သတင်း

နမ်ဆန်ယန်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်၊ နေရပ်ပြန်စစ်ဘေးရှောင်များ တကျော့ပြန် ထွက်ပြေးနေရ

နမ်ဆန်ယန်မှာ  KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်၊ နေရပ်ပြန်စစ်ဘေးရှောင်များ တကျော့ပြန် ထွက်ပြေးနေရ

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၃ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက KIA ဌာနချုပ် လိုင်ဇာနဲ့ အနီးဆုံးဒေသဖြစ်တဲ့ နမ်ဆန်ယန် ကျေးရွာအနီး ဒီကနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်း ၆ နာရီခန့်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အဲဒီဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA)  သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကတော့ စစ်ကောင်စီ တပ်ဟာ နမ်ဆန်ယန်ဒေသမှာ တပ်စခန်း နေရာချပြီး ပြန်လည်ခြေကုတ်ယူချင်တာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲကနေ စတင်ပြီး အင်အားဖြည့် စစ်ကြောင်းထိုးလာတာတွေ ပြုလုပ်နေတယ်လို့ မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောထားပါတယ်။

စစ်ကောင်စီက ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းရှိရာသို့ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်း ၆ နာရီခန့်မှာ လက်နက်ကြီးများ စတင်ပစ်ခတ်ခဲ့ ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အခု တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ်ဆန်ယန်ကျေးရွာ တံတားအကျော် အောင်ဂျာကျေးရွာမှာဖြစ်ပြီး မြေပြင်ကနေ အပြန်လှန်ပစ်ခတ်နေတာက ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်ထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ညနေကလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်ကနေ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းတွေကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးမှာ KIA ထိန်းချုပ် ဧရိယာထဲထိ နယ်ကျွန်လာလို့ KIA ရဲဘော်တွေက ကြားဖြတ် ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

အခုတော့ နှစ်ဖက်တိုက်ပွဲ ပြန်လည် ပြင်းထန်လာလို့ နမ်ဆန်ယန်ကျေးရွာထဲ နေရပ်ပြန် နေထိုင်ကြတဲ့  ဒေသခံတွေဟာ တနိုင်စာ ပစ္စည်းများ သိမ်းဆည်းသယ်ဆောင်ပြီး ဘေးလွတ်ရာကို ထွက်ပြေး နေကြရ တယ်လို့ လည်း သိရပါတယ်။

နမ်ဆန်ယန်ကျေးရွာဒေသခံဟာ ဌာနချုပ် လိုင်ဇာနဲ့ အနီးဆုံးတည်ရှိတဲ့ ဒေသဖြစ်ပြီး ၂၀၁၁ ခုနှစ်က KIA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရတာဖြစ်ပြီးနောက် ၁၀ နှစ်နီးပါး ကြာမြင့်ပြီးနောက် အခက်အခဲများစွာ ရှိနေတာကြောင့် နယ်မြေမတည်ငြိမ် သေးပေမယ့် နေရပ်ပြန် အခြေချနေထိုင်ကြတဲ့ မိသားစုတွေလည်း ရှိနေတာပါ။

Related Articles

Back to top button