ဆောင်းပါး

၂၀၂၂ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအလားအလာ

၂၀၂၂ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအလားအလာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဠ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးရရှိဖို့ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဇန်နဝါရီလဆန်းမှာပဲ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနနဲ့ မေးမြန်းစဉ်မှာ သူတို့အနေနဲ့ စစ်အာ ဏာသိမ်းမှုကြောင့် အခက်အခဲတွေရှိမှာကို ကြိုသိထားပေမယ့် ဆန္ဒပြမှုတွေသာရှိမယ်ထင်ပြီး ယခုလို PDF တွေကခုခံတိုက်ခိုက်မှာ ကို မျှော်လင့်မထားခဲ့ကြောင်း ပြောကြားခဲ့ပြန်ပါတယ်။

အာဆီယံနဲ့နိုင်ငံတကာအဖွဲ့အစည်းများအပြင် မြန်မာပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်တဲ့ကြားက အာဆီယံအလှည့်ကျဥက္ကဠဖြစ်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ ပါတယ်။ သူဟာအာဆီယံဥက္ကဌမဖြစ်ခင် ဒီဇင်ဘာလလောက်ကတည်းက မြန်မာ့အရေးကို ဖြေရှင်းပေးမယ်လို့ ကြိုတင်လေသံပစ် ထားသူပါ။ မြန်မာစစ်အစိုးရကိုအသိအမှတ်မပြုဖို့ ဟန့်တားကြပေမယ့် သူဟာမြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံကိုမသွားရောက်မီ အင်ဒိုနီးရှားနိုင်ငံသမ္မတနဲ့တယ်လီဖုန်းဆက်သွယ်စကားပြောစဉ်မှာ အင်ဒိုနီးရှားသမ္မတက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးတစ်စုံတစ်ရာတိုးတက်မှု မရှိခဲ့ရင် မြန်မာနိုင်ငံကို မသွားရောက်သင့်ကြောင်း သတိပေးခဲ့ပါတယ်။ မြန်မာပြည်သူတွေနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့တာကိုလည်း ဟွန်ဆန်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ဖို့ အချက်အလက်တွေပြည့်စုံနေပြီဖြစ်ကြောင်း ပြည်တွင်းစစ်မဖြစ်အောင် ဟန့်တားဖို့မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။

တကယ်တမ်း ကမ္ဘောဒီးယားဝန်ကြီးချုပ် နေပြည်တော်လေဆိပ်ကို ရောက်ရှိလာချိန်မှာတော့ မြန်မာနိုင်ငံကယားပြည်နယ် ရဲ့မြို့တော်လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်တွေက အလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ်နေတာကြောင့် အရပ်သားတွေသေကြေဒဏ် ရာရခဲ့ပြီး စစ်ရှောင်ထွက်ပြေးနေကြရပါတယ်။ ဟွန်ဆန်ရောက်ရှိတဲ့နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့မြို့အချို့မှာ ပေါက်ကွဲပစ်ခတ်မှုတွေရှိ ခဲ့ပါတယ်။ ဟွန်ဆန်ကိုကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း မြို့နယ်အချို့မှာဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော်ကိုရောက်ရှိတဲ့နေ့မှာပဲ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံလက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သတင်းများအား ထုတ်ပြန်ကြေညာပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၂ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲထားမှာဖြစ်ပြီး နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေး သွားမယ်လို့ ထုတ်ဖော် ပြောကြားသွားပါတယ်။ နိုင်ငံရေးအကဲခတ်သုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲထားပြီး ၂၀၂၃ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲ အတွက်ကြိုတင် ပြင်ဆင်ဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။

အာဆီယံဟာ ၁၀ နိုင်ငံရှိပြီး ၉ နိုင်ငံတည်းနဲ့အစည်းအဝေးတွေကျင်းပနေရတာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဘာတွေအကျိုးအမြတ်တွေရရှိခဲ့သလဲဆိုတာကတော့ ဟွန်ဆန်ကိုယ်တိုင်အသိဆုံးဘဲ ဖြစ်ပါလိမ့်မယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ပဋိပက္ခတွေကို တာဝန်ရှိတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးရမှာဖြစ်ပြီး ဟွန်ဆန်အနေနဲ့စစ်တပ်အာဏာပိုင်တွေနဲ့သာတွေ့ဆုံဆွေးနွေး ခြင်းဟာ အကြပ်အတည်းနဲ့ ပဋိပက္ခတွေကို အဆုံးသတ်ပေးနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတကာကလည်း သုံးသတ်ကြပါတယ်။

မြန်မာနိုင်ငံဟာလွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်ကို နှစ်ပေါင်း ၇၀ ကျော်ခံစားခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ ပြည်နယ်အသီးသီးမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိကြပြီး ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေက အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတွေလုပ်ကြပေမယ့် ငြိမ်းချမ်းရေးရဲ့ အန္တိမပန်းတိုင်ကို မရောက်ရှိခဲ့ပါဘူး။ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကိုရေးဆွဲခဲ့ပြီး စစ်တပ်နဲ့နိုင်ငံရေးသမားများတိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ခွဲဝေရယူခဲ့ကြသော်လည်း ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်အရေးကိစ္စ တွေဟာ ဆွေးနွေးပွဲတွေ၊ စာရွက်စာတမ်းတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဖို့တောင် မရောက်ရှိခဲ့ပါဘူး။

သမိုင်းကအနာကိုဆွဲမလှန်ဘဲရှေ့ဆက်သွားကြရအောင်ဆိုပေမယ့် ၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အနာသစ်တစ်ခု ထပ်ဖြစ်တဲ့အတွက် မကျက်သေးတဲ့အနာဟောင်းတွေပါ အနာသစ်ဖြစ်ခဲ့ရပါတယ်။ နိုင်ငံအနှံ့အပြားမှာ စစ်တပ်ကိုဆန့်ကျင်တဲ့ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့တွေပေါ်ပေါက်လာပြီး တော်လှန်ရေးစစ်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့နဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူသန်းနဲ့ချီရှိလာပြီဖြစ်ပါတယ်။

မြို့နဲ့ရွာတွေမှာ အကြမ်းဖက်ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်သွားသူအများစုဟာ စစ်တပ်ကိုဆန့်ကျင်နေကြသလို မြို့ပေါ်မှာလက်ရှိနေထိုင် အသက်မွေးဝမ်းကြောင်းပြုနေကြသူများဟာလည်း စစ်တပ်ကိုထောက်ခံဖို့ စိတ်ဝင်စားမှုမရှိပါဘူး။ ဒီလို ပဋိပက္ခနဲ့နိုင်ငံရေးအကြပ်အတည်းကြီးမားနေချိန်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ရွှေပြည်အေးတရားဟောသလိုမျိုး သာ ဖြစ်နေပါလိမ့်မယ်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်ရန် မျက်ခြေမပျက်ဘဲ စည်းလုံးညီညွတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၁၊ ၂၀၂၂

Related Articles

Back to top button