဲ့ စာမေးပွဲတွေကို မွန် ဘာသာနဲ့ ဖြေကြားခွင့်ပေးဖို့၊ မွန် ဒေသတွေ မှာ မွန် ဆရာတွေ ခန့်အပ်ပေးဖို့၊ နောက်ပြီး မွန်လူမျိုးတွေအတွက် သီးသန့် မဲပုံးထောင်ပြီး လွှတ်တော်ကိုယ်စား လှယ် တွေကို ရွေးခွင့်ပေးဖို့၊ ဘာလို့ဆို ဖဆပလ တိုင်းပြုပြည်ပြုလွှတ်တော်မှာ မွန် ကိုယ်စားပြု ဘယ်လိုမှ ရွေးချယ်ခံရခြင်းမရှိခဲ့ဘူး။

မွန် တွေရဲ့ တောင်းဆိုမှုတခုလုံးကို ပြန်ကြည့်လိုက်ရင် စာပြေယဉ်ကျေးမှု တောင်းဆိုမှုအဆင့်တာ ရှိခဲ့တယ်။ သို့သော် ပဆဖလ က ဆိုရှယ်လစ် တည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံ အောက်မှာ မွန် နဲ့ ဗမာ အတူတူပဲဆိုပြီး မွန် တွေရဲ့ ရှိခဲ့တဲ့သမိုင်း ကို ဖြတ်မှုပေါ့။

အဲ့တုန်းက ဦးနု ရဲ့ မှတ်မှတ် သားသား စကားဆို မွန် နဲ့ ဗမာအတူတူပဲဆိုတယ်။ အဲဒီမှာပဲ ကရင်မှာ KNDO ဖွဲ့စည်းတဲ့နည်းတူ မွန် မှာလည်း MNDO ဆိုပြီး မွန်အမျိုးသားတွေရဲ့ ကာကွယ်ဖို့ဆိုတဲ့ တော်လှန်ခဲ့တယ်။ ဒါကဖြစ်ပေါ်လာတဲ့ တော်လှန်ရေး သမိုင်းအကျဉ်းပေါ့။

၃။ လက်ရှိအချိန်ကနေ ပြန်ကြည့်ရင် မပြီးပြတ်သေးတဲ့ အရင်ကတော်လှန်ရေးတွေနဲ့ နွေဦးတော်လှန် ရေးတို့ရဲ့ အောင်မြင်မှုက ဘယ်လောက်အထိ ရောက်နေပြီလို့ သုံးသပ်နိုင်မလဲ။

– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)

ကျမတို့ ယခင်ရှိခဲ့ပြီးသား တော်လှန်ရေးတွေနဲ့ ယခုနွေဦးတော်လှန်ရေးနဲ့က ပေါင်းစပ်မိသွားတာပေါ့ လေ။ ဘာပေါင်းစပ်မိသွားလည်းဆိုတော့ ရည်မှန်းချက်၊ ရည်ရွယ်ချက် လိုလားချက်တွေက ပေါင်းစပ်မိသွားပြီ။

ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်း တောင်းဆိုချက်လည်းတူသွားပြီ။ ရည်ရွယ်ချက် လည်း တူသွားပြီ။ လိုချင်တဲ့ပုံလည်းတူသွားပြီ။

နောက်ဘုံရန်သူ စစ်အာဏာရှင်စနစ်ဆိုတာ ရှိနေလို့မရဘူး။ အရင်ကလည်း စစ်အာဏာရှင်စနစ် အသွင်ပြောင်းတာတွေနဲ့ ရှေ့ကဖြတ်ပြီးသွားပြီ။ ဒီကနေ့မှာတော့ အဲပုံစံတွေ ရှိလို့ မရဘူးဆိုတဲ့ ပေါင်းစပ်မှုကတော်တော်ကျသွားပြီဆိုတာ ထင်သာ မြင်သာရှိတယ်။

ဒုတိတချက်ကတော့ လူထုရဲ့ထောက်ခံမှု လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲတိုင်း မှာ အောင်မြင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး တွေဟာ လူထုရဲ့ထောက်ခံမှုလိုတယ်။ လူထုထောက်ခံမှုမရှိတဲ့ လက်နက်ကိုင် တော်လှန်ရေးတွေဟာ ကျဆုံး သွားနိုင်တယ်။

ဒါကြောင့် လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲကြတဲ့အခါ အဓိက ပြင်ဆင်ရမှာက လူထုကိုယ့်ကို လိုလားဖို့လိုတယ်။ အခု လူထုကို စစ်အုပ်စု ညှင်းပမ်းနှိပ်စက်တယ်။ ကိုယ့်ဖက်က အဲ့ဒီအလားတူ ပုံသဏ္ဍာန် တွေကို ဖယ်ရမယ်။

နောက်တခု လက်နက်ကိုင်တော်လှန်ရေး လုပ်ပြီဆိုရင် ခက်ခဲမှုကဘာလဲဆိုတော့ ငွေကြေး ဖြစ်တယ်၊ အမှီခိုဖြစ်တယ်၊ စားဝတ်နေရေးဖြစ်တယ်ဆိုရင် ကျမတို့ကို အမှန်တကယ် ထောက်ပံ့ပေးတာက လူထုဖြစ်တယ်။

လူထုနဲ့ဆက်စပ်နေတဲ့တော်လှန်ရေးဟာ လူထုကို ကြည့်ဖို့လိုတယ်။ အဲ့ဒါကလည်း အခုချိန်မှာ တော် တော်လေး သဘောပေါက်လာပြီလို့ မြင်ရတယ်။ အရင်တုန်းကလို လက်နက်ကိုင် တော်လှန်ရေးက မြှုပ်မ နေဘူးပေါ့။

ကမ္ဘာကလည်းသိ မြင်သာထင်သာရှိလာတယ်။ အဲ့တော့ ကျမတို့ ပေါင်းစပ်မိတဲ့ လက်နက်ကိုင် အင်အားစုရော နိုင်ငံရေးအင်အားစုတွေရော အကုန်ပေါင်းစပ်ပြီးတော့ NUCC မှာ အားလုံးစုစည်းပြီး တော့ လုပ်ထားတဲ့ (Role map) ဆယ့်နှစ်ချက်ရှိတယ်။ အခုချိန်က (Role map) ၇ နဲ့ ၈ ကို သွားနေတယ်။

သိပ်မကြာ ခင်မှာ အစိုးရတရပ်ပေါ်ပေါက်လာအောင်လုပ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ အခန်းကဏ္ဍကို ရောက်လာပြီ။ တဖက်မှာ စစ်ရေးအရကလည်း တိုက်ပွဲဝင်နေရမယ်။ တဖက်မှာ နိုင်ငံရေးအရလည်း ပြင်ဆင် နေရမှာဖြစ်တယ်။

လက်ရှိတော်လှန်ရေးမှာ ထင်သာမြင်သာ ရှိတာကတော့ ကျမတို့ သွားချင်တဲ့ ပန်းတိုင် ရည်ရွယ်ချက် တူသွားပြီ။ အရင်ကတော့ ၈၈ တော်လှန်ရေး ရည်မှန်းချက်ကျခဲ့တာက ဒီမိုကရေစီ တိုက်ပွဲ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တိုက်ပွဲ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု နွေဦးတော်လှန်ရေးမှာတော့ ဒီနှစ်ခု ပေါင်းစပ်မိသွားပြီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်။

– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)

ကျနော်တို့တိုင်းပြည်မှာ တော်လှန်ရေးဖြစ်ပေါ်လာတာကို ဘာနဲ့သွားယှဉ်ထိုးကြည့်မလဲဆိုရင် စစ်အာ ဏာသိမ်း တာ၊ စစ်အာဏာသိမ်းတိုင်းသိမ်းတိုင်းမှာ တိုင်းပြည်က ကမှောက်ကမဖြစ်လာတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း လိုက်တဲ့အခါမှာ မြို့ပေါ်မှာရှိတဲ့လူထုတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့၊ ကျနော်တို့ဆီကို ရောက်လာတယ်။ ပြောရ မယ် ဆိုရင်တော့ အဲ့တုန်းက ကျနော်တို့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်မြ က လက်ခံကြိုဆိုခဲ့တယ်။ တော်လှန်ရေး တွေဆက်လုပ်နိုင်ဖို့အတွက်ပေါ့။

အထူးသဖြင့် ဖဆပလ ကနေ အာဏာလက်လွတ်ရတဲ့အဖွဲ့ပေါ့။ အဲ့ဒါလည်း မအောင်မြင်ဖြစ်ခဲ့ရတယ်။
ဆိုတော့ အဲ့လို မအောင်မြင်ဖြစ်ခဲ့တာတွေကို ကျနော်တို့ သင်ခန်းစာတော့ ယူဖို့သင့်တယ်။ ကျနော်တို့ တွေ့မြင်ရတဲ့ အဓိက အချက်က နိုင်ငံရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ လက်မခံ ဘူးဆိုတာ သိရတယ်။

နောက်တချက် အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့အခါ တော်တော်လေး ပြဿနာတက်တယ်။ ကျနော်တို့ နယ်မြေထဲမှာ ကျနော်တို့ လက်ခံတဲ့ လူတွေနဲ့ အုပ်ချုပ်ရေးပြဿနာ တက်ခဲ့တယ်။ ဆိုတော့ အဲဒါတွေက တော်လှန်ရေးမှာ လုံးဝကိုအနှောက်အယှက်ဖြစ်သွားခဲ့တဲ့ အချက်အလက်တွေဖြစ်ခဲ့တာကို တွေ့ရတယ်။

ဒုတိယအခါ ၁၉၈၈ ဖြစ်လာကြတဲ့အခါတော့လည်း မြို့ထဲမှာ သတ်တာဖြတ်တာတို့ ဖြစ်လာ တဲ့အခါ ကျနော်တို့ဆီကို အများကြီးထွက်ပြေးလာတယ်။ ကျနော်တို့ကလည်း ရှိတဲ့ဟာလေးနဲ့ ရင်မှီမတည် ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးကို တစ်တိုင်းပြည်လုံးလုပ်ဆောင်မယ်လို့ လုပ်ဆောင် လာတဲ့ အခါမှာ ကျနော်တို့ မြင်ရတာတော့ ဘာလဲဆိုတော့ အထူးသဖြင့် နိုင်ငံရေးပါတီနဲ့ ပတ်သက် ပြီးတော့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လိမ်လည် လှည့်ဖြားမှုကို ကျနောတို့မခံနိုင်ဘူး၊ အဲဒါက အထူးသဖြင့် ၁၉၉၀ မှာဖြစ်ပေါ် လာတယ်၊ အဲ့တုန်းကလည်း ရွေးကောက်ပွဲဆိုတော့ သဲသဲလှုပ်ဖြစ်တယ်။

အဲဒါကြောင့်လည်း ကျနော်တို့ရဲ့ တော်လှန်ရေး ဟန့်တားသွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ သွားမဲ့လိုင်းကနေပြီးတော့ နိုင်ငံရေးပါတီကြီးက ပါသွားတဲ့အခါမှာ ကျနော်တို့သွားမဲ့ တော်လှန်ရေးဘက်ကို အခိုက်အတန့် အားဖြင့် ရပ်တန့်သွားတယ်လို့ပြောလို့ရတယ်။

ဒါလဲစစ်အာဏာရှင် အဆက်ဆက် လိမ်လည်လှည့်ဖြားမှုပါပဲ။ ရွေးကောက်ပွဲကနေရလာတဲ့ ရလဒ်ကိုလည်း လက်မခံဘူး။

ဆိုတော့ အခု ၂၀၂၁ မှာဖြစ်လာတဲ့ အခါတော့ အဲ့သလို ပုံဏ္ဍာန်တွေ အတွေ့အကြုံတွေ အများကြီးရှိထားတဲ့ အခါကျတော့ ကျနော်တို့အများကြီး သင်ခန်းစာယူဖို့တော့လိုမယ်။ အခု စစ်ကောင်စီ မှာလည်း သူ့ရဲ့ထွက်ပေါက် အဖြစ် နောက်ဆုံး အတု အယောင် ရွေးကောက်ပွဲကို မရမကသူ လုပ်တော့မယ်ဆိုတာ မြင်နေရတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာတွေ့မြင်ရတဲ့ ပြည်သူတစ်ရပ်လုံး ပါဝင်လာတဲ့ ဒီတော်လှန်ရေးကြီးကတော့။

အရင်တုန်းက ကျနော်တို့ မြင်သာကတော့ ဒီလိမ်လည် လှည့်ဖြားမှု ကိုတော့ လုံးဝခံတော့မှာ မဟုတ် ဘူးလို့ ယုံကြည်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့မှာ ပါဝင်လာ တော်လှန်ရေး အနေအထား ဟာ ကျနော်တို့တိုင်းပြည်မှာ ရှိတဲ့ ဘယ်လူမျိုးမဆို ပါဝင်လာ ကြတယ်။

ဦးဆောင်မှုပိုင်းမှာ အားနည်းချက် တွေရှိနေတယ်ဆိုပေမဲ့ လူမျိုးတိုင်း လူမျိုးတိုင်း ကိုကြည့် လိုက်တဲ့ အခါမှာ မပါဝင်တဲ့ လူမျိုးဆိုတာ မရှိတော့ဘူး။ တနည်းမဟုတ် တနည်းနဲ့ ဒီတော်လှန်ရေးထဲမှာ ပါဝင် နေတယ်။

အဲ့ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာ ကတော့ လိမ်လည် လှည့်ဖြားမှုကိုတော့ လုံးဝ အဖြစ်ခံတော့မှာ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတာကို ကျနော်တို့ ဆက်လုပ် သွားမယ်။ ကျနော်တို့ ပြောနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ အခွင့်အရေးတွေဆိုတာ ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲ နည်းနာတွေက နေတာ ရရှိမယ်ဆိုတာ လူထု တစ်ရပ် လုံးလည်းမြင်လာတယ်။

၄။ တော်လှန်ရေးမှာ အမျိုးသမီး ဦးဆောင်နိုင်မှုက ဘယ်လောက်အထိ ရှိနေပြီလဲ။ နိုင်ငံရေး၊ စစ်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါပါသလဲ။

– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)

နိုင်ငံတစ်နိုင်ငံမှာ အများဆုံးလူဦးရေက အမျိုးသမီးတွေဖြစ်တယ်။ နောက်တခု အမျိုးသမီးတွေရဲ့ အချို့ စွမ်းဆောင်ရည်ကိစ္စတွေက သူတို့ကို လစ်လျူရှုခံရတာကို အားကောင်းယူပြီး အလုပ်လုပ်နိုင်တဲ့ အခြေအနေရှိ တယ်။ သို့သော်လည်း တော်လှန်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အမျိုးသမီး တွေရဲ့ ပါဝင်မှုဟာ နောက်တန်းပိုကျတယ်။

ဒါကလည်း နှစ်ပိုင်းရှိတယ်။ နိုင်ငံရေး ကတော့ နှလုံးရည်တိုက်ပွဲဖြစ်တယ်။ နှလုံးရည်တိုက်ပွဲ ကိစ္စမျိုး မှာလည်း အမျိုးသမီးတွေကို နောက်မှာထားတယ်။ လက်နက်ကိုင်တော်လှန်ရေးက ကာယရော ဉာဏ ရော နှစ်မျိုးလုံးတိုက်ရတဲ့ အခြေအနေမျိုးမှာလည်း အမျိုးသမီးတွေကတော့ နောက်တန်းမှာ ရှိ နေတုန်းပဲလို့ ကျမ အဲလိုပဲမြင်တယ်၊ အဲ့လိုပဲ နားလည်တယ်။

သို့သော်လည်းပဲ အခုအဖွဲ့အစည်းတွေ တော်တော်များများ NGO အဖွဲ့မှာပဲဖြစ်ဖြစ်၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီတွေမှာပဲဖြစ်ဖြစ် နားလည်ပြီး တော့မှ လက်ခံလာတာက ဘာလဲဆိုတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးတယ်ဆိုတာကို နားလည်လာတယ်။

အတတ်နိုင်ဆုံးလည်း အမျိုးသမီး တွေပါဝင်မှု လမ်းဖွင့်လာတာ ကိုတွေ့ရတယ်။ လမ်းဖွင့်လာတယ်လို့ ဆိုသော်လည်းပဲ လမ်းမှန်ထဲတော့ မရောက်သေးဘူး။

ဆိုတော့ အခု လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲမှာဆိုလို့ရှိရင် အမျိုးသမီးလူငယ်တွေအများကြီး တက်တက် ကြွကြွပါဝင် လာတာရှိတယ်။ ယခင်တိုက်ပွဲတွေမှာ အမျိုးသားတွေများတယ်။ ထောက်ပို့တို့ အရံတပ်သားတွေ အဖြစ်ပိုများ တယ်။

အခုကတော့ အမျိုးသမီးတွေကိုယ်တိုင် တိုက်ပွဲကို ရွပ်ရွပ်ချွံချွံ ပါဝင်လာတာကို တွေ့ရတယ်။ သူတို့က သေရဲတယ် တိုက်ရဲတယ်ဆိုတာထက် တာဝန်လည်း ခံရဲလာတယ်။ အရင်တုန်း ကတော့ အမျိုးသမီး တွေ ကိုယ်တိုင်ကလည်း ငြင်းဆိုပါတယ်။

ဒါကဘာကြောင့်လဲဆိုတော့ ကျမတို့ နိုင်ငံ တစ်ခုလုံးမှာ အမျိုးသမီးဟာ ဒုတိအဆင့်မှာပဲရှိတယ်ဆိုတဲ့ အတွေးခေါ်အယူအဆကတော့ အခုချိန်ထိတွန်းလှန်တိုက်ပွဲဝင်နေရတုန်းပဲ။ အခုကာလမှာ အမျိုးသမီး တွေရဲ့ ပါဝင်မှုက လမ်းဖွင့်ခံ ထားရတဲ့ အဆင့်ပဲရှိပါတယ်။

Related Articles

Back to top button