MNDAA က တစ်ရက်အတွင်း စစ်တပ်စခန်း၂၁ခု သိမ်းယူပြီး စစ်သုံ့ပန်း ၃၇ ဦး ဖမ်းဆီးရမိ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၀၊ ၂၀၂၃
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA)က ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်တဲ့ ၃ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၂၉ ရက်တစ်ရက်အတွင်း တပ်စခန်း၂၁ခု သိမ်းယူပြီး စစ်သုံ့ပန်း ၃၇ဦးဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
MNDAAပူးပေါင်းတပ်ဖွဲ့က ကိုးကန့်ဒေသရှိ ရန်သက်ရှမ်း(ရန်တော်စံ)တပ်စခန်းနဲ့ ရာခုတ်ကိုင် တပ် စခန်းကို သိမ်းပိုက်ကာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်များ စုစုပေါင်း (၁၇)ယောက်ကို ချေမှုန်းနိုင်ခဲ့ပြီး ၃၂ဦးကို ဖမ်းဆီးရမိကာ စစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မုံးကိုးဒေသမှာ MNDAAနဲ့ ဒေသလုံခြုံရေးအဖွဲ့တို့ပူးပေါင်းပြီး မန်းယန်၊ ကွမ်ထန်၊ ပိုက်ဖိန် ပေါက် ပေါက်တောင်ကုန်း၊ ဖောင်းဆိုင်၊ ကွမ်းလွန် စတဲ့နေရာရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်း ၁၂ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့လို သံချပ်ကာ ကားတစ်စီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် MNDAAက မိုင်းကျက်ဒေသရှိ စစ်ကောင်စီရဲ့ တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့နဲ့ ဒေသလုံခြုံရေးအဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးနဲ့ နန်ကျွမ်းဒေသရှိ “ချိန်ရှောက်လူ”ပြည်သူ့စစ်ကို စည်းရုံး နိုင်ခဲ့ကာ လူအင်အား ၃၀ကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မူပန်(သိန္နီ)စစ်တိုက်ပွဲမှာလည်း MNDAAက လားရှိုးအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ “ကွမ်ယုံယာယီ”တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း(၄)ယောက် ဖမ်းဆီးရရှိခဲ့သလို မူပန်ရဲစခန်း၊ မူပန်တံတား၊ နမ့်ဘွမ်တပ်စခန်း၊ နမ့်ဘွမ်ရဲစခန်းနဲ့ မာချီနှောစခန်းစတဲ့ စခန်း ၅ခုကို ထိုးစစ်တိုက်ခိုက်သိမ်းယူခဲ့ကာ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတစ်ရက်တာတိုက်ပွဲအတွင်း MNDAAက တပ်စခန်းပေါင်း ၂၁ခု သိမ်းယူနိုင်ခဲ့သလို အောက်တိုဘာ ၂၇ရက်ကနေ ၂၉ရက်နေ့အထိ ၃ရက်တာအချိန်ကာလအတွင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က စစ်ကောင်စီ ရဲ့ တပ်စခန်း ၆၇ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၈ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ မြန်မာ-တရုတ်နယ်စပ်၊ ရန်လုံကျိုင့်နယ်စပ်ဂိတ် နှင့် နယ်စပ်မှတ်တိုင် (၁၂၇)ကြားမှာ မိုင်းထောင်ထားသလို နယ်စပ်မှတ်တိုင် ၁၂၃မှ ၁၂၆ကြားမှာလည်း မိုင်းတွေပိုသိပ်သည်းလာပြှးအောက်တိုဘာ ၂၈ရက်တိုက်ပွဲမှာ ကိုးကန့်ခရိုင်၊ ယွင်ကျီရွာရှိ စစ်ကောင်စီရဲ့ ၁၂၈ဗျူဟာကုန်းက ဒု-ဗျူဟာမှူးဟာ မိုင်းဟွာချင်းရာခုတ်နေရာမှာ ဗုံးပေါက်ကွဲမှု ကြောင့်သေဆုံးခဲ့ တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုရက်ပိုင်းတိုက်ပွဲတွေမှာ AAမှ တပ်ရင်း(၃၃) (၁၁၃)တို့အပါအဝင် တပ်ရင်း(၁၀)ရင်းခန့်က MNDAA တပ်ဖွဲ့နဲ့ပူးပေါင်းပြီး စစ်ဆင်ရေးအတူတကွ လက်တွဲဆောင်ရွက်ခဲ့သလို ညီနောင် တအာင်း တပ်တော် အဖွဲ့အစည်းကလည်း ပြည်ထောင်စုလမ်းမတလျှောက်မှာ ပူးတွဲ စစ်ဆင်ရေးကို လုပ်ဆောင်နေကြ တယ်လို့ MNDAA က ထုတ်ပြန်အသိပေးထားပါတယ်။
ဓါတ်ပုံ – The KoKang