သတင်း

NUG အစိုးရရဲ့ နိုင်ငံရေး တည်ငြိမ်မှုမရှိသောကြောင့် အိန္ဒိအစိုးရနှင့် ဆက်ဆံရေး တည်ဆောက်ရန် ခက်ခဲနေဟုဆို လေ့လာသူတွေဆို

NUG အစိုးရရဲ့ နိုင်ငံရေး တည်ငြိမ်မှုမရှိသောကြောင့် အိန္ဒိအစိုးရနှင့် ဆက်ဆံရေး တည်ဆောက်ရန် ခက်ခဲနေဟု လေ့လာသူတွေဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၃၀ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံရေးတည်ငြိမ်မှုမရှိသောကြောင့် အိန္ဒိယအစိုးရနှင့် ဆက်ဆံရေး တည်ဆောက်မှုမှာ အခက်အခဲဖြစ်နေတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) က ပြောပါတယ်။

ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) နဲ့ India For Myanmar တို့က ပူးပေါင်းပြီး ယနေ့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေခင်း မြန်မာစံတော်ချိန် (၆) နာရီမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ စစ်အာဏာသိမ်းမှု လပေါင်း (၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“NUG အစိုးရအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးကို တည်ငြိမ်အောင်မလုပ်နိုင်ဘူး၊ သူတို့လက်အောက် မြေပြင်က PDF တပ်တွေကို စုစည်းမှုမလုပ်နိုင်ဘူး၊ အိန္ဒိယနိုင်ငံက သူ့အကျိုးစီးပွားကိုပဲ ကြည့်တယ်။ သူ့အကျိုးစီးပွား ဆက်စပ်နေတဲ့ ဒေသက PDF တွေကို အိန္ဒိယအစိုးရကနေပြီး စကားပြောလာအောင် လုပ်ရပါမယ်။ အခုက ဒီအခြေအနေမှာ ရှိမနေဘူး”လို့ ဗမာ့ရေးရာ နှင့် ပဋိပက္ခလေ့လာရေးအဖွဲ့က မခရစ္စတင်းက ပြောပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာဒီမိုကရေစီအရေး ပြန်လည်ရရှိရေးထက် သူတို့ရဲ့ အကျိုးစီးပွားအတွက်ကိုတာ ပိုမိုလုပ်ဆောင် နေတယ်လို့ အစီရင်ခံစာမှာလည်း ဖော်ပြ ထားပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကုလားတန်စီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်း အပါအဝင် နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ကိုလည်း ပုံမှန်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ထို့အပြင် အိန္ဒိယနိုင်ငံက ၎င်းတို့ရဲ့ စစ်ရေးလေ့ကျင့်မှုများမှာလည်း မြန်မာစစ်တပ်ကို ပါဝင်ခွင့်ပေးနေပြီး မြန်မာစစ်တပ် အရာရှိများနဲ့လည်း မကြာခဏ လက်ခံ တွေ့ဆုံဆွေးနွေးမှုတွေ ရှိတယ်လို့ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများနဲ့ စစ်ရေးနည်းပညာထောက်ပံ့နေပေမယ့်လည်း မြန်မာ စစ်တပ်အားကိုးတဲ့ လက်နက်အဓိက အရင်း အမြစ်မှာ ရုရှား၊ တရုတ်နဲ့ စင်္ကာပူ တို့ကဖြစ်ပြီး အိန္ဒိယအနေဖြင့် ရင်းနှီး မြှုပ်နှံမှု မူဝါဒကို အကောင်ထည်ဖော်ရန်နဲ့ အသက်သွင်းရန် လူမျိုးတုံး သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများဖြင့် စွဲချက် တင်ခံထားရတဲ့ မြန်မာစစ်တပ်ကို လက်နက်များ ရောင်းချနေခြင်းမှာ ဂုဏ်သိက္ခာကျဆင်းစေရုံသာရှိပြီး ရုရှားနှင့် တရုတ် တို့လို မြန်မာစစ်တပ်နှင့် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရရှိလာမှာ မဟုတ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Related Articles

Back to top button