ခလယ်တံခွန်တိုင်ကျေးရွာအနီးတိုက်ပွဲများကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၆ ၊ ၂၀၂၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေပြင် သတင်းများမှ သိရပါတယ်။
KNU တပ်မဟာ(၆) အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး ၁၅ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
” တိုက်ပွဲအခြေအနေကတော့ ခုဏက အထိ လက်နက်ကြီးသံတွေကြားနေရတုန်းပါပဲ။ အခု မိုးနည်း နည်းတိတ်သွားမှ အသံလည်း နည်းနည်းငြိမ်သွားတယ်။ မဖြစ်ခင်ကတည်းက လမ်းတွေ ပိတ်ထားတယ် ဖြစ်တော့မယ်ဆိုတာလည်း ကြိုသိပါတယ်။ ဟိုဘက်မှာ စစ်ကြောင်း တက်လာတယ်ဆိုတော့။ ၁၄ ရက် နေ့ နဲ့ ၁၅ရက်နေ့မှာ ပိုကြမ်းကြတယ်။ ” လို့ ဒေသခံတစ်ဦးမှ FJMM ကို ပြောပါတယ်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်မှုကြောင့် ခလယ်၊ မြို့ဟောင်းနဲ့ ခလယ်ရွာလေးကျေးရွာတွေက ဒေသခံပြည်သူတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း ရှောင်နေရသလို ဘုရားငါးဆူ၊ တံခွန်တိုင်၊ နောင်ဒေးနဲ့ ပုလိန်ကျေးရွာက ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိတယ်လို့ သိရပါတယ်။
” အခု ကျနော်တို့ သိရသလောက်တော့ အရပ်သား ထိခိုက်မှုမရှိဘူး။အိမ်တွေ ဘာတွေပဲ ထိတယ်။ ပြေးတဲ့ ရွာက ၇ ရွာလောက်ရှိတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုပြေးထားကြတော့ အရပ်သား ထိခိုက်မှုမရှိဘူးလို့တော့ ထင်တယ်။ ဒါပင်မဲ့ အခုမိုးရွာတာနဲ့ တောင်ကျရေရယ် ပင်လယ်ရေ တက် လာတာကြောင့် အခက်အခဲတော့ ရှိတယ်။ ” စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းမှ ပြောပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ်ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာကနေတစ်ဆင့် တောင်က လေး-ခလယ်တံခွန်တိုင် ကားလမ်းမအတိုင်း စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေ တပ်အင်အားအ များအပြားနဲ့ ထပ်မံလာရောက်ဖြည့်ဆည်းနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန် လာနိုင်တယ်လို့ လည်း သုံးသပ်မှုတွေ ရှိပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄ ဦး ထက်မနည်း ထိခိုက်မှုတွေရှိခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ ဘက်ကလည်း ထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။
ဓာတ်ပုံ – CJ