သတင်း

သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ဖခင်ကို ပုဒ်မ (၅၀၅ – က) ဖြင့် စစ်ကောင်စီတရားစွဲ

သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ဖခင်ကို ပုဒ်မ (၅၀၅ – က) ဖြင့် စစ်ကောင်စီတရားစွဲ

ဖက်ဒရယ်ဂျာနယ်မြန်မာ။

သြဂုတ် ၁၄ရက်၊ ၂၀၂၃

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တယ်လို့ ကိုမင်းလွင်ဦးထံမှ သိရပါတယ်။

အသက် (၆၅) နှစ်အရွယ်ရှိတဲ့ ကိုမင်းလွင်ဦးရဲ့ ဖခင် ဦးအောင်ဖေကို လောင်းလုံးမြို့နယ်တရားရုံးမှာ ဖမ်းဆီးထားပြီး (၅၅)ရက်အကြာ သြဂုတ်လ (၁၂)ရက်နေ့တွင် တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

” အရင်ကလည်း မိသားစုဝင်တွေအနေနဲ့ တွေ့ခွင့်တောင်းခဲ့တာတွေရှိတယ်။ အဲ့တော့ သူတို့က တရားစွဲတင်ပြီးရင် တွေ့ခွင့်ပေးမယ်လို့ပြောတယ်။ (၁၃) ရက်နေ့မှာ တွေ့ခွင့်ရဖို့ကို (၁၂)ရက်နေ့က အကြောင်းကြားလာတယ်။ (၁၂) ရက်နေ့မှာ စပြီးတရားစွဲတာဖြစ်မယ်။ မိသားစုနဲ့တွေ့ခွင့်ရတဲ့အချိန်မှာတော့ ကျန်းမာရေး ကောင်းပါတယ်။ ” လို့ ကိုမင်းလွင်ဦးမှ FJMM ကိုပြောပါတယ်။

ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာကနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်က အိမ်ကိုမွှေနှောက်ရှာဖွေကာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ သပိတ်င်္အကျီတွေ့တယ်လို့ဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်ပါတယ်။

ကိုမင်းလွင်ဦးကတော့ အဆိုပါပစ္စည်းတွေဟာ သူ့ရဲ့ဖခင်နဲ့ မဆိုင်တဲ့ပစ္စည်းတွေသာဖြစ်လို့ သက်သက်မဲ့စွပ်စွဲဖမ်းဆီးပြီး မတရားပုဒ်မတပ်တရားစွဲတာသာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျနော်ကအသက်မပြည့်သေးတဲ့ကလေးလည်း မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာကိုယ်လုပ်နေတဲ့အချိန်မှာ မိဘနဲ့ဘာမှမဆိုင်ဘူး။ သားသမီးမရရင် မိဘကိုရန်ရှာတာကတော့ သူတို့လုပ်နေကျပဲဖြစ်တယ်။ ” လို့လည်း ကိုမင်းလွင်ဦးမှ ပြောပါတယ်။

လက်ရှိမှာလည်း ကိုမင်းလွင်ဦး၏ ဖခင်ကို လောင်းလုံးမြို့မရဲစခန်းအချုပ်မှာ ဆက်လက် ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၁) ခုနစ် နိုဝင်ဘာလမှာလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဌဖြစ်သူ မသီရိမိုးရဲ့အမေကို စစ်ကောင်စီတပ်ကဖမ်းဆီးကာ (၅၀၅ – က) နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ခြင်းလည်း ရှိပါတယ်။

Photo – ကိုမင်းလွင်ဦး၏ ဖခင်

Related Articles

Back to top button