မြို့လူထုလက်မခံလို့ မနှစ်က ဖျက်သိမ်းခဲ့ရတဲ့ ကလောတန်ဆောင်တိုင်ပွဲကို ဒီနှစ်မှာပြန်ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၉၊ ၂၀၂၃
ဒေသခံမြို့လူထုလက်မခံလို့ မနှစ်က ဖျက်သိမ်းခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့က ကလောတန်ဆောင်တိုင်ကို ဒီနှစ်ပြန်ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
စစ်ကောင်စီက ကလောတန်ဆောင်တိုင်ပွဲခေါ် မီးလျှော်တိုင်ပွဲကို လာမယ့်တန်ဆောင်မုန်းလပြည့်နေ့ကနေ လပြည့်ကျော် ၅ရက်နေ့အထိ ၆ရက်ကြာကျင်းပပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ကလောတန်ဆောင်တိုင်ပွဲလုပ်ဖို့က သေချာသလောက်ဖြစ်သွားပြီ။ အစည်းအဝေးနှစ်ခေါက်ခေါ်ပြီး ပွဲမဖြစ်ဖြစ်အောင်လုပ်ဖို့ ဖိအားပေးထားတာ။ မီးလျှော်တိုင် ပြိုင်ပွဲ အပြင် အလှဓာတ်ပုံပြိုင်ပွဲတွေလည်း ပါမယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ခရီးသွားလုပ်ငန်းရှင်တွေကလည်း ခရီးစဉ်တွေဆွဲပြီး ဟိုတယ်ဘိုကင်တွေ ချိတ်နေ ကြတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း အဲဒီတန်ဆောင်တိုင်ပွဲကို ကျင်းပဖို့ စစ်ကောင်စီက စီစဉ်ခဲ့ပေမယ့် ဒေသခံလူထုက ပါဝင်ဖို့ကို ငြင်းဆန်ခဲ့ကြတဲ့အတွက် တန်ဆောင်တိုင်ပွဲ ကျင်းပ ရေး ကော်မတီ အစည်းအဝေးက ပွဲလုံး၀ မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကလော တန်ဆောင်တိုင်ပွဲဟာ မီးရှော်တိုင် အလှပြိုင်ပွဲကြောင့် စည်ကား ကျော်ကြားခဲ့တာဖြစ်ပြီး ကိုဗစ်ကာလမှ အပ နှစ်ပေါင်းများစွာ မပျက်မကွက် ကျင်းပလာတာ ဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အခုနှစ်မှသာ ပထမဆုံးပြန်လည်ကျင်းပမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ရှမ်းတောင်တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ဘာသာရေးအယောင်ပြပွဲ တွေမှာ မပါဝင်ခြင်းဖြင့် စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဓါတ်ပုံ – CJ (ပုံဟောင်း)