အင်တာဗျူး

မြန်မာ့အရေး Move Forward ပါတီရဲ့ အကူအညီ ဘယ်လိုမျှော်လင့်လို့ရမလဲ

မြန်မာ့အရေး Move Forward ပါတီရဲ့ အကူအညီ ဘယ်လိုမျှော်လင့်လို့ရမလဲ

  • Bright Future အဖွဲ့ခေါင်းဆောင် – Suraj Giri နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်
  • Suraj Giri ဟာ Move Forward ပါတီခေါင်းဆောင်ပီတနဲ့ နီးစပ်မှု ရှိသူလည်း ဖြစ်ပါတယ်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့နိုင်ငံက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေက ဘယ်လို ကွာခြားမှုရှိလဲ။

ဖြေ။ ။ အရှင်းဆုံးပြောရမယ်ဆိုရင် ထိုင်းနဲ့ မြန်မာ ရွေးကောက်ပွဲကို ယှဥ်လိုက်ရင်လည်း တစ်ခြားစီပဲ။ ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာ ကမ္ဘာမှာ တတိယအဆင့်လောက်ရှိတယ်။ ခဏခဏ သိမ်းတယ်။ ဒါပေမဲ့ သူတို့နိုင်ငံအနေအထားက သူတို့ တည်ငြိမ်စွာနဲ့ပဲ၊ သူတို့သွား တယ်။ သူတို့ဖောင်ဒေးရှင်း ချထားတဲ့ အုတ်မြစ်အတိုင်းသွားတယ်။ ဆိုတော့ ထိုင်းနိုင်ငံမှာ ဒီတစ်ခါလုပ်တဲ့ ရွေးကောက်ပွဲက အင်မ တန် အားကောင်းတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရတယ်။ အဲဒီလို ဖြစ်လာဖို့ ကျနော်တို့ မျှော်မှန်းထားတာလည်း ၈ နှစ် ၉ နှစ်လောက် ရှိပြီး ဆိုတော့ အားရစရာပါ။

မေး။ ။ မြန်မာ့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲက မြန်မာ့နိုင်ငံရေး အတွက် ဘယ်လို သက်ရောက်မှု ရှိစေမယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အများကြီးရှိတယ်။ ကွဲပြားမှု ကြီးကြီးရှိလိမ့်မယ်။ အခုလက်ရှိပြောရမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ စစ်အစိုးရ။ သူတို့ ထိန်းချုပ်တဲ့ထဲမှာတောင်မှ တော်လှန်ရေးအတွက် အနည်းနဲ့ အများ အိုကေတယ်။ လှုပ်ရှားလို့ရတယ်။ NUG ကလည်း သူတို့ ပြောနိုင်သလောက် ပြောပေးသွားပြီး လုပ်နိုင်သလောက် လုပ်ပေးသွားပြီး။ ဒီရွေးကောက်ပွဲမှာ ဒီမိုကရေစီအဖွဲ့တွေက အစိုးရ ဖွဲ့နိုင်ရင်တော့ ကျနော်တို့ မြန်မာ နိုင်ငံအတွက် ရွှေပဲဗျ ။ လက်ရှိ move forward party က အစိုးရဖြစ်ရင် လုံးဝ အိုကေတယ်။ သူတို့က အရင်ကတည်းက ကျနော်တို့နဲ့ အချိတ်အဆက်က ရှိပြီးသား။သူတို့က အစိုးရဖြစ်ပြီးသွားရင်တော့ ကျနော်တို့က တစ်ချိတ်ထဲပဲ အကုန်လုံးအဆင်ပြေပါတယ်။

မေ။ ။ ထိုင်းနဲ့ မြန်မာက စစ်တပ်အဖွဲ့အစည်းတွေဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ ပုံစံတူမယ်လို့ ထင်ပါတယ်။ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အရှင်းဆုံးပြောရရင်တော့ ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံမှမဟုတ်တာ။ အရင်ကတည်းက စစ်အစိုးရပဲ။ အခုချိန်ထိလည်း စစ်အစိုးရပဲ။ အခုလည်း ဒီမိုကရေစီ အစိုးရ ရမလားဆိုတာ မှန်းထားတာ တစ်ခုပဲ။ နိုင်ငံရေးမှာ စစ်အစိုးရလာပြီးဆိုကတည်းက လုံးဝ လုံးဝ မအိုကေပါဘူး။ စစ်အစိုးရဆိုကတည်းကိုက မအိုကေဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခြေခံအခွင့်အရေးတွေ အားလုံး ဆုံးရှုံးနေရတာဆိုတော့ မအိုကေပါဘူး။ သူတို့က လုံးဝ ချုပ်ကိုင်ထားတယ်။ လုံခြုံရေးအရချုပ်ကိုင်ထားတော့ ကျနော်တို့ရဲ့ အခွင့် အလမ်းတွေ လုပ်သင့် လုပ်ထိုက်တာတွေကို မလုပ်ရဘူး။ ပွင့်လင်းမြင်သာစွာ မလုပ်ရဘူး။

မေး ။ ။ တဘက်က စစ်တပ်အနေနဲ့ နိုင်ငံရေးက စွန့်ခွာဖို့ ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ဆောင်မှုက အောင်မြင်နိုင်ခြေရှိလား။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ တို့ရဲ့ အခြေအနေ ၂ ခုကို နှိုင်းယှဉ်ပြောပေးပါဦး။

ဖြေ။ ။ ထိုင်းနိုင်ငံရဲ့ အခြေအနေမှာ စစ်အာဏာရှင်က တစ်ခါတည်း နောက်ဆုတ်သွားမယ်ဆိုတာ ကျနော့်အထင်မှာတော့ လုံးဝ ခက်ခဲတယ်။ ဒီမိုကရေစီဆိုတာ အခုမှလာမယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းခြင်းသွားမယ်။ တစ်ခါတည်း 1 to 10 သွားလို့မရဘူး။ 1-2-3-4 သွားရမယ်။ တစ်ဆင့်ပြီးတစ်ဆင့် ပေါ့နော်။ အချိန်တော့ ပေးရမယ်။ စစ်အာဏာရှင်က နိုင်ငံရေးမှာ ထွက်ခွာဖို့အတွက် တဖြည်းဖြည်းတော့ သွားရမယ်။ ဒါမဲ့ အခုလက်ရှိ မှာတော့ မြန်မြန်လေးတော့ ဖြစ်နိင်ချေတော့ သိပ်မရှိသေးဘူးဗျ။

မေး။ ။ ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် ကတော့ သူဝန်ကြီးချုပ်ဖြစ်လာပြီး သူတို့အစိုးရဖြစ်ရရင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကူညီပေး သွားမယ်လို့ ပြောဆိုထားပါတယ်။ လက်တွေ့ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ မျှော်လင့်လို့ရမလဲ။

ဖြေ။ ။ Move forward က နိုင်ငံရေးပါတီ။ နိုင်ငံရေးသမားတွေမှာ ပြောမှာပဲ ဟိုတာ လုပ်ပေးမယ်။ ဒီဟာ လုပ်ပေးမယ်။ ဒါမဲ့ ကျနော်တို့ အဓိက ကြည့်ရမှာက သူတို့ တကယ်လုပ်နိုင်လား၊ ကြည့်ရမှာက သူတို့တကယ် အိုကေလား။ အိုကေ တယ်ဆိုလည်း ဘယ်အချိန်လောက်မှ အိုကေမလဲ။ သူက အစိုးရဖြစ်ပြီး လုပ်မယ့်အခြေအနေမှာတောင် ကျနော့် အမြင်ပြောရရင် အချိန်တော့ပေးရမယ်။ အဲ့ဒီမှာအချိန်လည်း သွားမှာ တစ်နှစ် နှစ်နှစ်။ ထိုင်းနိုင်ငံရေးစနစ် အခြေအနေအရ ကြည့်ရမယ်ဆို လုံးဝ စစ်ဖြစ်နေတဲ့ နေရာမှာ ဘယ်လို လုပ်သင့်လဲ။ အခြေခံအခွင့်အရေး၊ ခြေခံအကူအညီကတော့ သူတို့ကပေးမှာပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ရည်မှန်းထားတယ် အဓိက အပြောင်းအလဲကြီးကတော့ အချိန်တော့ ပေးရဦးမယ်။ တစ်ခါတည်းကတော့ မဖြစ်နိုင်ဘူး။

မေး။ ။ တဖက်မှာလည်း မြန်မာ့နဲ့ ထိုင်း စစ်ခေါင်း ဆောင်တွေကြားတော့ အနီးစပ်ဆုံး ဖြစ်နေတဲ့ပုံစံ မြင်ရပါတယ်။ ထိုင်းရောက် မြန်မာ့ တော်လှန်ရေးအင်အားစုတွေနဲ့ ထိုင်းဒီမိုကရေစီအရေးလှုပ်ရှားသူတွေကြား နီးစပ်မှုရှိအောင် ဘယ်လိုထိတွေ့မှု ရနိုင်မလဲ။ 

ဖြေ။ ။ စစ်အာဏာရှင် နှစ်နိုင်ငံက သူတို့ရဲ့ ရင်းနှီးမှုကတော့ ကြာပြီး။ အရင်ကတည်းကနေ နှစ်ပေါင်း ၁၀၀ ကျော်ပြီး။ အဲ့ဒီ အချိတ် အဆက်က သူတို့က အရင်ကတည်းက ရှိပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေး သမားတွေအနေနဲ့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်နေတယ်။ နောက်ပြီး လုပ်လို့လည်း ရနေတယ်။ အခွင့်အရေးတွေလည်း ပေးနေတယ်ဆိုတော့။ အဲ့လောက် ထိလည်းကျနော်တို့က အကြပ်အတည်းတော့ မရှိသေးဘူး။

မေး။ ။ မြန်မာစစ်ကောင်စီတပ်က ထိုင်း ဒီမိုကရေစီအင်အားစုတွေက ရွေးကောက်ပွဲအနိုင်ရသွားလို့ စိုးရိမ်မှု ရှိပုံရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တွေ လုံခြုံရေး တင်းကြပ်စွာ ကိုင်သွယ်နေတယ်လို့ သိရပါတယ်။ နယ်စပ်ဒေသတွေမှာ နှစ်ဖက်တိုက်ပွဲတွေလည်း ရှိနေတော့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်တဲ့ မြန်မာလူထုတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိရေးဖော်ဆောင်မှုမယ်ဆိုတဲ့အပေါ် ဘယ်လို စိန်ခေါ်မှု ကြုံလာနိုင်မယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ပထမ ပြောရမှာက move forward ကမဲ အများဆုံးရတဲ့ ပါတီလို့ပြောရမယ်။ သူကအစိုးရမဖြစ်သေးဘူး။ အစိုးရဖြစ်မလားဆိုတာ မသေချာသေးဘူးပေါ့။ သူတို့ ဂိမ်းကစားနေတယ်။ ဒါက တဦးတည်းပြောနေတဲ့အခြေအနေပါ၊ အခုက ပီတပေါ်မှာ မူတည်တယ်။ သူ ထိန်းချုပ်နိုင်လား မလုပ်နိုင်ဘူးလား။ ဒါပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးပေါ့၊ မြန်မာနိုင်ငံသားတွေအတွက် စစ်ဘေးရှောင်တွေအတွက် ကျနော့်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက အေးဆေးပဲ။ ဒါက ပြဿနာ မရှိဘူး။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုတာ ထိုင်းနိုင်ငံအနေနဲ့ အခြေခံ အကူအညီတွေက ပေးလို့ရပါတယ်။ အဲ့ဒီထက် ပိုတဲ့ နိုင်ငံရေးအရ အကူအညီတွေ လုပ်မယ်ဆိုရင်တော့ သူအစိုးရဖြစ်မှပဲ လုပ်နိုင်မယ်။ သူအစိုးရဖြစ်မှပဲ တစ်ခုချင်း သွားလို့ရမယ်။ 

မေး။ ။ မြန်မာ့တော်လှန်ရေး အတိုက်အခံ အင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒအောက်နေ အိမ်နီးချင်း ထိုင်းနိုင်ငံကို ဘယ်လိုချဉ်းကပ် သင့်ပါသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ ကြည့်ရမယ်ဆိုရင်တော့  NUG အစိုးရအနေနဲ့ပေါ့ အခုလည်း သူတို့ လုပ်သင့်လုပ်ထိုက်တာတွေ အများကြီး လုပ်ပြီးသွားပြီ။ ဒီလိုရှိတယ်။ နိုင်ငံရေးမှာ ကိုမင်းကိုနိုင်ပြောတဲ့အတိုင်း သစ်ရွက်က သူ့အလုပ်သူလုပ်မယ်။ ပင်စည်နဲ့အမြစ်က သူ့အလုပ်သူလုပ်မယ်။ အကိုင်းက သူ့အလုပ် သူလုပ်မယ်ဆိုတော့ NUG ကလည်း သူ့အလုပ် သူလုပ်နေတယ်။ သေချာတယ်၊ တခါတလေကျရင် ကိုယ်တို့ အားမရတာတဲ့အပိုင်းတွေရှိပေမယ့်၊ NUG က ဘာတွေလုပ်နေလည်းဆိုတာ ကိုယ်ကိုတိုင် မတွေ့ရတက်ဘူး မသိရဘူး။ ပြောစေချင်တာက လူကြီးပိုင်းကလည်း သူတို့အလုပ် သူတို့လုပ်နေတယ်။ ဆိုတော့ ကျနော်က ယုံကြည်တယ်။ သူတို့အလုပ်ကိုသူတို့လုပ်နေတယ်။ နောက်ပြီး လုပ်နိုင်မယ်လို့ လည်းယုံကြည်တယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်။

မေး။ ။ Move forward ပါတီနဲ့ နီးစပ်မှုရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့အတွက် ဆရာတို့ အဖွဲ့အစည်းအနေနဲ့ဘယ်လို အကူအညီပေးနိုင်မလဲ။ 

ဖြေ။ ။ ကျနော့်အနေနဲ့က NUG အနေနဲ့လည်း Move forward ပါတီနဲ့ ပါတီခေါင်းဆောင်တွေ ဘာတွေပြောနေလဲ၊ ဘာတွေလုပ်နေလည်းဆိုတာကို လုံးဝ မျက်စိထောင့်ဒေါက်ကြည့်နေပြီး။ လုံးဝ အစီအစဉ် တွေချနေပြီး လှုပ်ရှားဖို့ ပြောချင်တယ်။ move forward ပါတီသာ အစိုးရဖြစ်မယ်ဆိုရင် သူတို့မှာ အစီအစဉ်တွေ အများကြီးရှိမှာပါ။ ဒါပေမဲ့လည်း အဲဒီအတွက် NUG ဘက်ကနေ အစီအစဉ် တွေ အိုင်ဒီယာတွေ လိုချင်တယ်ဆိုရင်တော့ ကျနော်တို့ ဘက်ကလည်း အဆင်သင့်ပါပဲ။ ထိုင်းနိုင်ငံရေး သမားတွေနဲ့ ချိတ်ဆက်ဖို့ ကူညီပေးနိုင်ပါတယ်။

ဖြည့်စွက်ချက် 

ဖြေ။ ။ ကျနော်ပြောချင်တာက လက်ရှိလုပ်နေတဲ့ တော်လှန်ရေးသမားတွေကိုပေါ့နော်။ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ စိန်ခေါ်မှုက ကိုယ့်ကိုကိုယ်တိုင် လုပ်ရမယ်။ ငါတို့နိုင်ငံအတွက် ဘယ်လောက်လုပ်နိုင်လဲဆိုတဲ့ စိန်ခေါ်မှုမျိုးကို ကိုယ့်ကိုကိုယ် ဖန်တီးပြီး လုပ်ယူရမယ်။ သူများကို စိန်ခေါ်မှုကို လုပ်စရာမလိုဘူး။ ကိုယ့်ကိုကိုယ်ပဲ လုပ်ရမယ်။ ငါဘယ်လောက်ကောင်းနိုင်လဲ။ ငါဘယ်လောက်အထိနိုင်ငံအတွက်လုပ်နိုင်လဲ။ အဲ့ဒီခံစားချက်ရှိရမယ်။ နောက်ထပ် ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ သူများအလုပ်မှာ သူများတွေကို သွားပြီးမှ မစွက်ဖက်ပါနဲ့။ သူများတွေကို သွားပြီးမှ မရှုပ်ပါနဲ့။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ အဲ့ဒါ အကောင်းဆုံးပဲ။

Related Articles

Back to top button