ဆောင်းပါးအတွေးအမြင်

စစ်ကိုင်း(တိုင်း)ကို ဖက်ဒရယ်ယူနစ်ပေးလျှင် ဗမာပြည်နယ်ဘာလဲ၊ ဘယ်လဲ

စစ်ကိုင်း(တိုင်း)ကို ဖက်ဒရယ်ယူနစ်ပေးလျှင် ဗမာပြည်နယ်ဘာလဲ၊ ဘယ်လဲ

ဆလိုင်းကျဲအိုဘိခ်ထောင်း | အတွေးအမြင်

၂၀၂၃ ခုနှစ်၊ မေလ ၃၀ရက်နေ့မှာ ကျင်းပသည့် စစ်ကိုင်းဖိုရမ်တွင် အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာ ပေးပို့ရာမှာ စစ်ကိုင်း(တိုင်း)ကို ဖက်ဒရယ်ယူနစ်အဆင့် သတ်မှတ်ရေး လိုလားထောက်ခံသည့် အရေးအသားများတွေ့ရှိရာ စာရေးသူအနေဖြင့် အံ့သြမိပါသည်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာ ဝါအရင့်ဆုံးဟု လေးစားရသည့် KNU ကိုယ်တိုင်က ‘စစ်ကိုင်းဖက်ဒရယ်ယူနစ်တခုဖြစ်ပေါ်ရေးအတွက်…မိမိတို့မျှော်လင့်’ဟု ပေးပို့ပြီး၊ အလားတူ ပြည်သူ့ပန်းတိုင် အဖွဲ့ကလည်း ‘ပြည်နယ်ယူနစ်ဖွဲ့စည်းနိုင်ရေးအတွက်’ဟု ထည့်သွင်းထားသည်မှာ ထူးဆန်းလှပါသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က စစ်ကိုင်းတိုင်းကို ဉီးဆောင်နိုင်မည့် အစုအဖွဲ့/အင်အားစု အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေ’ဟု မတင်မကျသုံးနှုန်းပြီး တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)ကမူ ‘စစ်ကိုင်းတိုင်း အတိုင်ပင်ခံကောင်စီ’ ပေါ်‌ပေါက်လာရန်ဟု သုံးနှုန်းသည်။

ပအိုဝ့်အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ကလည်း ‘စစ်ကိုင်းတိုင်းအား အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၏ စံပြဒေသကြီးတစ်ခုအဖြစ် ထူထောင်နိုင်ကြပါစေကြောင်း’ဟု ပါးနပ်စွာ ဆုတောင်းပေးသည်။ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(BPLA)၏ သဝဏ်လွှာတွင် ‘ဖက်ဒရယ်ယူနစ်များနှင့် တန်းတူရည်တူ’ဟု တန်းညှိထားပါသည်။

မိမိအနေဖြင့် အံ့သြေမိသည်ဟုဆိုရာတွင် စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်(ပြည်နယ်)အဆင့် သတ်မှတ်ပေးရန် မသင့်ဟု ဆိုလိုခြင်းမဟုတ်ပေ။

တိုင်းရင်းသားများလိုလားသည့် ‘ဗမာ/မြန်မာလူမျိုးအခြေခံ ပြည်နယ် (ဖက်ဒရယ်ယူနစ်) ရှိရေး ညှိနှိုင်းနေစဉ်တွင် နေဝင်းက သတ်မှတ်ခဲ့သော တိုင်း ၇ ခုအနက် ဗမာအများစု နေထိုင်သည့် လက်ရှိ စစ်ကိုင်းတိုင်း (ဒေသကြီး) ယူနစ်ကို ဖက်ဒရယ်ယူနစ်အဖြစ် သဘောတူကြောင်း ကွက်ပြီး အဆိုပြုခြင်းသည် မည်သည့် အခြေခံ စဉ်းစားချက်ဖြစ်သည်ကို မေးခွန်းထုတ်ခြင်းဖြစ်သည်။

ဖက်ဒရယ်ယူနစ်(Federal Unit)ဟုဆိုရာတွင်

အများသိပြီးသားဖြစ်သော်လည်း ဝိဝါဒမကွဲအောင် အနည်းအကျဉ်း ရှင်းပြလိုပါသည်။ မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီအောင် Federal Democratic Charter (FDC) ရေးဆွဲသူများက ဤအသုံးအနှုန်း ဖက်ဒရယ်ယူနစ်ကို ယူဆောင်လာခြင်းဖြစ်သည်။ သင့်တော်မှုရှိပါသည်။ သို့သော် အမှန်တကယ် နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် Constituent Unit ဟု သုံးနှုန်းသည်။ တစ်ချို့ဆိုလျှင် Subnational State/Unit ဟု သုံးနှုန်းသည်။

မည်သို့ပြင်ဆိုစေ ပြည်ထောင်စု၏ ဒုတိယအလွှာ သို့မဟုတ် နိုင်ငံတော်တည်ဆောက်မှုကို အမြင့်ဆုံးဖြင့် ပိုင်းခြား သည့် ယူနစ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ အမေရိကန်တွင် State ဟုခေါ်ပြီး ကနေဒါက Province ၊ ဂျာမနီက Lander ဆွစ်ဇလန်က Canton မြန်မာက ပြည်နယ်/တိုင်း/တိုင်းဒေသကြီး စသည်ဖြင့်။

ဗမာပြည်နယ်ဟုဆိုရာတွင်

လူမျိုးနာမည်က ဗမာလော၊ မြန်မာလော၊ အတူတူ‌လော။ ဗမာဟု သုံးနှုန်းပါရစေ။ မိမိတို့ တိုင်းရင်းသားများက ဗမာလူမျိုးအခြေခံ ယူနစ်တစ်ခုထားရှိရေးကို လိုလားသည်။ FCDCC ခေါ် တိုင်းရင်းသားအဖွဲ့များရေးဆွဲခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေမူကြမ်း ပုဒ်မ ၄၉(က)(၅)တွင် ‘ဗမာအမျိုးသားပြည်နယ်’ဟု အတိအလင်း ဖော်ပြထားသည်။

ယင်းသည် အမျိုးသား တန်းတူရေးကို လိုလားသောကြောင့်ဖြစ်သည်။ လူဉီးရေများခြင်းနည်းခြင်းနှင့်မဆိုင်ပါ။ ပြည်နယ်များအကြား လူဉီးရေအင်မတန်ကွာဟသည့် ဖက်ဒရယ်နိုင်ငံများရှိပါသည်။ သာဓကအားဖြင့် အိန္ဒိယတွင် လူဉီးရေသန်း ၂၀၀ ကျော်သည့် Uttar Pradesh ပြည်နယ်ရှိသလို ၆ သိန်းသာရှိသည့် Sikkim ပြည်နယ်လည်းရှိပါသည်။

မိမိတို့အနေဖြင့် လက်ရှိတိုင်း(ဒေသကြီး) ခုနှစ်ခုစလုံးကိုပေါင်းပြီး ဗမာပြည်နယ်ဟု မဖြစ်မနေ သတ်မှတ်ရန် မဆိုလိုပါ။ တစ်ခုထက်မက ယူနစ်ဖွဲ့နိုင်ပါသည်။ ထို့ကြောင့် FCDCC တွင် အမျိုးသားပြည်နယ်နှင့် အမျိုးသားများပြည်နယ်ဟု နှစ်ပိုင်းခွဲထားခြင်းဖြစ်ပါသည်။ အဓိကမှာ ဗမာလည်း တိုင်းရင်းသားလူမျိုးတစ်ခု ဖြစ်သည့်အားလျော်စွာ ထိုလူမျိုးအခြေခံ ပြည်နယ်တစ်ခုရှိသင့်ကြောင်း၊ ထိုမှ အမျိုးသားတန်းတူရေး ဖော်ဆောင်ရာတွင် ချော်မွေ့မှာဖြစ်ကြောင်း၊ လက်ရှိတိုင်းခုနှစ်ခုကို ယူနစ်တစ်ခုထက်ပို၍ ပိုင်းခြားလျှင် ကျန်ယူနစ်(များ)ကို သင့်တော်သည့် နာမည်များပေးပြီး သီးခြားယူနစ်ဖြင့်ထားရှိနိုင်ကြောင်း၊ ထောက်ပြခြင်းသာဖြစ်သည်။

စစ်ကိုင်းယူနစ်နှင့် နောက်ဆက်တွဲပြသနာ

ဆိုခဲ့ပြီးသည့်အတိုင်း ဗမာအခြေခံယူနစ်ကို မည်သည့်နယ်နိမိတ်ကိုအခြေခံပြီး မည်ကဲ့သို့သတ်မှတ်မည် ဆိုသည်ကို အရင်ဉီးစွာ မသတ်မှတ်ခင် နေဝင်းကသတ်မှတ်ခဲ့သော ဗမာအများစုနေထိုင်သည့် လက်ရှိစစ်ကိုင်းတိုင်းကို အနာကပ်ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် တစ်ဘက်သတ် အဆိုပြုမှုသည် မြင်းရှေ့လှည်းရောက်သလိုဖြစ်သည်ဟု ရှုမြင်မိပါသည်။ မည်သည့် စံချိန်စံနှုန်း (Criteria)ကို အခြေခံသနည်းဟု မေးခွန်းထုတ်စရာလည်း ဖြစ်ပါသည်။

နောက်ထပ်စိုးရိမ်စရာမှာ နေဝင်းက တိုင်းရင်းသားပြည်နယ် (၇)ခုနှင့် ညီမျှအောင် ပိုင်းခြားခဲ့သည့် လက်ရှိယူနစ်အတိုင်း စစ်ကိုင်းတိုင်းကို အနာဂတ် ဖက်ဒရယ်ယူနစ်အဖြစ် ဗွေဆော်ဉီး အဆိုပြုလိုက်ပြီဆိုပါစို့၊ အခြားတိုင်း (၆)ခုကလည်း အလားတူ ဖက်ဒရယ်ယူနစ်ကိုယ်စီ တောင်းဆိုလျှင် မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ “စစ်ကိုင်းတိုင်းကတော့ သူတို့ရဲ့ နွေဉီးတော်လှန်ရေး ပေးဆပ်မှုကို အထူးဂုဏ်ပြုတဲ့အနေနဲ့ပေးတာဖြစ်တယ်”ဟု ဖြေရှင်းရမှာလား၊ သို့မဟုတ် “လိုချင်တဲ့သူတိုင်းပေးရမှာပေါ့”ဟု ဖြေရမှာလား။ သို့ဆိုလျှင် လက်ရှိ ၁၄ ယူနစ်နှင့် မည်ကဲ့သို့ ထူးခြားမှုရှိတော့မည်နည်း။

သို့တည်းမဟုတ်၊ “စစ်ကိုင်းတိုင်းကထူးခြားတယ်၊ FCDCC မူကြမ်းမှာ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့ကိုသာ အမျိုးသားများပြည်နယ်လို့သတ်မှတ်ထားတယ်၊ အဲဒီတိုင်း ၂ ခုက လူမျိုးရောထွေးမှုမြင့်မားလို့ပါ” ဆိုပါစို့။ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ချင်း၊ နာဂနှင့် ရှမ်းနီတို့ လူဉီးရေ ပြောပြလောက်အောင် ထူထပ်လျက်ရှိသည်။ တစ်ဘက်မှာ စစ်ကိုင်းတိုင်းသည် အညာဒေသ ဗမာလူမျိုး၏ ဆင်းသက်လာမှု၊သမိုင်းနှင့် ယဉ်ကျေးမှု၏ ဗဟိုအချက်အခြာဒေသဖြစ်သည်နှင့်အညီ တစ်တိုင်းလုံးကို ‘အမျိုးသားများပြည်နယ်’အဖြစ် တိုင်းရင်းသား ဘက်က တစ်ဘက်သတ် အဆိုပြုရန် သင့်တော်ပါ၏လော စဉ်းစားစရာဖြစ်သည်။

တတိယအချက်သည် လက်ရှိနွေဉီးတော်လှန်ရေး၏ ဖွဲ့စည်းတည်ဆောက်မှု(Structure)ကို ထည့်သွင်းစဉ်းစားဖို့ ဖြစ်ပါသည်။ တိုင်းရင်းသားများသည် နွေဉီးတော်လှန်ရေးစီမံခန့်ခွဲဖို့ ကိုယ့်ပြည်နယ်နှင့် ကိုယ့်လူမျိုးအခြေခံဖြင့် စုဖွဲ့မှုများ ပြုလုပ်နေကြပါသည်။ ဉပမာ- ကချင်မှာ KPICT၊ ချင်းမှာ ICNCC နှင့် CJDC၊ ကရင်နီမှာ KSCC၊ မွန်မှာ MSICC နှင့် MSFC၊ တအာင်း(ပလောင်)တွင် TPCC နှင့် ပအိုဝ့်တွင် (PNFC) စသည်ဖြင့်။ သို့သော် ဗမာပြည်မတွင် ဗမာပြည်နယ်သီးခြားမရှိခြင်းကြောင့်ပဲဆိုဆို ထိုကဲ့သို့သီးခြားမဖွဲ့ဘဲ NUG ကာကွယ်ရေးဌာန (MOD)၏  တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် စစ်တိုင်း(၃)ခု ထားရှိ၍ တိုက်ရိုက် စီမံအုပ်ချုပ်နေကြပါသည်။

ထို့ကြောင့် တိုင်းရင်းသားအဖွဲ့တစ်ချို့က စစ်ကိုင်းတိုင်းအဆင့် အတိုင်ပင်ခံကောင်စီဖွဲ့ဖို့ ပုံစံမျိုး တိုက်တွန်း လိုက်ခြင်းသည် ဗမာပြည်မစုဖွဲ့မှုမှာ ဝင်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်သွားနိုင်သည်ကိုလည်း သတိချက်သင့်သည်။

ထိုကဲ့သို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းအဆင့် အတိုင်ပင်ခံကောင်စီမျိုး တရေးနိုးထဖွဲ့ လာကြလျှင် NUG နှင့် လက်ရှိ PDF ဖွဲ့စည်းတည်ဆောက်မှုများ ကမောက်ကမ ဖြစ်ကုန်နိုင်သည်။

ထို့ပြင် ထိုသို့ဖွဲ့စည်းတည်ဆောက်မှုကြောင့် နောက်ပိုင်းတွင် ၎င်းကို ဖက်ဒရယ်ယူနစ်အဖြစ် ခံယူလိုသည့် နိုင်ငံရေး အတွေးအခေါ်ဝင်လာနိုင်ပြီး ဗမာပြည်နယ်စဉ်းစားချက်ကို လူမျိုးနှင့်လူမျိုးများအခြေခံစဉ်းစားချက်မှ နွေဉီး တော်လှန်ရေး(စစ်ရေး)စုဖွဲ့မှု အခြေခံစဉ်းစားချက်သို့ လမ်းချော်သွားနိုင်သည်။

နိဂုံးချုပ်

မိမိကိုယ်တိုင်သည် နွေဉီးတော်လှန်ရေးမှာ ချေစုံပစ်ပါဝင်သူဖြစ်ပြီး နွေဉီးတော်လှန်ရေးအတွင်း စစ်ကိုင်းတိုင်းရှိ ကလေး-ကဘော်နှင့် မကွေးတိုင်းအနောက်ဘက် ဂန်ဂေါနှင့် ထီးလင်းမြို့နယ်အထိ တော်လှန်ရေးနယ်မြေများကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့သူဖြစ်ပါသည်။ ထို့အတွေ့ကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ PDF နှင့် နာမည်/ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီကိုတော်လှန်သည့်အဖွဲ့များနှင့် ပြည်သူများကို အလွန်မှ လေးစားပြီး ဂုဏ်ယူမိပါသည်။

သို့သော် ဗမာပြည်မအတွက် ဖက်ဒရယ်ယူနစ်ကိစ္စသည် တစ်စုံလုံးကိုကြည့်ပြီး သတ်မှတ်ရမည့်ကိစ္စဖြစ်သည်။ ကွက်ပြီးစဉ်းစားရမည့်အရာမဟုတ်ပေ။ အထူးသဖြင့် ဗိုလ်နေဝင်းဆွဲထားခဲ့သည့် မြေပုံ(လိုင်း)ကို အရှိအတိုင်း ထပ်မံအတည်ပြုသလိုမဖြစ်ဖို့ အရေးကြီးပါသည်။

ထို့ကြောင့် အရင်ဆုံးလိုင်းကျနေဖို့က ‘ဗမာအခြေခံ သို့မဟုတ် ဗမာအမျိုးသား ပြည်နယ်/ဖက်ဒရယ်ယူနစ်’ရှိရေး ဖြစ်ပါသည်။ ဒုတိယအနေဖြင့် ၎င်းဗမာပြည်နယ်ကို မည်သည့်နယ်မြေဒေသအထိ သတ်မှတ်မည်ဆိုသည့်အချက်က လိုက်လာမည်ဖြစ်သည်။ ပြီးမှသာ ကျန်ရှိသောဒေသများရှိလျှင် အမျိုးသားများ သို့မဟုတ် ဒေသအခြေခံ ယူနစ်များဖြင့် လိုအပ်သလိုဖွဲ့ရမှာဖြစ်သည်။

ထို့ပြင် လက်ရှိနွေဉီးတော်လှန်ရေးကာလ NUG လက်အောက်က ဗမာပြည်မ စုဖွဲ့မှုနှင့် စီမံအုပ်ချုပ်မှုကိုလည်း မလိုအပ်ဘဲ ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားပေးဖို့လိုသည်ဟု ယူဆပါသည်။

Related Articles

Back to top button