သတင်း

စစ်တွေအကျဉ်းထောင်အတွင်း ထောင်ဝင်စာပေးတာကို ကန့်သတ်တားဆီးမှုများရှိနေ

စစ်တွေအကျဉ်းထောင်အတွင်း ထောင်ဝင်စာပေးတာကို ကန့်သတ်တားဆီးမှုများရှိနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၃။

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်အတွင်း ‌ထောင်ဝင်စာပို့တာတွေကို စက်တင်ဘာလဆန်းပိုင်းက စတင်ကာ စစ်ကောင်စီမှ ကန့်သတ်လိုက်တယ်လို့ အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

” ကျမက အသီးအနှံတွေ ပို့တဲ့အချိန်မှာ ကျမမိသားစုအပြင် တစ်ခန်းတဲ့နေကြတဲ့ သူတွေပါ စားသုံးလို့ရအောင်ဆိုပြီးတော့ ပို့တယ်။ ဒါပေမဲ့ ပိုလို့မရဘူး။ သူတို့က ဒီလောက်ထိ ပို့လို့မရဘူးဆိုပြီးတော့ အဲလိုမျိုး ကန့်သတ်တာတွေရှိတယ်။ အချိုရည်ဆိုရင်လည်း အများကြီးပို့လို့မရဘူး။ အရင်ဆိုရင် လက်ဖက်ရည်ပေါင်ထုပ်တွေ သွင်းလို့ရတယ်။ အခုက အဲလို့ မသွင်းရတော့ဘူး။ သူတို့ ကန့်သတ်လိုက်တယ်” လို့ နိုင်ငံရေးပုဒ်မနဲ့ စစ်တွေအကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရသူရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မိသားစုဝင်များ ပို့ခဲ့တဲ့ထောင်ဝင်စာဟာ ကာယကံရှင်ဆီသို့ မရောက်မီ ထောင်ဝန်ထမ်းတွေက ဖြတ်တောက်ထားတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး ထောင်ဝင်စာပို့တာကို စစ်ကောင်စီက ကန့်သတ်လိုက်တာဟာ နယ်ကနေတဆင့် လာရောက်ကြသူတွေအတွက် အခက်အခဲတွေ အများကြီးရှိတယ်လို့ သူကဆက်ပြောပါတယ်။

အကျဉ်းသားတွေအတွက် ထောင်ဝင်စာပို့ခွင့်ကို ကန့်သတ်လိုက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့ ရခိုင်ပြည်က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က ဆိုပါတယ်။

” အပြင်ကပို့တာတွေကို မစားရဘူးဆိုရင် အကျဉ်းသားတွေဟာ အဟာရ ချို့တဲ့မှုတွေဖြစ်ရတယ်။ ဒီလိုမျိုး ကန့်သတ်လိုက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်တယ်။ တံတိုင်းလေးဘက်ကြားမှာ ပိတ်လောင်ခံထားရတဲ့ သူတွေကို ဒီလိုမျိုးကန့်သတ်လိုက်တာ‌လောက် ဆိုးဝါးတာမရှိဘူး” လို့ ဆိုပါတယ်။

အရင်က ထောင်ဝင်စာကို လူချင်းတွေ့ပြီး ပေးခွင့်ရှိခဲ့ပေမယ့် ကိုဗစ်ကာလမှ စတင်ကာ လူချင်းတွေ့ပြီး ထောင်ဝင်စာပို့ခွင့်ကို ကန့်သတ်ခံလိုက်ရပါတာဖြစ်ပြီး အခု စက်တင်ဘာလတွင် စစ်ကောင်စီက မြန်မာနိုင်ငံရှိ ထောင်အသီးသီးတွင် ထောင်ဝင်စာပို့ခွင့်ကို အရေအတွက်ဖြင့်သာ ထပ်မံကန့်သတ်လိုက်တာဖြစ်တယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button