သတင်း

ဓနု PDFကို NUGရဲ့ ၁၀၀၃တပ်ရင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းထား၊ စစ်ရေးလှုပ်ရှားခဲ့မှု အခြေအနေတွေကို ပြည်သူထံ အသိပေး

ဓနု PDFကို NUGရဲ့ ၁၀၀၃တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းထား၊ စစ်ရေးလှုပ်ရှားခဲ့မှုအခြေအနေတွေကို ပြည်သူထံ အသိပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၃။

ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဓနုPDF)ကို NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ၁၀၀၃တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့မှုအခြေအနေတွေကို ဓနုPDFမှ စက်တင်ဘာလ ၅ရက်က ပြည်သူထံ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ လူငယ်တွေအနေနဲ့ ၂၀၂၁ခုနှစ်က ကရင်နီပြည်ကို တိတ်တဆိတ် ခရီးထွက်ကြပြီး ဒေသခံတော်လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးမှာ ပူးပေါင်းကာ တိုက်ပွဲအတွေ့အကြုံ ယူကြပြီးနောက် ဓနုဒေသကို ပြန်လာလှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ဓနုPDFအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ၁၀၀၃တပ်ရင်းအဖြစ် တရားဝင်တာဝန်ထမ်းဆောင်နေပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသလွတ်မြောက်ရေးကနေ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအထိ ဦးတည်ကာ စစ်အာဏာရှင်ကို တော်လှန်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဓနုPDFကို ဖွဲ့စည်းထားတာတော့ ကြာပါပြီ၊ အခြေအနေအရကော၊ အကြောင်းအမျိုးမျိုးကြောင့်ကော အခုမှ ထုတ်ပြန်အသိပေးတာ ဖြစ်ပါတယ်။ ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့လည်း အထူးတောင်းဆို မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော်တို့ပေစ့်လည်း ဖွင့်ထားပါတယ်၊ အဲဒီကနေ စစ်‌ရေးလှုပ်ရှားမှုတွေ ထုတ်ပြန်အသိပေးသွားမှာပါ”လို့ ၁၀၀၃တပ်ရင်း(ဓနုPDF)က FJMMကို ပြောပါတယ်။

၁၀၀၃တပ်ရင်း(ဓနုPDF)အနေနဲ့ ဓနုဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၂၂ခုနှစ်၊ မေလ ၅ရက်က စတင်ပြုလုပ်ခဲ့ပြီး ရွာငံမြို့နယ်၊ လွှစင်ကျေးရွာမှာ ပျူရှင်းလင်းရေး မစ်ရှင်တစ်ခုပြုလုပ်ကာ သာစည်နယ်စပ်ရှိ သာစည်မြို့နယ်၊ မြက်ခါးအင်းကျေးရွာကို အပြန်ဆုတ်လမ်းမှာ စကစတပ်က စစ်ကြောင်းထိုးလာကြောင်း သတင်းပေးမှုအရ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဦးသေဆုံး၊ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ်၊ ဇွန်လ ၆ရက်မှာလည်း စစ်ကောင်စီတပ်က အင်အား ၁၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ၁၀၀၃တပ်ရင်း၊ တပ်ခွဲ(၃)က ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး သာစည်မြို့နယ်နဲ့ ရွာငံမြို့နယ်ကြား၊ မြက်ခါးအင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ၁၀၀၃တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲပြီးနောက် မြက်ခါးအင်းကျေးရွာရှိ ရွာသူ၊ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာမှာ အိမ်ခြေ ၆၀ကျော်ရှိတဲ့အနက် ၁၀အိမ်ကျော်မီးရှို့ခံရကာ လက်နက်ကြီးဒဏ်ကြောင့် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် နေအိမ်အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ်၊ သြဂုတ်လ ၂၇ရက်ကလည်း ၁၀၀၃တပ်ရင်း၊ တပ်ခွဲ(၃)က မြက်ခါးကျေးရွာအနီးမှာစခန်းချထားတဲ့စခန်းကို စစ်ကောင်စီရဲ့ တပ်မ ၅၅ ၊ တပ်မ ၉၉နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်း(၃)ကြောင်းနဲ့ အလစ်အငိုက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့သလို ၁၀၀၃တပ်ရင်းက ရဲဘော် ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

Related Articles

Back to top button