ကရင်ရိုးရာ ဝါခေါင်လ လက်ချည်ပွဲတော် / ချည်ဖြူဖွဲ့မင်္ဂလာ
ကရင်လူမျိုးတို့တွင် ရှေးကတည်းကလက်ဆင့်ကမ်းဆက်ခံလာသည့် ရိုးရာဓလေ့ထုံးတမ်းနှင့် ပွဲတော်များမှာ များစွာပင်ရှိပါသည်။ ရာသီအလိုက် ပွဲများ၊ နေ့ထူးနေ့မြတ်များစွာထဲကမှ ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲတော်သည် ကရင်တမျိုးသားလုံး စုပေါင်းကျင်းပလေ့ရှိကြသည့် နေ့ထူးနေ့မြတ်တခုပင် ဖြစ်သည်။
ထိုလက်ချည်ပွဲအား နှစ်စဉ် ၀ါခေါင်လဆန်း ၁ ရက်မှ ၀ါခေါင်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပါသည်။ ကရင်တို့၏ရိုးရာယုံကြည်ချက်အရ လိပ်ပြာဝိညာဉ်များသည် ကာယကံရှင်ထံ၌ကပ်မနေပဲ လွင့်ပါးသွားသည့်အခါတွင် ပြင်ပမှ မကောင်းဆိုးဝါးများ၏ ဝိညာဉ်များဝင်ရောက်ပူးကပ်ပြီး မှီခိုစားသောက် နေတက်သည်။
ထိုသို့မဖြစ်စေရန် လိပ်ပြာစုံလင်သော ဝါခေါင်လ၌ ကလေးသူငယ်၊လူငယ် လူရွယ် များ၏လိပ်ပြာဝိညာဉ်များ ပြန်လည်ပူးကပ်ရောက်ရှိစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ပေးခြင်းဖြစ်သည်။ ရိုးရာအစဉ်အလာအရ လူကြီးမှ လူငယ်သို့ ချည်ပေးလေ့ရှိသည်။
ဒဏ္ဍာရီလာသမိုင်းကြောင်း
လက်ချည်ပွဲတော်၏အစသည် ကရင်တို့၏ စတင်ပေါက်ဖွားရာ ဒဏ္ဍာရီ အဖြစ်အပျက်များတွင် တည်ရှိနေသည်။ ကရင်လူမျိုးတို့၏ဆိုရိုး စကားများတွင် ကရင်တို့သည် ထီးဆဲ့မဲ့ယွာ မှတဆင့် တနေရာမှတနေရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည့် လူမျိုးဖြစ်ပေသည်။
ထိုစဉ်က ကရင် လူမျိုးတို့၏ခေါင်းဆောင်မှာ ဖူးထော့မဲပါ ဖြစ်သည်။ ထိုခေါင်းဆောင်ကြီး၏ ဦးဆောင်မှုဖြင့် ကရင်လူမျိုးများသည် တိဗက်ကုန်းပြင်မြင့်မှ ယန်စီကျန် မြစ်အတိုင်း မြောက်မှ တောင်သို့ ရွှေ့ပြောင်းသွားလာကြရင်း ဝါခေါင်လအတွင်းတွင် မိုးများပြင်းထန်စွာ ရွာသွန်းခြင်း၊ သဲချောင်းများ ပြင်းထန်စွာ စီးဆင်းခြင်း၊ တောင်ပြိုကျခြင်း အစရှိသည့် သဘာဝ ရာသီဥတု ဘေးဒဏ်များကို ပြင်းထန်စွာ ကြုံတွေ့ ရ၍ ဖျားနာခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့ခဲ့ကြရပါသည်။ ထို့အပြင် အခြားအုပ်စုများ၏ လာရောက်တိုက်ခိုက်ခြင်းများကိုလည်း ကြုံတွေ့ခဲ့ကြရပါသည်။
ထို့ကြောင့် ဖူးထော့မဲပါသည် ၇ရက်သားသမီးများကို အကြောင်းပြု၍ (၇)ရက် (၇)နံ့ (၇)မျိုးပါသော ပစ္စည်းများဖြင့် အဓိဌာန် ပြုခဲ့လေသည်။ မိမိ၏အစုအဖွဲ့ဝင် ငယ်သားများ သဘာဝဘေးဒဏ်မှ ကင်းဝေးရန်နှင့် တဦးနှင့်တဦး လွယ်ကူစွာ မှတ်မိစေနိုင်ရန်အတွက် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့ထုံးခြင်းကို ဝါခေါင်လတွင် အစပြုခဲ့ရာမှ ဝါခေါင်လ ကရင်လက်ချည်ပွဲတော် စတင် ပေါ်ပေါက်လာခဲ့သည်ဟုအဆိုရှိပါသည်။
ကျင်းပသည့်ပုံစံ
ယနေ့ခေတ်တွင် ကရင်လူမျိုးများမှာနေရာဒေသအသီးသီးတွင် ပြန်နှံနေထိုင်လျက်ရှိရာ ဒေသတခုနှင့်တခု ကျင်းပသည့်ပုံစံများတထပ်တည်းကျလေ့မရှိချေ။ သို့သော်ထိုသို့ကျင်းပကြသည့်အခါတွင်မူ မိသားစုအလိုက်၊ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ အသင်းအဖွဲ့အလိုက် ဝါခေါင်လပြည့်နေ့တွင်သာ ပြုလုပ်ကျင်းပလေ့ ရှိကြပါသည်။
ထို့အပြင်မိသားစုအတွင်း ဖျားနာခြင်း သေဆုံးခြင်းနှင့် မင်္ဂလာ ဆောင်ခြင်းတွင်လည်း အထူးပြုလုပ်လေ့ရှိကြသည်။ အထက်တွင်ဖော်ပြသကဲ့သို့ ခေါင်းဆောင်ကြီး ဖူးထော့မဲပါသည် ကိုယ်ကာယဗလနှင့်ပြည့်စုံပြီး သတ္တိရှိခြင်း၊ သိက္ခာသမာဓိနှင့်ပြည့်စုံခြင်း၊ တည်ကြည်ဖြောင့်မတ်၍ သစ္စာရှိသောခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကာ မိမိ၏ လူမျိုး၏ လေးစားချစ်ခင်မှုကိုခံရသည့် ပုဂ္ဂိုလ် ဖြစ်ပါသည်။
ထို့ကြောင့်ယနေ့ခေတ် လက်ချည်ပွဲပြုလုပ်ရာတွင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အဖွဲ့အစည်း များမှ လေးစားရသည့် အကြီးအကဲများ သက်ကြီးရွယ်အို အဖိုးအဖွားများမှ ချည်ငင်ပေးလေ့ရှိသည်။ ပွဲကိုဦးဆောင်သူက လက်ချည်နှောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို စကောတစ်ချပ်တွင် အစီအရီထည့်ပြီး လက်ချည်ပေးသူ အဘိုး၊အဘွားများက လက်ချည်နှောင်ခံယူသူဆွေမျိုး၊ သားသမီး၊ မြေးမြစ်တို့၏ဦးခေါင်းထက်မှ ချည်ဖြူစကို တို့ထိပြီး ယောက်မဖြင့် စကောချပ်ကိုရိုက်၍ ‘မကောင်း သော လိပ်ပြာများခန္ဓာကိုယ်အတွင်း ဝေးလွင့်ပါစေ၊ ကောင်းသောလိပ်ပြာများဝင် ရောက်ပါစေ’ စသည့် ဆုတောင်းမှုကို ကရင်ဘာသာဖြင့်ရွတ်ဆိုကာ လက်ချည်ခံယူသူ၏လက်ကောက်ဝတ်တွင် ထုံးကျစ်ထားသော ချည်မျှင်ဖြူဖြင့်ရစ်ပတ်ပေးရလေ့ရှိသည်။
ပါဝင်သောအသုံးအဆောင်များ
ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် ပါဝင်သော အသုံးအဆောင်ပစ္စည်း (၇)မျိုးမှာ –
(၁) ငှက်ပျောသီး
(၂) ကောက်ညှင်းထုပ်
(၃) ထမင်းဆုပ်
(၄) နတ်ပန်းညို
(၅) ချည်ဖြူ
(၆) ရေ
(၇) ကြံပိုင်း
တို့ ဖြစ်ကြသည်။
အသုံးအဆောင်များ၏ အဓိပ္ပါယ်များ
(၁) ငှက်ပျောသီး
ငှက်ပျောသီးသည် အခိုင်လိုက် အဖီးလိုက်တွဲ၍ သီးသော အသီးဖြစ်သည်။ ငှက်ပျောသီးကို အရှေ့ပိုးကရင် ဘာသာဖြင့် “သာကွီသား”ဟုခေါ်ပြီး “သာကွီ”ဆိုသည်မှာ စိတ်ထားဖြူစင်ခြင်း၊ နှစ်နှစ်ကာကာ သံယောဇဉ်ရှိခြင်းသဘောကို ဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ ကရင်လူမျိုးများသည် စုစည်းညီညွတ်စွာ ဥမကွဲ သိုက်မပျက် နေထိုင်လေ့ရှိကြသည်ဟုပုံဖော်သည့်သဘောဖြစ်သည်။
(၂) ကောက်ညှင်းထုပ်
ကောက်ညှင်းထုပ်သည် စေးကပ်နေသည့် သဘောရှိပြီး တော်ရုံနှင့် ခွါ၍ မရပေ။ ထို့ကြောင့်ကရင်လူမျိုးများသည် အချင်းချင်း သံယောဇဉ်ရှိကြပြီး စည်းလုံးလျက်ရှိကြသည့်သဘောဖြစ်ပါသည်။
(၃) ထမင်းဆုပ်
ထမင်းဆုပ်ကို ဆုပ်ကိုင်ခြင်း၊ စုစည်းခြင်းဟု အဓိပ္ပာယ်မှတ်ယူလေ့ရှိသည်။ အချင်းချင်း သွေးစည်းညီညွတ်စွာ နေထိုင်ကြသည်ဟု အတိတ်နိမိတ် ယူခြင်းဖြစ်သည်။ လူတို့သည် အားအင်ရှိရန် ထမင်းကို နေ့စဉ် စားသုံးကြရသည်။ ထမင်းစားရမှ အားရှိပါမည်။ အားရှိမှ အလုပ်လုပ်နိုင်ပါမည်။ ခွန်အား၏အဓိပ္ပါယ် ဆုတ်ကိုင်စုစည်းခြင်း၏အဓိပ္ပါယ် ပြည့်ဝခြင်း၏ အဓိပ္ပါယ်ဆောင်ပါသည်။
(၄) နတ်ပန်းညို
နတ်ပန်းညိုကို ကရင်ဘာသာဖြင့်”ဖော့ဝီး”ဟု ခေါ်ပြီး ၎င်းပန်း၏ အမြစ်များသည် ဆက်နွယ်ကာ တစ်အုံတစ်ခိုင် ရှိသည့်အပြင် မည်သည့်နေရာတွင်မဆို ပေါက်ရောက်ပြီး ဘေးအန္တရာယ်များ ရာသီဥတု အန္တရာယ်များကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် အပင်သည် ဆွေးမြေ့သွားသော်လည်း အချိန်တန်လျှင် အမြစ်မှ ပြန်ပေါက်တတ်သည့်သဘောကို ဆောင်သည်။
နတ်ပန်းညိုအပင်သည် မိမိအပင် ရှင်သန်ကြီးထွားရေးအတွက် အမြစ်သည် ကျယ်ပြန့်ရှည်လျားစွာ ထိုးဆင်းပြီး ရောက်လေရာမှာ အပင် ဆင့်ကဲဆင့်ကဲ ပေါက်သဖြင့် တော်ရုံနှင့် သတ်၍ လည်း မသေနိုင် မျိုးပြုတ်၍ မျိုးမသုဉ်းနိုင်ပါ။ ထို့ကြောင့် ခိုင်ကြည်သည့်သဘော ခံနိုင်ရည်ရှိသည့် သဘောကို ဆောင်သည်။
(၅) ချည်ဖြူ
ချည်ဖြူသည် ဖြူစင်သန့်ရှင်းသော သဘောကို ဆောင်သည်။ ကရင်လူမျိုးမှန်လျှင် လက်ကောက်ဝတ်တွင် ချည်ဖြူအမှတ်အသား ပါရှိရမည်ဟု ရှေးအစဉ်အဆက်က မှတ်သားလာခဲ့ကြသည်။
ချည်ဖြူမျှင်တစ်မျှင်ကို ပြတ်အောင်ဆွဲနိုင်သော်လည်း ချည်ဖြူများစုစည်း၍ ဖွဲ့ချည်ထုံးနှောင်သောအခါတွင် ဆွဲဖြတ်သော်လည်း မပြတ်နိုင်သကဲ့သို့ ကျွန်ုပ်တို့ ကရင်လူမျိုးအချင်းချင်းသည်လည်း ချည်ဖြူများပမာ စုစည်းခိုင်မာရမည် ဟူသည့်သဘောကို ဆောင်ပါသည်။
(၆) ရေ
ရေသည် လူသားများအတွက် မရှိမဖြစ်သော အသက်သခင် ကျေးဇူးရှင်အဖြစ် သတ်မှတ်၍ အတိတ်နိမိတ် ယူကြသည်။ ရေသည် အေးမြနေသကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ဘဝခရီးလမ်းသည်လည်း ရေကဲ့သို့ အေးမြကြည်လင်စေရန် ရည်ရွယ်သည့် အနက်အဓိပ္ပာယ်ကို ဆောင်သည်။
(၇) ကြံပိုင်း
ကြံပိုင်း၏ အဓိပ္ပာယ်မှာ ကြံတို့မည်သည် အဆစ်တိုင်းတွင် အပင်ပေါက် မျိုးဆက်ပျံ့သည့် သဘောကို ဆောင်သည်နှင့်အညီ အမျိုးအနွယ် တွယ်တာစောင့်ထိန်းသော သဘောကို ဆောင်သည်။ ထို့ပြင် ကြံသည် ချိုသောအရာသာ ရှိသောကြောင့် ချိုသာဖြူစင်သော သဘောကို ဆောင်သည်။
ကြံပင်သည် တစ်ဆင့်ပြီးတစ်ဆင့် တစ်ဆစ်ပြီးတစ်ဆစ် အထက်သို့ ထိုးတက်နေလျက်ရှိရာ ကျွန်ုပ်တို့ ကရင်လူမျိုးများသည်လည်း ကြံပင်ကို ပမာပြုကာ ဘဝ တိုးတက်စည်ကားရေး ကြိုးစားရမည့်သဘော အနက်အဓိပ္ပာယ်ကို ဆောင်သည် ဟု ရှေးစာပေများ ဆုံးမစာများကဖော်ပြထားပါသည်။
ကျင်းပသည့်ဒေသများ
မြန်မာနိုင်ငံအတွင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရာ ခရိုင် (၇) ခရိုင်တွင်သာမက ဧရာဝတီတိုင်း(မြစ်ဝကျွန်းပေါ်)၊ စသော ကရင်လူမျိုးအများစု နေထိုင်ရာ ဒေသတွင် ကျင်းပလေ့ရှိကြပါသည်။ ရန်ကုန်မြို့တော်တွင်မူ ဟံသာဝတီအဝိုင်းအနီး၊ ကရင်ဘိုကလေးကျောင်းတိုက်တို့တွင် နှစ်စဉ် ကျင်းပကြလေ့ရှိကြသည်။
ထိုင်းနိုင်ငံ၊ ရှိကရင်လူမျိုးအဖွဲ့အစည်းများ ဦးဆောင်၍ ဘန်ကောက်မြို့တော်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံရှိ ကရင် လူမျိုးအများစုနေထိုင်သော ကန်ချနဘူရီခရိုင် ချင်းမိုင်ခရိုင် နှင့် တက် ခရိုင်တို့တွင်လည်းကောင်း၊ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ရိုးရာမပျက် ကျင်းပလေ့ရှိသည်။ ဥရောပတိုက်နှင့်အမေရိကန်နိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိသည့်ကရင်လူမျိုးများကလည်း အခါအားလျှော်စွာ ကျင်းပလေ့ရှိသည်။
လူမျိုးတိုင်း မိမိတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့အား မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ လူမျိုးစုဝင်တိုင်းတွင်ရှိနေပေသည်။ မိမိ၏ယဉ်ကျေးမှု ရိုးရာဓလေ့အား မပျောက် ပျက်အောင် ထိန်းသိမ်းရမည့်အပြင် အများသိအောင်လည်း ကြိုးစားဖော်ထုတ်ရပေမည်။
ကရင်တို့၏ရိုးရာဓလေ့ပွဲတော်များ မပျောက်ပျက်စေရန်အတွက် ကရင်လူမျိုးစုဝင်တိုင်း ပွဲတော်များအား လက်ဆင့်ကမ်းကျင်းပလုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးအပ်ပါသည်။
Ref: ကရင်ရိုးရာလက်ချည်ပွဲတော် (စောတအော်ကွာ)
ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (မန်းနဲစန်(ဘားအံ))