ဆောင်းပါးအတွေးအမြင်

EAO လော ERO လော၊ အသုံးအနှုန်း၏ အတိမ်အနက်

EAO လော ERO လော၊ အသုံးအနှုန်း၏ အတိမ်အနက်

ဆလိုင်း ကျဲအိုဘိခ်ထောင်း

နွေဉီးတော်လှန်းရေးနှင့်အတူ EROs ဆိုသည့် အသုံးအနှုန်း တစ်ကြော့ပြန်ခေတ်စားလာသည်။ ထို့ကြောင့် တစ်ချို့ က EAO လော ERO လော၊ မည်သည်က ပိုပြီးသင့်တော်သနည်းဟု ဇဝီဇဝါဖြစ်ကြသည်။ ထို့ကြောင့် နောက်ခံနှင့် မိမိအမြင်ကို အနည်းငယ် မျှဝေလိုပါသည်။  

ERO အသုံးအနှုန်း၏ လားရာ

အမှန်က ERO သည် FDC ခေါ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ Ethnic Resistance Organizations ဟုဖော်ပြပြီး NUG က ဆက်လက်သုံးနှုန်းသည့် နောက်ပိုင်းမှာမှ အများက သိရှိကြခြင်းဖြစ်သော်လည်း တိုင်းရင်းသားအဖွဲ့အစည်းများကမူ အရင်ကတည်းက သုံးနှုန်းခဲ့ပြီးသားဖြစ်ပါသည်။ သာဓကအားဖြင့် ၂၀၁၃ခုနှစ်မှာ KIO ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများညီလာခံ (Laiza Summit)က သဘောတူညီချက် ၁၁ ချက် ထုတ်ပြန်ခဲ့ရာမှာ “Ethnic Resistance Organizations” ဟု သုံးနှုန်းခဲ့ပါသည်။

ထို့ပြင် NCA မူကြမ်းညှိနှိုင်းတုန်းက NCCT ခေါ် တိုင်းရင်းသားအစုအဖွဲ့ဘက်က “တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ’ဟု သုံးနှုန်းရန် အဆိုပြုခဲ့သော်လည်း စစ်တပ်(တပ်မတော်)ဘက်က ‘တော်လှန်ရေး’ ဆိုသည့်ဝေါဟာရကို လက်မခံသည့်အတွက် ဖြုတ်ထားခဲ့ခြင်းဖြစ်ပါသည်။

ERO ၏အရှည်ကောက်သည် Ethnic Resistance Organization (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း) ဟုဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ‘R’ ကို Resistance ဟု သုံနှုန်းကြပြီး FDC ချာတာမှာလည်း ထိုသို့ သုံးနှုန်းပါသည်။ သို့သော် နောက်ပိုင်းတွင် NUG အစိုးရ ထုတ်ပြန်ချက် တစ်ချို့မှာ R ကို Revolution ဟု သုံးနှုန်းလာသည်ကိုလည်း တွေ့ရသည်။

ERO ထက် EAO က ပို၍ခြုံငုံမှုရှိ

စာရေးသူအနေဖြင့် ERO အစား EAO ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (Ethnic Armed Organization) ဟု ရိုးရှင်းစွာ သုံးနှုန်းခြင်းကို သဘောကျပါသည်။ အကြောင်းမှာ ‘တော်လှန်ရေး(ERO)’ ဟု ဆိုသည့်ဝေါဟာရတွင် အကန့်အသတ်တစ်ချို့ရှိသောကြောင့်ဖြစ်သည်။

(က) တိုင်းရင်းသားများ လက်နက်ကိုင်စွဲမှုသည် တော်လှန်သည့်အဆင့်ထက် ပိုမိုကျယ်ပြန့်ပါသည်။ သို့ဆိုလျှင် တိုင်းရင်းသားများလက်နက်ကိုင်တာ တော်လှန်ရေး လုပ်ဖို့မဟုတ်ဘူးလားဟု ထောက်ပြလိုသူများလည်း ရှိနိင်ပါသည်။ ဟုတ်ပါသည်။ သို့သော် တိုင်းရင်းသား ခပ်များများ လက်နက်ကိုင်ပြီး အင်အားတည်ဆောက်ခြင်း သည် အာဏာရှင်စနစ်ကို တော်လှန်ရုံသက်သက်မဟုတ်တော့ချေ။ အဘက်ဘက်မှ ချွတ်ခြုံကျနေသော မိမိတိုင်းရင်းသားလူမျိုးတည်ဆောက်ရေး(Nation-Building)အပိုင်းများလည်း ပါဝင်လာပါသည်။

တော်လှန်ရင်း တည်ဆောက်ခြင်းမျိုး။ ထို့ပြင် တော်လှန်ရေးအလွန် တည်ဆောက်ရေးအထိ လည်း ပါဝင်သည်။ တစ်နည်းအားဖြင့် တော်လှန်ရေးပြီးတာနှင့် ချက်ချင်း သေနတ်ချပြီး အဖွဲ့ကို ဖြတ်သိမ်းဖို့မဟုတ်ပေ။ ထို့ကြောင့် DDR အစား SSR ကို လိုလားကြသည်။ ဉပမာအားဖြင့် အမေရိကန်နိုင်ငံ ပြည်နယ်များ၏ State Guard Forces များကဲ့သို့ SSR ပြုလုပ်သည့် နည်းလမ်းကိုလည်း စိတ်ကူးကြသူများရှိပါသည်။

အလားတူ ‘ဝ’ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)သည် တော်လှန်ရေးလုပ်ဆောင်သည် ဆိုသည်ထက် ကိုယ့်အမျိုးသားတည်ဆောက်ရေးကို လုပ် ဆောင်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာစစ်တပ် (သို့မဟုတ်) အစိုးရကို တော်လှန်ပုန်ကန်ခြင်း မရှိခဲ့ပါ။ ၎င်းအစား ပူးပေါင်းဆောင်ရွက်မှုအပိုင်းကိုပင် တစ်ခါတစ်လေ မှာ လုပ်ဆောင်သည်သည်။ ရက္ခိုင့်တပ်တော်(Arakan Army) လည်း UWSA လမ်းစဉ်ကို အားကျပြီး ကြိုးစားလုပ်ဆောင်နေသည်။

EAO ဆိုသည့် အသုံးအနှုန်းသည် လက်နက်ကိုင်(armed) ဆိုသည့် စကားလုံးဖြစ်သည့်အတွက် အားလုံးအတွက် ခြုံငုံမှုရှိသည်။ အချိန်အခါနှင့် နေရာအပေါ်မူတည်ပြီး ‘ကျန်တော်တို့က တော်လှန်ရေးတိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်တယ်’ စသည်ဖြင့် ပြောဆိုရေးသားခြင်းသည် အမှားမရှိပေ။ သို့သော် အဖွဲ့ ၂၀ ဝန်းကျင်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းလားလုံးကို ERO ဟု ခြုံငုံပြီး ခေါ်ဆိုရန် အကန့်အသတ်ရှိပါသည်။

(ခ) အမည်နာမနှင့် အသုံးအနှုန်းများ ခဏခဏ ပြောင်းလဲခြင်းသည် အဖွဲ့အစည်း၏ နိုင်ငံရေးရပ်တည်ချက် မခိုင်မာမှုနှင့် မတည်ငြိမ်မှုကို ပြသရာရောက်ပါသည်။ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများ၏ အားနည်းချက် တစ်ခုသည် အလုပ်ရုံဆွေးနွေးပွဲသို့မဟုတ် ညီလာခံ(Summit)တစ်ကြိမ် ကျင်းပတိုင်းမှာ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်များ အမြဲလိုလို ပြောင်းလဲတတ်သည်။ သာဓကအားဖြင့် တိုင်းရင်းသားများက ပါလီမန်စနစ်ကိုအစဉ်တစိုက် ကိုင်စွဲခဲ့ကြရာမှ ပညာရှင် အကြံပေးမှုကြောင့် EAO ၁၂ဖွဲ့က သမ္မတစနစ်ကို အလွယ်တကူ ပြောင်းလဲရွေးချယ်ခဲ့သည်။

EAO ဆိုသည့် ဝေါဟာရသည် နိုင်ငံတကာကလည်း အသိအမှတ်ပြုပြီးသား ဖြစ်ပါသည်။ အမေရိကန် NDAA (Burma Act) ဉပဒေထဲမှာလည်း EAO ဟု သုံးနှုန်းပြီး NCA လက်မှတ်ထိုးစဉ်က နိုင်ငံတကာ အသိသက်သေများကလည်း EAO ဟု အသိအမှတ်ပြုကြပြီဖြစ်သည်။

စကားချက်

တစ်ချို့က EAO ဆိုလျှင် တော်လှန်ရေးမလုပ်သည့် နယ်ခြားစောင့်တပ်(BGF)တို့နှင့် ပြည်သူ့စစ်(Militia)တို့နှင့် ရောနှောသလိုဖြစ်သည်ဟု ထောက်ပြကြသည်။ ယင်း သည် စိုးရိမ်မှုသက်သက်ဖြစ်သည်။ NCA ဖြစ်စဉ်တစ်လျှောက်နှင့် လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုအပြင် နိုင်ငံတကာကပါ EAO ဘယ်နှဖွဲ့ ရှိပြီး ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် ကြေးစားတပ်တို့ ဘယ်သူတွေဖြစ်သည်ကို ခွဲခွဲခြားခြား မြင်တတ်ပြီးသားဖြစ်ပါသည်။ ERO ဟု သုံးနှုန်းမှ ခွဲခြားနိုင်သည် မဟုတ်ပါ။

ERO ဟု သုံးနှုန်းမှ လက်ရှိ EAO များအကြား အုပ်စုခွဲခြားမှုနှင့် ရန်တိုက်ပေးမှုပြင်ဖြစ်သွားနိုင်သည်။ အချို့က ERO ကို လက်ရှိနွေဉိးတော်လှန်ရေးမှာပါဝင်သည့် K3C (၄)ဖွဲ့ကိုသာ သတ်မှတ်ခြင်းမျိုး၊ စစ်ကောင်စီကို တိုက်မှ တော်လှန်ရေးအဖွဲ့ဟု ခေါ်ရမည်ဟု ယူဆခြင်းမျိုး အဓိပ္ပယ်ကောက်ယူမှုမလွဲဖို့လည်း သတိချက်ရမည်။

ခြုံပြောရလျှင် စစ်အာဏာရှင်စနစ် တော်လှန်ရေးသည် တိုင်းရင်းသားပြည်သူများအတွက် အရေးကြီးဆုံး ဖြစ်ပါသည်။ ယင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ အဓိက တာဝန်လည်းဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်များသည်၏ အလုပ်သည် ထိုအချက်တစ်ခုတည်း မဟုတ်ပေ။ တော်လှန်ရင်း ကိုယ့် အမျိုးသားကို တည်ဆောက်ကြသည်။ မတော်လှန်တော့ဘဲ တည်ဆောက်သည့် အဖွဲ့များလည်း ရှိသည်။ ထို့ပြင် တောင်လှန်ရေးအလွန် တည်ဆောက်ရေးအတွက် ဆက်လက် တည်ရှိရမည်လည်း ဖြစ်သည်။

ထို့ကြောင့် ၎င်းအဖွဲ့အစည်းကို တော်လှန်ရေး(R) ဆိုသည့် စကားလုံးတစ်ခုတည်းဖြင့် ဘောင်ခပ်လို့မရတော့ပေ။

  • ဆလိုင်း ကျဲအိုဘိခ်ထောင်း

Related Articles

Back to top button