သတင်း

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လက်တွေ့ကျပြီးဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းရှာဖွေနိုင်ရေး ဆွေးနွေးခဲ့ကြောင်း အပစ်ရပ် (၇)ဖွဲ့ ထုတ်ပြန်

ဓါတ်ပုံ – NCA-S EAO
 
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၉ရက်၊ ၂၀၂၃။
 
အပစ်ရပ် (၇)ဖွဲ့ သာ ပါဝင်ဆွေးနွေးနေတဲ့ PPST ၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို ချင်းမိုင်မြို့တွင် မေလ ၁၇ ရက်နှင့် ၁၈ရက် ၂ရက်တာ ကျင်းပ ပြုလုပ် ပြီးစီးခဲ့ကြောင်းကို မေလ ၁၈ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။
 
အဲဒီအစည်းအဝေးနေတဆင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းရှာဖွေဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ အပစ်ရပ် (၇)ဖွဲ့က ပြောပါတယ်။
 
သူတို့အဖွဲ့တွေရဲ့ အဆိုအရ လက်ရှိနိုင်ငံရေး ပြဿနာများကို ကျော်လွှားရန် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး၊ အမျိုးသား ရေးလုပ်ငန်းစဥ်များ( national ownership) နှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဥ်များ (joint ownership) ဖြစ်ပေါ်လာရေးတို့ကို လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
 
ဒါပေမယ့် အမျိုးသား ရေးလုပ်ငန်းစဥ်များ၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဥ်များနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုထားတာတော့ မရှိပါဘူး။
 
အခုပြောဆိုမှုနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ PPST ထံ ဖက်ဒရယ်ဂျာနယ် မြန်မာက ဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
 
PPST ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နှင့် ဆွေးနွေးခဲ့မှုများကိုလည်း သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။
 
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုတော့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင် ပြည်နယ် လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) တို့က လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။
 
အဲဒီထဲက အင်အားကြီးလက်နက်ကိုင်အဖွဲအစည်းဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ ကရင့်အမျိုးသား အစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ စစ်တပ်ကအာဏာသိမ်းမှုအလွန် PPST အတွင်းက ပါဝင်မှုတွေကို ရပ်နားထားတာပါ။
 
ဒါ့အပြင် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တပ်ဦး (ABSDF) တို့ဟာ အာဏာသိမ်းမှုအလွန် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်ဖြစ်ပွားနေကြပါတယ်။

Related Articles

Back to top button