သတင်း

နမ်ဆန်ယာန်အနီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ KIA နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

နမ်ဆန်ယာန်အနီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ KIA နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇူလိုင် ၂၈ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် KIA ဌာနချုပ်လိုင်ဇာနဲ့ ထိစပ်ဒေသဖြစ်တဲ့ နမ်ဆန်ယာန်ကျေးရွာအနီးမှာ ယမန်နေ့ ညပိုင်း ၁၀:၄၅ နာရီအချိန်က စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အို အာဘော် သတင်းရင်းမြစ်ဖော်ပြနေသလို ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယမန်နေ့ နမ်ဆန်ယာန်အနီး မဒီးယာန်နဲ့ အောင်ဂျာကျေးရွာကြားမှာ လိုင်ဇာအနီး စစ်ကြောင်း ၂ ကြောင်းဖြင့် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က စတင်ပြီး ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းဟာ ရှေ့ တိုးနောက်ဆုတ်မရပဲ တနေ့လုံး ပိတ်မိ နေခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းက ရှေ့ တိုးနောက်ဆုတ်မရပဲ တနေ့လုံး ပိတ်မိနေခဲ့ပြီးနောက် ယမန်နေ့ည ညပိုင်း ၁၀:၄၅ နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အဲဒီ နမ်ဆန်ယာန်အနီး မဒီးယာန် ကျေးရွာနဲ့ အောင်ဂျာကျေးရွာကြားမှာ တိုက်ပွဲ ပြင်းထန်နေတဲ့ နေရာအနီးကို ဂျက်ဖိုင်တာ ၂ စီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

အဲဒီ စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးဖြစ်တဲ့ A 5 နဲ့ ဗုံး ၄ လုံးကြဲသွားပြီးYak-130 နဲ့ ဗုံး ၂ လုံး၊ စုစုပေါင်း ၆ လုံး ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြနေပါတယ်။

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင် ထိခိုက်ဆုံးရှုံးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ညတွင်လည်း နမ်ဆန်ယာန်ကျေးရွာအပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့သည်။

အခု စစ်ရေးတင်းမာနေတဲ့ နေရာဟာ နမ်ဆန်ယန် ကျေးရွာအနီး မဒီးယာန်နဲ့ အောင်ဂျာကျေးရွာတို့ဟာ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးမှာ တည်ရှိတာ ဖြစ်ပြီး အခုလ ဇူလိုင်လဆန်းပိုင်းကနေ KIA နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာ လာတာဟာ ၁ လနီးပါး ကြာမြင့်လာပြီး ဖြစ်ပါတယ်။

အခုတော့ ၁၀ နှစ်ကျော်ကြာ စစ်ဘေးရှောင်ပြီး စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် လုံခြုံမှု မရှိသေးပေမယ့် နေရပ်ဒေသမှာ ပြန်လည်အခြေချနေထိုင်ကြတဲ့ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးတလျှောက်က ဒေသခံများဟာ တကျော့ပြန် ထပ်မံ စစ်ဘေးတိမ်ရှောင်နေကြရပါတယ်။

ဓါတ်ပုံ – CJ ( ဇူလိုင် ၂၂ ရက်နေ့က နမ်ဆန်ကျေးရွာထဲ လေကြောင်းနဲ့ ပစ်ခတ်ခဲ့ပြီး အရပ်သားနေအိမ် ထိခိုက် ပျက်စီးနေတဲ့ မြင်ကွင်း)

Related Articles

Back to top button