သတင်း

CDM ပြုလုပ်ထားတဲ့ ကျောင်းသူ/သားတွေအတွက် တအာင်းမြေတက္ကသိုလ်ကို ၂၀၂၄နှစ်မှာဖွင့်လှစ်ဖို့ပြင်ဆင်

CDM ပြုလုပ်ထားတဲ့ ကျောင်းသူ/သားတွေအတွက် တအာင်းမြေတက္ကသိုလ်ကို ၂၀၂၄နှစ်မှာဖွင့်လှစ်ဖို့ပြင်ဆင်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၅ရက်၊ ၂၀၂၃။

CDM ပြုလုပ်ထားတဲ့ အဆင့်မြင့်ပညာကျောင်းသူ/သားတွေအတွက် တအာင်းမြေတက္ကသိုလ်ကို လာမယ့်၂၀၂၄ခုနှစ်မှာ ဖွင့်လှစ်သွားမယ်လို့ တအာင်းအမျိုးသားပညာရေးကော်မတီ-TNECထံကနေ သိရပါတယ်။

တအာင်းဒေသအတွင်းမှာ CDM ပြုလုပ်ထားတဲ့ အဆင့်မြင့်ပညာကျောင်းသူ/သားတွေအနေနဲ့ တက္ကသိုလ်ပညာရပ်တွေကို ဆက်လက်သင်ယူနိုင်ဖို့အတွက်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ပညာရေးစာသင်နှစ် (၂-နှစ်) (၂၀၂၀ နှင့် ၂၀၂၁) လစ်ဟင်းကာ ပညာရေးနစ်နာကြရတဲ့ တအာင်းဒေသက လူငယ်တွေအတွက် အဆင့်မြင့်ပညာသင်ကြားနိုင်ဖို့အတွက် တအာင်းမြေတက္ကသိုလ်ကိုဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

“ရှမ်းပြည်နယ်ထဲမှာက အခုလို စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ပညာရေးကိစ္စနဲ့ ပါတ်စက်ပြီး ထိထိရောက်ရောက်လုပ်ပေးနေတာဆိုလို့ ဖယ်ခုံ၊ မိုးဗြဲဒေသကလွဲရင် တခြားနေရာမှာ မရှိသလောက်ပါပဲ။ အခုလိုမျိုး ကိုယ့်ဒေသမှာ ကိုယ့်လူမျိုးအတွက် ရည်ရွယ်ပြီးလုပ်ပေးတဲ့ ပညာရေးစနစ်တစ်ခုပေါ်လာတော့မယ်ဆိုတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာပေါ့”လို့ တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

NUG ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ (Basic Education Completion Assessment – BECA) – ၂၀၂၃ကို ဖြေဆိုအောင်မြင်ပြီးသူတွေနဲ့ ၂၀၂၁ခုနှစ် စစ်အာဏာမသိမ်းမီကာလတွင် အခြေခံ ပညာပြီးမြောက်သူတွေအတွက် ရည်ရွယ်ပြီးတော့ ပထမနှစ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်လက်ခံမယ်လို့ TNEC က အသိပေးထားပါတယ်။

အဲဒီတက္ကသိုလ်ကို ဘာသာရပ် ၅ ခုနဲ့ နေ့ကျောင်း (Day)အဖြစ် ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးပညာ၊ စိုက်ပျိုးမွေးမြူရေး၊ ရုက္ခဗေဒနဲ့ ဒဿနိကဗေဒ ဘာသာရပ်တွေကို တခြားတက္ကသိုလ်တွေက နည်းပြ၊ လက်ထောက်ကထိက၊ ကတိက၊ ပါမောက္ခတွေ သင်ကြားပို့ချသွားမှာဖြစ်သလို နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ဆုရရှိနိုင်အောင်လည်း ၆လ၊ ၁နှစ် လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။

ဘာသာရပ်ဆိုင်ရာနည်းပြ၊ တက္ကသိုလ်ဝန်ထမ်း၊ သင်ထောက်ကူပစ္စည်း၊ နေထိုင်စားသောက်မှုစတဲ့ ကုန်ကျစရိတ်တွေကိုတော့ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေကိုယ်တိုင် အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – (TNEC ၏ တအာင်းဒေသတွင်း ပညာရေးလှုပ်ရှားမှုမှတ်တမ်း)

Related Articles

Back to top button