ဒီမိုကရေစီပညာရေးသပိတ်တိုက်ပွဲမှသည် အခဏ်းဆက်တိုက်ပွဲအဖြစ် လက်နက်စွဲကိုင်တော်လှန်ရေးဆီသို့
– အိုက်နီ(ဖြူး) | အတွေးအမြင်
ဗမာပြည်သမိုင်းမှာ ကျောင်းသားသပိတ်များစွာ ဖြတ်သန်းကြုံတွေ့ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ သပိတ်တိုက်ပွဲတစ်ခုစီတိုင်းမှာ အောင်ပွဲဆင်တဲ့ အခြေအနေမျိုးမဟုတ်ဘဲ ပကတိမြေပြင်အနေအထားအရ သပိတ်တိုက်ပွဲကို ချေမှုန်းခံခဲ့ရတာပဲဖြစ်ပါတယ်။ သမိုင်းမှာ တိုက်တိုင်းအောင်တဲ့ အခြေအနေမျိုး မရှိခဲ့ဖူးပါဘူး။
နိုင်ငံရေးအာဏာကို အုပ်စိုးသူဗြူရိုကရက်ယန္တရားက ချုပ်ကိုင်ထားတဲ့ကာလပတ်လုံး ဖိနှိပ်ဖြိုခွင်းခံရမှာ ပဲဖြစ်ပါတယ်။ သမိုင်းမှာတိုက်ပွဲတစ်ခုပြီးတိုင်း နောက်ထပ်နည်းလမ်းတစ်ခုကို ရွေးချယ်ရတာပဲဖြစ်ပါတယ်။ အုပ်စိုးသူလူတန်းစားရဲ့ယန္တရားကို ဖြိုချဖျက်ဆီးပြီး လူမျိုးပေါင်းစုံပြည်သူလူထုကို ကိုယ်စားပြုတဲ့ လူထုယန္တရား အစားထိုးခြင်းကသာ အောင်ပွဲရရှိနိုင်မှာမို့ တိုက်ပွဲနည်းသဏ္ဍာန်မျိုးစုံ ပေါင်းစပ်တိုက်ပွဲဝင်ကြ ရမှာပဲဖြစ်ပါတယ်။
ဒီမိုကရေစီပညာရေးတိုက်ပွဲဆိုတာကို မနေ့တနေ့ကမှ တိုက်ပွဲဝင်ခဲ့ကြတာမဟုတ်ဘဲ နယ်ချဲ့ကိုလိုနီအရင်းရှင်စနစ် ကနေ ယနေ့စစ်ဗြူရိုကရက်အရင်းရှင်စနစ်ထိ တိုက်ပွဲဝင်နေရတာမို့ ဖြတ်သန်းမှုမျိုးစုံ၊ အတွေ့အကြုံမျိုးစုံက လုံလောက်တဲ့ အခြေအနေမျိုးရရှိနေတာပဲဖြစ်ပါတယ်။ ၁၉၂၀ခုနှစ်က ဗမာပြည်မှာ နယ်ချဲ့ စနစ်ကို ဒီမိုကရေစီ ပညာရေးသပိတ်တိုက်ပွဲအဖြစ် ပထမဆုံးရင်ဆိုင်ရတဲ့တိုက်ပွဲပဲဖြစ်ပါတယ်။
နယ်ချဲ့စနစ်အောက်မှာ ဒီမိုကရေစီပညာရေးတောင်းဆိုလို့ရမှာမဟုတ်ဘူးဆိုတဲ့အသိက ပထမကျောင်းသား သပိတ်က ရရှိလိုက်တာကြောင့် နယ်ချဲ့စနစ်ဆန့်ကျင်ရေး အားကောင်းလာပေမယ့် ၁၉၂၀ကျောင်းသားသပိတ် တောင်းဆိုမှုကတော့မရခဲ့ပါဘူး။
၁၉၁၇ခုနှစ် ရုရှားက အောက်တိုဘာတော်လှန်ရေးအမြှောက်သံဟာ နယ်ချဲ့စနစ်ကို လက်နက်ကိုင်တော်လှန် ရမယ်ဆိုတဲ့ တော်လှန် ရေးအသိကို ကျောင်းသားလူငယ်တွေ၊ တိုးတက်တဲ့နိုင်ငံရေးသမားတွေဆီ ပျံ့နှံ့လာခဲ့ ပါတယ်။
မာ့က်စ်ဝါဒကလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို အခြေပြုပြီး ဗမာပြည်အနှံ့အပြား တောမီးပမာ ပျံ့နှံ့သက်ဝင်ယုံကြည်လာခဲ့ကြပါတယ်။
၁၉၂၀ဒီမိုကရေစီပညာရေးသပိတ်၊ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ တတိယကျောင်းသား သပိတ်တွေဆင်နွှဲခဲ့ပေမယ့် လက်နက်မဲ့လူထု တိုက်ပွဲသဏ္ဍာန်ဖြစ်တာမို့ လက်နက်ကိုင်ထားတဲ့ အုပ်စိုးသူနယ်ချဲ့ အစိုးရက ဖြိုခွင်းခဲ့ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒ ပြတဲ့ကျောင်းသားသပိတ်တွေကို လက်နက်နဲ့ဖြိုခွင်း သတ်ဖြတ်လာတဲ့နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင်ပြီး တော်လှန်မှသာ နယ်ချဲ့စနစ်ကျေပြုန်းပျက်ဆီးမယ်ဆိုတာကို ကျောင်းသားလူငယ်မျိုးဆက် များက လက်ခံယုံကြည်လာခဲ့ပါတယ်။
၁၉၃၇ခုနှစ်မှာ မာ့က်စ်ဝါဒပြန့်ပွားရေးနဲ့နယ်ချဲ့ဆန့်ကျင်ရေးအတွက် နဂါးနီလက်ဝဲစာဖတ်အသင်းကို ထူထောင်လာ ခဲ့ပါတယ်။ ၂နှစ်အကြာ ၁၉၃၉ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့မှာ မာ့က်စ်ဝါဒအခြေခံပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုနဲ့ မြို့ရွာအနှံ့ ကျေးလက်တောရွာပါမကျန် လက်နက်ကိုင်ပြောက်ကြား တပ်များဖွဲ့စည်းလာပြီး ဗမာ့လွတ်လပ်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)နဲ့ ပေါင်းစပ်ကာ လက်နက်စွဲကိုင်တော်လှန်ရင်း နယ်ချဲ့ဗြိတိသျှကိုရော၊ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုပါ အောင်ပွဲအလီလီရရှိပြီး ဗမာ့လွတ်လပ်ရေးရရှိခဲ့တာပဲဖြစ်ပါတယ်။
ဗမာပြည်ရဲ့စည်းလုံးညီညွတ်မှုတည်ဆောက်ရာမှာ အအောင်မြင်ဆုံးကာလဖြစ်သလို တော်လှန်တဲ့အတွေးအခေါ်၊ တော်လှန်တဲ့ပါတီ၊ တော်လှန်တဲ့တပ်ပေါင်းစုတွေကြောင့် အောင်ပွဲဆင်နွှဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိပြီး လပိုင်းအကြာမှာတော့ လက်ယာစွန်း ဖဆပလအစိုးရက ဗမာလူမျိုးကြီးဝါဒကျင့်သုံးတာ၊ အခြေခံဒီမိုကရေစီ အခွင့်အရေးဆုံးရှုံးတာ၊ တပြည်ထောင် စနစ်ကျင့်သုံးတာတွေက ပြည်တွင်းစစ်ကို မွေးဖွားပေးလိုက်တာပဲဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ၁၀နှစ်အကြာမှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကိုထူထောင်ခဲ့တာက ၁၉၆၂ခုနှစ်၊ ဂျူလှိုင်လ(၆)ရက်နေ့ညမှာ (၇)ဂျူလှိုင်အရေးတော်ပုံပေါ်ပေါက်လာခဲ့ပါတယ်။ (၇)ဂျူလှိုင်အရေးတော် ပုံကြီးက ဗမာပြည်မှာလွတ်လပ်ရေးရပြီး စစ်ဗြူရိုကရက်အရင်းရှင်စနစ်ကို ပထမဆုံးဆန့်ကျင်တဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးပဲဖြစ်ပါတယ်။
(၇)ဂျူလှိုင်အရေးတော်ပုံကို လက်နက်ကိုင် ဆောင်ထားတဲ့ ဗိုလ်နေဝင်းစစ်အစိုးရက အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းခဲ့တာမို့ အခဏ်းဆက်တိုက်ပွဲအဖြစ် ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ သပိတ် တိုက်ပွဲများ ဆက်စပ်တိုက်ပွဲဝင်ခဲ့ရပါတယ်။
၁၉၈၈ခုနှစ်မှာ စစ်အာဏာရှင်စနစ်ကို လူတန်းစားစုံလူ့အလွှာစုံ အထွေထွေသပိတ်ကြီးဆင်နွှဲမှုက ၇ဂျူလှိုင်အရေး တော်ပုံကနေ သန္ဓေတည်ပေးလိုက်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးပဲဖြစ်ပါတယ်။
၈လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းတာကြောင့် လက်နက်ကိုင်တော်လှန်ဖို့ တိုင်းရင်းသားတော်လှန်ရေးဒေသအသီးသီးဆီရောက်ရှိကာ တော်လှန်ရေးဆင်နွှဲပေမယ့် အောင်ပွဲတော့မရယူနိုင်ခဲ့ပါဘူး။
၂၀၀၇ရွှေဝါရောင်တော်လှန်ရေးတိုက်ပွဲက အခဏ်းဆက်တိုက်ပွဲဖြစ်လာပြီး ရွှေဝါရောင်တော်လှန်ရေးကြောင့်ပဲ အုပ်စိုးသူ စစ်အစိုးရက ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေကို ပြဌာန်းပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအားထုတ်လာကြပါတယ်။ ၂၀၁၀ခုနှစ်မှာ ဟန်ပြဒီမိုကရေစီ၊ အတုအယောင်စနစ်ကိုပုံဖော်ပေမယ့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ မင်းအောင်လှိုင်က စစ်အုပ်စု ရဲ့မင်းသားမျက်နှာဖုံးခွာချပြပြီး ဘီးလူးအစွယ်ကိုထုတ်ပြခဲ့ပါတယ်။
၂၀၁၅ခုနှစ် ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်းရဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြတာကို ဦးသိန်းစိန်အစိုးရကလည်း အကြမ်းဖက်ဖြိုခွဲပြီး ဘီးလူးအစွယ် ကိုထုတ်ပြခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီပညာရေးတိုက်ပွဲတွေဖြစ်တဲ့ ၁၉၂၀မှသည် ၂၀၂၁ခုနှစ်၊ နွေဦးတော်လှန်ရေးအထိ ကျောင်းသားတိုက်ပွဲ၊ လူထုတိုက်ပွဲများ၊ အခဏ်းဆက်တိုက်ပွဲများကနေ ဗမာပြည် ကိုလိုနီခေတ်မှာရခဲ့ဖူးတဲ့ စည်းလုံးညီညွတ်မှုမျိုးနဲ့ တော်လှန်သော စုစည်းညီညွတ်တဲ့တပ်ပေါင်းစုက ဉီးဆောင် ပြီး လက်နက်စွဲကိုင်တော်လှန်ခြင်းကသာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
– အိုက်နီ(ဖြူး)