ရခိုင်ပြည်သူတချို့ကို လွှတ်ပေးလိုက်ရုံနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ ပြောင်းလဲသွားစရာမရှိ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၄ ရက်၊ ၂၀၂၃။
ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတချို့ကို လွှတ်ပေးရုံနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေဟာ ပြောင်းလဲမသွားနိုင်ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်တွင် AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရသူ (၆၁) ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုး လွှတ်ပေးတာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပေမဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေဟာ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ရခိုင့်နိုင်ငံရေး သမားတစ်ယောက်က ပြောပါတယ်။
” ဖမ်းဆီးခံထားရတဲ့ ပြည်သူတချို့ကို လွှတ်ပေးရုံလောက်နဲ့တော့ နိုင်ငံရေး၊ စစ်ရေးအခြေအနေက ထူးထူးခြားခြားပြောင်းလဲစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရ လိုအပ်ချက်တွေအတွက် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ သူတို့တွေရဲ့ဘဝတွေကို အဆုံးရှုံးခံပြီးတော့ လုပ်နေကြတာက ပေးဆပ်မှုတစ်ခုသာဖြစ်တယ်။ ဒီပေးဆပ်မှုတွေကို သက်သာခွင့်ရတဲ့အတွက် နိုင်ငံရေး ရည်းမှန်းချက်တွေကတော့ ပျောက်သွားမှာမဟုတ်ဘူး။ အပြုသဘောဆောင်လာတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ တည်ဆောက်တဲ့အခါမှာ အားသာချက်တွေတော့ နည်းနည်းရှိလာမယ်။ ကောင်းဖို့အစပျိုးတဲ့ လုပ်ငန်းတွေတော့ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုမျိုးလွှတ်ပေးရုံလောက်နဲ့ ပြောင်းလဲတိုးတက်လာစရာမရှိဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် ရည်းမှန်ချက် မပြည့်စုံသရွေ့ နိုင်ငံရေးဟာ ပြောင်းလဲသွားစရာမရှိသလို လက်နက်ကိုင်တိုက်ပွဲဆိုတာလည်း ပြောင်းလဲသွားစရာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်တွင် AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ခန်းများမှာ အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ် ၆၁ ဦး လွတ်မြောက်လာခဲ့သော်လည်း နောက်ထပ်မလွတ်မြောက်သေးသူ တစ်ရာနီးပါးရှိနေသေးတယ်လို့ ရခိုင့်နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်က ပြောပါတယ်။
ပုံစာ- လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျောက်ဖြူ ထောင်က လွတ်လာသူများ (CJ)