သတင်း

ဓနုဒေသအတွင်း ဆန်၊ စပါးဈေးကွက်ကို မလျော်ကန်တဲ့နည်းနဲ့ ဈေးနှိမ်ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ဓနုဒေသအတွင်း ဆန်၊ စပါးဈေးကွက်ကို မလျော်ကန်တဲ့နည်းနဲ့ ဈေးနှိမ်ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၂၄ ရက်၊ ၂၀၂၃။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မကြာခင် ရောက်ရှိလာတော့မယ့် တောင်သူ လယ်သမားတွေရဲ့ ဆန်စပါးထွက်ပေါ်ချိန်အတွက် ဈေးကွက်ကို မလျော်ကန်တဲ့နည်းနဲ့ ဈေးနှိမ်ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ ဒေသတွင်း တောင်သူတွေထံကနေ သိရပါတယ်။

ဓနုဒေသအတွင်း တောင်သူလယ်သမားတွေရဲ့ စပါးစတင်ထွက်ပေါ်ချိန်ဖြစ်တဲ့ စက်တင်ဘာလ နောက်ဆုံးပါတ်ကနေ စတင်ပြီး ဆန် ၂၄ ပြည် တစ်အိတ်ကို ၇၀၀၀၀ ကျပ် ဝန်းကျင်နဲ့သာ ဈေးကွက်ဖွင့် အရောင်းအဝယ်ပြုလုပ်ဖို့ ဆန်စပါးကုန်သည်တွေနဲ့ ဆန်စက်တွေကို စစ်ကောင်စီက သတ်မှတ်ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲဒီလို သတ်မှတ်လိုက်တာကြောင့် စားသုံးသူ အခြေခံပြည်သူလူထုတွေအတွက် အဆင်ပြေသလို ရှိပေမဲ့ စိုက်ပျိုးတဲ့ တောင်သူလယ်သမား တွေအတွက် အရှုံးခံ ရောင်းချရမယ့်အနေအထား ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပိုးသတ်ဆေးတွေ၊ မြေဩဇာတွေနဲ့ ထွန်စက်ငှားခတွေက ဈေးတွေအကုန်တက်ပြီးတော့ စိုက်ထား၊ ရင်းနှီးထား ရတာလေ။ အခုလို ဈေးနှိမ်ပြီးရောင်းခိုင်းတော့ ကျွန်တော်တို့ ရင်းနှီးထားသမျှ အကုန်ရှုံးတာပေါ့။ ဈေးကျစေချင်ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်တဲ့ ကုန်ဈေးနှုန်းတွေလည်း ကျဖို့လိုတယ်လေ။ ကျွန်တော်တို့ဒေသတစ်ခုပဲ ကွက်ပြီး လုပ်တာကတော့ မဖြစ်သင့်ဘူးပေါ့” လို့ ဓနုဒေသခံတောင်သူတစ်ဦးက FJMM ကို ပြောပါတယ်။

တောင်သူတွေအနေနဲ့ စက်သုံးဆီ၊ မြေဩဇာဖိုး စတဲ့ အသုံးစရိတ်တွေ အဆမတန် ဈေးကြီးပေး ရင်းနှီးစိုက်ပျိုးခဲ့ကြရ ပေမဲ့ စစ်ကောင်စီက အခုလို သတ်မှတ်လိုက်တာကြောင့် ဒုက္ခရောက်နေရတဲ့အပြင် ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ မုန်ညှင်း စတဲ့ ဒေသထွက်ကုန်တွေကလည်း ဈေးကျဆင်းနေတာကြောင့် စိုက်ပျိုးရေးကိုသာ အဓိကအားထားလုပ်ကိုင်နေရတဲ့ ဓနုဒေသအတွင်းက အခြေခံလူတန်းစားအားလုံးလိုလို အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

အရင်နှစ်တွေတုန်းက ဆန်တစ်အိတ်ရောင်းချပါက ဓါတ်မြေဩဇာ ၂ အိတ်ဖိုးလောက် ပြန်ရပေမဲ့ အခုလို စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ ဆန်ဈေးနှုန်းကြောင့် တောင်သူတွေအတွက် ဓါတ်မြေဩဇာ တစ်အိတ် ရရှိဖို့ ဆန် ၂ အိတ်လောက် ရောင်းချရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button