သတင်း

ဒီးမောဆို၊ အနောက်ခြမ်းက ကျေးရွာနဲ့ စစ်ဘေးရှောင် စခန်းကို လေကြောင်းဗုံးကြဲလို့ အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

ဒီးမောဆို၊ အနောက်ခြမ်းက ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်းကို လေကြောင်းဗုံးကြဲလို့ အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၃၁ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဒီကနေ့ သြဂုတ်လ (၃၁)ရက်နေ့ မနက်အစောပိုင်းက လေကြောင်း ဗုံးကြဲ တိုက်ခိုက် ခဲ့လို့ အရပ်သား ၁ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်တချို့လည်း ထိခိုက် ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၄ နာရီခန့်က စတင်ပြီး အဲဒီနေရာတို့ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် (၃)ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်လေယာဉ်တို့ဟာ စစ်ရှောင်စခန်းနဲ့ ဒေသခံ အရပ်သားများ နေထိုင်တဲ့ ကျေးရွာတို့ကို ဦးတည် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ KNDF က ထုတ်ပြန် ထားပါတယ်။

ဒီးမောဆို၊ အနောက်ခြမ်းက ကျေးရွာတရွာထဲ ဗုံးကြဲတိုက်ခိုက်မှုမှာတော့ လေကြောင်းဗုံး တချို့ ကျရောက် ပေါက်ကွဲချိန် အရပ်သား ထိခိုက်မှု မရှိခဲ့ပေမယ့် အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နံနက် (၆)နာရီခွဲကျော် အချိန်ခန့်က တိုက်လေယာဥ် (၂)စီးဖြင့် စစ်ဘေးရှောင် စခန်းကို ဦး တည် တိုက်ခိုက်ခဲ့ချိန် လေကြောင်းဗုံး ကျရောက်ပေါက်ကွဲမှုမှာ​တော့ စစ်ဘေးရှောင် စာသင်ကျောင်း အနီး နေထိုင်တဲ့ အရပ်သားတစ်ဦး ထိမှန်သေဆုံးပြီး၊ (၂)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင် ကျောင်းနှင့် နေအိမ်တဲအချို့ ထိခိုက် ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းကို ဦးတည်ဗုံးကြဲ တိုက်ခိုက်မှုမှာတော့ တိုက်လေယာဥ်(၂)စီးဖြင့် ဗုံးသီး(၉)လုံးခန့် ထိ အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

လေကြောင်း ဗုံးသီးတချို့ဟာ စစ်ဘေး ရှောင်စခန်းတစ်ခုကို ထိမှန်ပေါက်ကွဲ ခဲ့သလို ဒေသခံအရပ်သား နေအိမ်တချို့ကိုလည်း ထိမှန်ခဲ့ပြီးပျက်စီးခဲ့ကာ စစ်ဘေးရှောင်များမွေးမြူထားတဲ့ တိရိစ္ဆာန် တချို့ လည်း သေဆုံးခဲ့ရပါတယ်။

အခု စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာများဟာ အရပ်သားပြည်သူများ ပုံမှန်နေထိုင် သွားလာနေကြတဲ့ နေရာဖြစ်ပြီး တိုက်ပွဲနေရာနဲ့ ဝေးကွာတာကြောင့် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကျေးရွာများက စစ်ဘေးရှောင်များ တိမ်းရှောင်နေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခြင်းလဲမရှိသလို စစ်ဘေးရှောင်များ သီးသန့် လာရောက် တိမ်းရှောင် နေထိုင်တဲ့ နေရာများကိုပါ ဦးတည်ပြီး ပစ်မှတ်ထား တိုက်ခိုက် လာ တာဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှု များကို ပေါ်ပေါ်ထင်ထင် ထပ်မံ ကျူးလွန်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး ဌာနဘက်က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – KNDF

Related Articles

Back to top button