သတင်း

ရှမ်းပြည်နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တဲ့ အဆောက်အဦးတွေကို ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း စည်ပင်သတ်မှတ်

ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တဲ့ အဆောက်အဦးတွေကို ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း ကောက်မယ့် သတ်မှတ်ချက်ကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၁၈ ရက်၊ ၂၀၂၃။ 

ရှမ်းပြည်နယ်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောက်လုပ်တဲ့ အဆောက်အဦတွေအပေါ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း ကောက်မယ့် သတ်မှတ်ချက်ကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

သက်ဆိုင်ရာစည်ပင်သာယာရေးဌာနရဲ့ နယ်နိမိတ်တွေအလိုက် အဆောက်အအုံ ဆောက်လုပ်ခွင့်အမိန့် မရရှိဘဲ ကြိုတင် ဆောက်လုပ်တာ၊ ပြင်ဆင်တာ၊ အကြီးစားပြင်ဆင်တာတွေနဲ့ အသေးစား ပြင်ဆင်တဲ့ ပုဂ္ဂလိကအဆောက်အအုံတွေကို စစ်ဆေးတွေ့ရှိပါက အဆောက်အအုံ ကြီးကြပ် စစ်ဆေးခ(အဆောက်အအုံ တန်ဖိုးရဲ့ ၁ ရာခိုင်နှုန်း)အပြင် ကြိုတင်ဆောက်လုပ်ထားရှိမှုအတွက် ကျသင့်တဲ့အဆောက်အအုံ စစ်ဆေးကြီးကြပ်ခအဖြစ် မြေပြင်မှာ ဆောက်လုပ်ပြီးစီးမှု တန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်းကို အဆောက်အအုံ ပိုင်ရှင် ကထပ်မံ ပေးသွင်းရမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ သြဂုတ်လ ၁၆ရက်က အသိပေးကြေညာထားပါတယ်။

အဲဒီမိန့်ကြော်ငြာစာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ ဒေသခံအဆောက်အဦပိုင်ရှင်တွေ၊ဆောက်လုပ်ရေးကို မှီခို လုပ်ကိုင်နေကြတဲ့လုပ်သားတွေ၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တွေ၊ ဆောက်လုပ်ရေးနှီးနွယ် လုပ်ငန်းတွေမှာ နစ်နာမှုကြီးမားစွာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ခွင့်ပြုဖို့လျှောက်ရင် လနဲ့ချီစောင့်ရတယ်။ စောင့်ရင်းနဲ့ ရသလောက်ကြိုဆောက်နေကြတာက အရင်ကတည်းကပဲ။ အခုမှ အရူးထပြီးအဲဒီလိုသတ်မှတ်တော့ လုပ်ငန်းရှင်၊ အိမ်ရှင်တွေတင်မကဘူး၊ အလုပ်သမားတွေပါ ထိခိုက်နစ်နာတာပေါ့။ ကျွန်တော်ဆိုရင် သိန်းတစ်ထောင်ကျော် ဒဏ်ကြေးပေးရမယ့်အပြင် လုပ်ငန်းကိုပါ ရပ်ထားရမှာ”လို့ တောင်ကြီးမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြေပြင်ဆောက်လုပ်မှု တန်ဖိုးဒဏ်ကြေး တွက်ချက်မှုမှာ အဂတိလိုက်စားမှုတွေ ဖြစ်ပွားလာနိုင်ပြီး ဘက်လိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့လုပ်ငန်းရှင်အများစုက ဝေဖန်နေကြပါတယ်။

အဲဒီအမိန့်ကြေငြာစာကို ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ တောင်ကြီးမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေအားလုံး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (လားရှိုးနဲ့ကျိုင်းတုံ)၊ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ တို့ရှိ စည်ပင်သာယာရေးဌာန အားလုံးတို့ကို ပေးပို့ထားပြီး အ မိန့်ကြေငြာစာတွေ ထပ်ဆင့်ထုတ်ပြန်ခိုင်းထားတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button