ဆောင်းပါးသတင်းဆောင်းပါး

မြေရှားသတ္တုကြောင့် မြေပျက်ခဲ့ရတဲ့ တောင်သူတွေ

မြေရှားသတ္တုကြောင့် မြေပျက်ခဲ့ရတဲ့ တောင်သူတွေ

အားမီ

သတင်းနှင့် မီဒီယာ ကွန်ရက်။

“ရေနှောက်လို့လေ။ လူတွေက အဲ့ချောင်းကို အသုံးပြုလို့ မရတော့ဘူးလေ။ အခုနောက်ပိုင်းမှာတော့ ဒီ တိရိစ္ဆာန်တွေကလည်း ချောင်းကို သိပ်မကပ်ချင်ကြတော့ဘူး။ ရေသောက်တာ အနံ့တောင် ထွက်နေတာလေ။ အခု နောက် ပိုင်းကျတော့ အနံ့လည်း တအားဆိုးလာတယ်။ ဆိုတော့ သူတို့ လည်း တအားမဆင်းကြတော့ဘူး ချောင်း ထဲမှာ။ အခုက ဆိုးတာတစ်ခုက ချောင်းမှာက ငါးတွေလည်း ရှာစားလို့ မရတော့ဘူးပေါ့နော်” … လို့ ဆို လာသူ ကတော့ ချီဖွေမှာမွေးပြီး ချီဖွေမှာကြီးတဲ့ အသက် ၅၅ နှစ်အရွယ် လချိတ်အမျိုးသား ရပ်မိရပ်ဖ တစ်ဦးပါ။

ချီဖွေချောင်း ပျက်စီးနေတာ အခုမှမဟုတ်ပေမယ့် ၂၀၂၃ မှာတော့ လုံးဝအသုံးပြုလို့မရတဲ့ ချောင်း ဖြစ်သွားတာ လို့ ဆိုပါတယ်။

တကယ်တော့ ဒီချီဖွေချောင်းဟာ ချီဖွေဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်း အပြင် သောက်သုံးရေအဖြစ်ပါ အသုံးပြုခဲ့ကြတာပါ။

ချီဖွေချောင်းရေကို သောက်၊ ချီဖွေချောင်းရေနဲ့ ချက်ပြုတ်စား၊ ချီဖွေချောင်းထဲမှာ လျှော်ဖွတ်၊ ချီဖွေချောင်းထဲ မှာရှိတဲ့ ငါးတွေကို ရှာဖွေစားသောက်ရင်း နေထိုင်ခဲ့ကြရာကနေ ၂၀၁၉ ခုနှစ်ကလောက်စပြီး ချောင်းရေ ပျက်စီး မှုကို စတင်ကြုံတွေ့ရလာရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီချောင်း ဘာလို့ ပျက်စီးသွားရတာလဲ၊ အသုံးပြုလို့မရတော့တာလဲ…

ချောင်းပျက်စီးရတဲ့ အဓိက အကြောင်းအရင်းက မြေရှားသတ္တု တူးဖော်မှုကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ကို အများစုက ကျောက်စိမ်းထွက်တဲ့ဒေသလို့ ဆယ်စုနှစ်အတော် များ များကလည်းက သိလာခဲ့ပေမယ့် ဒီဒေသမှာ မြေရှားသတ္တုထွက်တာကိုတော့ သိပ်မသိခဲ့ကြပါဘူး။

ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်-ကျောက်စိမ်းမြေကို လူသိများပေမယ့် ကမ္ဘာမှာ တတိယမြောက် မြေရှားသတ္တုထွက်တဲ့ ဒေသကိုတော့ မသိကြတဲ့သူတွေများပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey) ရဲ့ အချက်အလက်တွေ အရတော့ တရုတ်က မြေရှားသတ္တုထွက်ရှိမှု အများဆုံး၊ အမေရိကန်ကတော့ ဒုတိယနဲ့ မြန်မာနိုင်ငံကတော့ တတိယဆိုပြီး ၂၀၂၀ မှာ ထုတ်ပြန်ထားပါတယ်။

USGS ရဲ့ ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မြေရှားသတ္တုထုတ်လုပ်မှု တန်ပေါင်း ၂၄၀,၀၀၀ ထုတ်ခဲ့တဲ့ထဲက တရုတ်နိုင်ငံက ၁၄၀,၀၀၀ တန်၊ မြန်မာနိုင်ငံက တန် ၃၀,၀၀၀ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာက ထုတ်တဲ့ ဒီမြေရှားသတ္တုတွေကိုလည်း တရုတ်နိုင်ငံကိုပဲ အဓိကတင်ပို့တာဖြစ်လို့ ထုတ် ပြန်ချက်က ဆိုပါတယ်။

Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို ကချင်ပြည်နယ်၊ ချီဖွေ၊ ပန်ဝါဒေသတွေမှာ အဓိက ထုတ်နေကြပြီး လာ ရောက်လုပ်ကိုင်သူတွေကလည်း တရုတ်လုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။ လျှပ်စစ်ပစ္စည်းတွေကို အများအပြား ထုတ်နေတဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်အရ မြန်မာနိုင်ငံဟာ မြေရှားသတ္တုထုတ်တဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ချီဖွေနဲ့ ပန်ဝါဒေသမှာရှိတဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ မြေရှားသတ္တုတူးတဲ့ လုပ်ကွက်ပေါင်း ၃၀၀ မှာ သတ္တု ကန် ပေါင်း ၂၇၀၀ ကျော်လောက်ရှိနေတယ်လို့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ထုတ်တဲ့ Global Witness အစီရင်ခံစာ က ဖော်ပြပါတယ်။

ကချင်အထူးဒေသ (၁) လို့ လူသိများတဲ့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ ပြည်သူ့စစ်အဖွဲ့တွေ၊ နယ် ခြားစောင့်တပ်ဖွဲ့တွေက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး မြေရှားသတ္တုတွေကို တူးဖော်နေကြတာလို့ ဒေသခံ တွေနဲ့ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အဲလို တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် နဲ့ ဒေသခံတွေက သောက်သုံးရေအတွက် မှီခို အသုံးပြုနေ ကြတဲ့ ချောင်းတွေပါ ပျက်စီးသွားဆုံးရှုံးသွားတယ်လို့ ဆိုကြပါတယ်။ အဲဒီထဲမှာ ချီဖွေချောင်းလည်း အပါအဝင် ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကစလို့ အမျိုးသားဒီမိုကရေစီအချုပ် NLD ပါတီ အစိုးရ သက်တမ်း တစ်လျှောက်မှာပါ တူးဖော်ခဲ့ကြသလို အခုလည်း အာဏာရယူထားတဲ့ အာဏာသိမ်း စစ်ကောင်စီလက်ထက် မှာလည်း ဆက်ပြီးတူးဖော်နေကြပါတယ်။

ဦးသိန်းစိန် အစိုးရနဲ့ NLD အစိုးရ လက်ထက် စစ်ကောင်စီလက်ထက်မှာ တူးဖော်မှုတွေဟာ သိသိသာသာ ပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်း အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ဆိုပါတယ်။

မြေရှားသတ္တုကို မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ တူးဖော်နေကြတာလဲ…

ကချင်ပြည်နယ် မြောက်ပိုင်း၊ ကချင်အထူးဒေသ ၁ ဖြစ်တဲ့ ပန်ဝါမြို့နယ်မှာ ပထမဆုံးစတင်တူးဖော်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဝါဒေသ ကချင်အထူးဒေသ ၁ နေရာကတော့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းထားတဲ့ ဇခုံတိန့်ယန်း ဦး ဆောင်တဲ့ ကချင်ဒီမိုကရေစီ တပ်မတော် NDA-K အခြေစိုက်ရာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဝါနဲ့ ချီဖွေကြားမှာ မြေရှားသတ္တုကို တူးဖော်နေကြတာ ဖြစ်ပြီး တရုတ်နဲ့ နယ်စပ် ကချင်ဘက်ခြမ်းရှိ ပန်ဝါ၊ ချီ ဖွေ ၊ ကန်ပိုက်တီးလို နေရာတွေမှာ မြေရှားသတ္တုတွင်းလုပ်ငန်းတွေ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဘယ်အချိန် ဘယ်ခုနှစ်မှာ မြေရှားသတ္တုတွေကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာကို အတိအကျ မသိရပေမယ့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြေရှားသတ္တုတူးဖော်မှုကို စတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိစပ်နေတဲ့ ပန်ဝါဒေသကတော့ မြေရှားသတ္တုထွက်ရှိရာ အသိုက် ဖြစ်နေပါတယ်။ ပန်ဝါနဲ့ ချီဖွေအကြားမှာ ကန့်လန့်ဖြတ်စီးဆင်းနေ‌တဲ့ ချီဖွေချောင်း အထက်ပိုင်း တစ်ဖက် တစ် ချက်က တောင်းတန်းတွေထဲ မြေရှားသတ္တုတူးဖော်ရေးတွင်း အများအပြားတွေ့ရှိရတယ်လို့ အဲ့ဒီဒေသ ဘက်ကို သွားရောက်လေ့လာခဲ့တဲ့ မြစ်ကြီးနားက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကနဦးတူးစမှာ လူမမြင်သူမမြင် တောတောင်တွေထဲ တူးရာကနေ တဖြည်းဖြည်း လူမြင်ကွင်းထဲ ရောက်နေပြီလို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ လမ်းဘေးနေရာတွေ၊ တောင်ယာတွေထဲအထိ တူးလာနေကြပြီး ရှာဖွေလေ့လာ စမ်းသပ်တူးဖော်မှုတွေကြောင့်လည်း ဒေသတွင်းရှိ မြေယာ၊ သောက်သုံးရေ၊ စားကျက်မြေတွေ ဥယျာဉ်ခြံမြေတွေပါ ပျက်စီးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

“လမ်းဘေးတစ်လျှောက်မှာ သတ္တုတူးဖော်တဲ့အတွက် လမ်းပေါ်မှာကျလာတဲ့အခါ လမ်းပြိုတာတို့ သွားလာ ရေး ခက်ခဲလာတာတို့ ရှိတာပေါ့နော်။ ပြီးတော့ ဒီမှာ ပြောမယ်ဆိုရင် ကလေးတွေ အဲချောင်းမှာ ရေဆော့ ကစားကြ တယ်။ အဲ့ဒါမျိုးတွေလေ အခုရေဆော့ကစားတာလေး မရတော့ဘူး။ ချောင်းက ဘောလုံးကွင်းနား ဆိုတော့ ဆော့ ကစားလို့ပြီးရင် ရေချိုးနေကြတာ ဟုတ်တယ်။ အခုတော့ ရေချိုးလို့လည်း မရတော့ဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပန်ဝါနဲ့ ချီဖွေအကြားမှာ ကန့်လန့်ဖြတ်စီးဆင်းနေ‌တဲ့ ချီဖွေချောင်း အထက်ပိုင်းကစပြီး တလျှောက်တူးဖော်လာ တာကြောင့် အခု ၂၀၂၃ ခုနှစ်ထဲမှာတော့ ချီဖွေချောင်းရေက လုံးဝသောက်သုံးလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ချီဖွေဒေသခံတွေအတွက် ထိခိုက်နစ်နာမှုများ

ပန်ဝါပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့တွေက ဒေသခံအာဏာပိုင်တွေက လက်ဝါးချင်းရိုက်ပြီး တရုတ် ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းရှင်တွေကို ချီဖွေ-ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ခွင့်ကို ပေးထားတာ ဖြစ်ပါ တယ်။

ဒီအုပ်စုတွေပူးပေါင်းပြီး ဒေသခံတွေရဲ့ အသံကို လစ်လျူရှုကာ စည်းမဲ့ကမ်းမဲ့ မြေရှားသတ္တု တူးဖော်နေကြလို့ ချီဖွေချောင်းက လုံးဝပျက်စီးသွားပြီလို့ ပြောပါတယ်။

ချီဖွေဒေသခံတစ်ဦးက “ချီဖွေချောင်းရေက အရမ်းနောက်သွားပြီ၊ အခုနောက်ပိုင်းကျတော့ အနံ့လည်း တအား ဆိုးလာတယ်။ အရင်တုန်း ကဆိုရင် အဲ့ချောင်းရေမှာပဲ ငါးတွေရှာစားပြီး စျေးမှာ သွားရောင်းစားကြတယ်။ စီး ပွားတောင် ဖြစ်နေကြတာလေ။ နေ့ကြရင်ငါးရှာ မနက်ကျရင် မနက်စျေးမှာ ရောင်းစားကြတာလေ။ အဲလို ငါးရှာစားကြတာတလ။ စီးပွားတောင် ဖြစ်နေကြတာ။ အခုတော့ အဲလိုမျိုးတွေ မရှိတော့ဘူးလေနော်” လို့ ပြော ပါတယ်။

ဒီချောင်းရေ ပျက်စီးလာတဲ့အတွက် အခုတော့ ငါးတွေလည်း မရှိတော့သလို ရေထုညစ်ညမ်းမှုတွေကြောင့် သောက်မိတဲ့ တိရိစ္ဆာန်တွေ နေမကောင်းဖြစ်တာ လူတွေ ချောင်းဆိုး ရပ်ကျပ်ဖြစ်လာကြတယ်လို့ ဒေသခံ အမျိုး သမီးတစ်ဦးက ပြောပါတယ်။

“လယ်တော လယ်ထွန်သွားတဲ့သူတွေ၊ သွားနေကြတဲ့သူတွေ အတွက်တော့ အဲ့ချောင်းရေကို သောက်သုံးကြ တယ်လေ။ အခုက အဲ့လိုမျိုးတွေ သောက်သုံးလို့မရတော့ဘူးလေ။ သွားသောက်မိတဲ့ နွားတွေလည်း ပိန် ညှောင် ပြီးမှ သေသွားကြတာကိုး။ ဒါ့အပြင် ရာသီဥတု ပြောင်းလဲတဲ့ ဒဏ်တွေလည်း ခံနေရပြီ။”

မြေရှားသတ္တုတူးဖော်တဲ့အခါ အားပြင်းတဲ့ အက်စစ် အနည်းဆုံး ၅ မျိုးကိုသုံးပြီး တောတောင်ကမ်းပါးမြေသား တွေထဲကို ထိုးသွင်းပြီး အရင်ဆုံးစမ်းသပ်တူးဖော်ကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အောက်ဇားလစ် အက်စစ် (Oxalic acid) နဲ့ အမိုနီယမ် ဘိုင်-ကာဘွန်နိတ် (Ammonium bi-carbonate) အပြင် တခြား အားပြင်းအက်စစ်တွေကို သုံးပြီး တူးဖော်ကြရတာကြောင့် ဒီအက်စစ်တွေဟာ သစ်တောတွေ၊ သဘာဝ တောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်ပျက်စီးစေရုံမက လူတွေကိုလည်း အရိုးပွရောဂါ၊ အစာအိမ် အူလမ်းကြောင်း ရောဂါ၊ မျက်စိနဲ့ အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်စေနိုင်တယ်လို့ Global Witness အဖွဲ့ကြီးက သတိပေးထားပါတယ်။

မြေရှားသတ္တုတူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ မြေရှားသတ္တု တူးဖော်တဲ့ နေရာဒေကရဲ့ ဂေဟစနစ်ကို ပျက်စီးခြင်းတို့ ဖြစ်လာစေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ ပြောပြချက်အရ တခြားသော လူမှုရေးပြဿနာတွေလည်း ရှိလာတယ်ဆိုပါတယ်။

ကချင်ဒေသခံတစ်ဦးက “အခုဒီ ကျနော်တို့ ပန်ဝါ၊ ချီဖွေဒေသမှာဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေများ လာ တယ်၊ တရုတ်နိုင်ငံသားတွေ အများကြီးဖြစ်သွားတယ်။ ဆိုတော့ လူမှုရေးပြဿနာ၊ နောက် အဆိုးဆုံးကတော့ မူးယစ်ဆေးပြဿနာ ဖြစ်လာတယ်။ ရှာလွယ်တယ်၊ ဝယ်ရလွယ်တယ်။ လုပ်ကွက်မှာ အလုပ်လုပ်တဲ့လူတွေက ပိုက်ဆံပေါပေမယ့် ဒေသခံ လူငယ်တွေက ပိုက်ဆံအဆင်မပြေတော့ ခိုးဆိုးလုယက်မှုများလာတယ်။ ကုန်စျေး နှုန်းကြီးတဲ့ ဒဏ်ကိုလည်း ဒီက ဒေသခံတွေ အများကြီး ခံနေရတယ်” လို့ ပြောပါတယ်။

တရုတ်လုပ်ငန်းရှင်တွေရဲ့ ငွေကြေးအသုံးပြုမှု အခြေအနေအရ တရုတ်ငွေကိုသာ အဓိကထား အသုံးပြုရခြင်း၊ ထိုသို့ တရုတ်ငွေကိုသာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အသုံးပြုရသောကြောင့် ငွေကြေးတန်ဖိုးကွာဟချက် ကြီးမားခြင်း၊ နောက်ဆက်တွဲအနေဖြင့် အသုံးစရိတ်မြင်တက်ခြင်းတို့ကိုလည်း ဒေသခံတွေက ရင်ဆိုင်နေရ တယ်လို့ ချီဖွေဒေသခံတွေက ပြောပါတယ်။

မြေရှား သတ္တုတူးဖော်မှု လုပ်ငန်းကြောင့် ဒေသခံတွေရဲ့ မြေယာတွေ လက်လွတ်ဆုံးရှုံးနေရပြီး အလုပ်လက်မဲ့ပြ ဿနာ၊ လူမှုရေးပြဿနာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းတွေ ဆုံးရှုံး ပျက်စီးကုန်တာကြောင့် ဒီမြေရှားသတ္တုတူးဖော်မှုက ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အကျိုးယုတ် စေတဲ့ လုပ်ငန်းသာဖြစ်တယ်လို့ ဒေသခံတွေက ရှုမြင်ကြပါတယ် တူးဖော်မှုသာဖြစ်သည်။

မြေရှားသတ္တုဆိုတာဘာလဲ..?

မြေရှားသတ္တု (Rare Earth) က သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိလှဘူးလို့ ဆိုကြပါတယ်။ အခြားသတ္တု တွေနဲ့ ပေါင်းစပ်ကာ သုံးကြတာဖြစ်ပြီး အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် အရေးပါတဲ့ သတ္တုဖြစ်တယ်လို့ ဆိုကြပါတယ်။

ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တစ်ဦးက “မြေရှားကို တခြားသတ္တုတွေနဲ့ ရောပြီး မိုဘိုင်းဖုန်း တွေ၊ ကွန်ပျူတာတွေရဲ့ အချက်အလက်သိုလှောင်ရာပစ္စည်းပေါ့နော် ဒီ (Hard Drive) တို့ ဒီလျှပ် စစ်ကားတွေ၊ နောက်ပြီး တီဗွီ စတာတွေ ထုတ်တဲ့နေရာမှာ မရှိမဖြစ်တဲ့ ကုန်ကြမ်းလို့လည်း ပြောလို့ရတယ်။ နောက် ပြီး ဒီစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ အဝေးထန်းကိရိယာစနစ်တွေ၊ လေဆာ၊ ရေဒါအပြင် ဒီကျနော် တို့ အသံပိုင်းဆိုင်ရာ ထောက်လှမ်းရေးစနစ်နဲ့ အီလက်ထရောနစ် ပစ္စည်းအမျိုးမျိုးကို ထုတ်တဲ့ နေရာတွေမှာ သုံးကြတယ်” လို့ ပြောပါတယ်။

မြေရှားသတ္တုတွေကို အထူးသဖြင့်တော့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ကုမ္ပဏီတွေက ဝယ်ယူကြတာဖြစ် ပါတယ်။ လျှပ်စစ်ကား ဘတ္ထရီအတွက် အများဆုံးသုံးကြသလို အခြား လျှပ်စစ်ပစ္စည်းထုတ်လုပ်တာတွေအပြင် ဖန်ထည် မှန်ထည် လုပ်ငန်းတွေမှာလည်း သုံးကြတယ်လို့ ဆိုပါတယ်။

အဆင့်မြင့် အီလက်ထရောနစ်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ထုတ်လုပ်ရာမှာ မြေရှားသတ္တုက မရှိမဖြစ် အလွန်အရေးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြေရှားသတ္တုကို မည်သို့တူးဖော်နေကြသနည်း…

မြေရှားသတ္တုကို စည်းမဲ့ကမ်းမဲ့ တူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးလာတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာကတော့ ချီဖွေ-ပန်ဝါဒေသက ဌာနတိုင်းရင်းသားတွေပါ။

မြေရှားသတ္တုတူးဖော်တဲ့အခါ ပထမစစတူးချိန်တွင် အပေါ်ယံမြေဆီလွှာကို သီးသန့်ဖယ်ရှားပြီး တူးဖော်ခြင်းက နိုင်ငံတကာ စံနှုန်းဖြစ်တယ်လို့ မြစ်ကြီးနားက မြေရှားသတ္တုတူးဖော်မှုတွေကို လေ့လာ မှတ်တမ်းယူနေတဲ့ သဘာ ဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

ဒီနေရာမှာ အဓိက အရေးပါတာက သတ္တုသိုက်ကို ပြန်ပိတ်ပြီးသိမ်းတဲ့ အချိန်က အရေးကြီးဆုံး ဖြစ်လာပါ တယ်။ သတ္တုတူးပြီးတဲ့ အသိုက်နေရာကို ပြန်ပိတ်ထဲအခါမှာ တူးဖော်ချိန်က ဖြစ်ခဲ့တဲ့ တွင်းကြီးတွေကို စွန့်ပစ် မြေစာတွေနဲ့ ဖုံးတာ၊ သင်ပင်တွေ ပြန်လည်စိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို အရင်အတိုင်း ပြန်ဖြစ်ဖို့ ကုစားရတဲ့အချိန်က အတော်လေးကို အချိန်ယူရတယ်လို့ ပြောပါတယ်။

မြေရှားသတ္တုတူးဖော်ရာကနေ ထွက်တဲ့ ဓါတုပစ္စည်းတွေနဲ့ အားပြင်း အက်စစ်တွေကြောင့် အန္တရာယ်ကလည်း ဆိုးရွားစွာ ထိခိုက်ခံစားနေရတာပါတယ်။

နောက်ထပ် အရေးကြီးတဲ့အရာကတော့ သတ္တုသိုလှောင်ကန်တွေ ဖြစ်ပါတယ်။ သတ္တုသိုက်ရှိရာအနီးမှာပဲ သတ္တုသန့်စင်ကန် သိုလှောင်ကန်တွေကို ပြုလုပ်ကာ ဓာတုဗေဒဆေးရည်တွေကို အသုံးပြုပြီး သတ္တုသန့်စင်နေကြရတယ်လို့ အဲ့ဒီမှာ အလုပ် လုပ်ခဲ့ဖူးတဲ့ တနိုင်းဒေသခံတစ်ယောက်က ပြောပါတယ်။

“အဲ့ဒီမှာ အလုပ်လုပ်တုန်းက ကျမမောင်လေးဆို ခဏခဏ ဖျားတယ်။ ပိုက်ဆံတော့ ရတယ် တစ်လကို ယွမ် ၂၀၀၀ ကျော်ရတယ်။ ဒါပေမယ့် မတန်ဘူး။ ကျန်းမာရေးထိလာတာ ဟုတ်တယ်။ အဲ့ဒီကထွက်တဲ့ အငွေ့တွေ အမှုန့်တွေကို ရှူရတာလေ။ နှာခေါင်းထဲဝင်ပြီး ချောင်းဆိုး၊ အသက်ရှကျပ် အဲ့လိုဖြစ်လာတယ်။ အသားအရေ လည်း ပုံမှန်မဟုတ်လာဘူး။”

သတ္တုသန့်စင်ကန်နှင့် သိုလှောင်ကန်တွေက ထွက်လာတဲ့ ဓာတုဆေးရည်တွေပါတဲ့ စွန့်ပစ်ရည်တွေက မြေရှား တူးဖော်တဲ့ လုပ်ကွက်အနီးမှာရှိတဲ့ ချီဖွေချောင်းရေထဲ စီးဝင်လာပြီး ချောင်းပျက်စီးသွားတာ ဖြစ်နိုင်တယ်လို့ ဒေ သခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ချီဖွေချောင်းရေက မေခမြစ်ထဲကို စီးဝင်တဲ့ ချောင်းတစ်ချောင်း ဖြစ်တာကြောင့် ဧရာဝတီမြစ်ပါ ဓာတုဗေဒ အဆိပ်သင့်ထားတဲ့ အရည်တွေ စီးဝင်ပြီး မြစ်ရေ ညစ်ညမ်း ပျက်စီးလာတော့မယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါ တယ်။

မြေရှားသတ္တုတူးဖော်နေတဲ့ ချီဖွေ-ပန်ဝါဒေသက မြန်မာနိုင်ငံရဲက အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ဖျားခံရာ၊ ရေဝေရေလဲဒေသဖြစ်တာကြောင့် ဒီမြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကို မတားဆီးနိုင်ဘူးဆို ရင် မြစ်ဧရာပါ ထိခိုက်ပျက်စီး ပြောင်းလဲသွားတော့မယ်လို့ သဘာဝပတ်ကျင်အရေး လှုပ်ရှားနေသူတွေက သတိပေးထားပါတယ်။

တောင်းဆိုမှုများ..

အထက်ပါ အခြေအနေများကြောင့် မြေရှားသတ္တုတူးဖော်မှုများကို ရပ်တန့်ပေးဖို့ ဒေသခံတွေက အစိုးရအဆက် ဆက်ကို တောင်းဆိုခဲ့ကြပါတယ်။

ချီဖွေဒေသက အသက် ၅၅ နှစ်အရွယ် ရပ်မိရပ်ဖ အမျိုးသားကြီးက “ကျနော်တို့ အရင်ကလည်း သတ္တုတူးဖော် ရေးကို ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မလုပ်ပေးဘူး။ ဘယ်သူမှ ဂရုမစိုက်ဘူး ဘယ်သူမှ ဖြေရှင်းပေး တာမျိုး မရှိတာ။ ကျနော်တို့အနေနဲ့ ဒီမှာ မလုပ်ခိုင်းစေချင်ဘူး။ လုံးဝထွက်သွားစေချင်တယ်” လို့ ပြောပါတယ်။

မြေရှားသတ္တုတူးဖော်မှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုက ၂၀၂၃ ခုနှစ် ဧပြီလက ဖြစ်ခဲ့တာကို ချီဖွေဒေသ က ပြည်သူတွေက မှတ်မိနေကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း လုပ်ကိုင်နေ တဲ့ မြေရှားသတ္ထုတူးဖော်ရေး လုပ်ငန်း တွေကို ရုတ်သိမ်းလိုက်ပြီလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗန်း မော်ခရိုင်အတွင်းက ပြည်သူတွေ တွေ့ဆုံစဉ် ပြောဆိုလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းက အင်ဘာပါ၊ ဒိန်ဆင်းပါ၊ အင်ဂျုံ ဘွမ်၊ ဖိုင်ဒန်၊ ဒရောန်၊ ဂျန်မိုင်၊ ဖက်ဂွမ် စတဲ့ နေရာတွေမှာ KIO/KIA ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စတင်ကာ စမ်းသပ်တူးဖော်မှုဟာ ဒေသခံတွေအတွက် ရေရှည်မှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းတွေ၊ မြေယာ တွေ ပျက်စီးကာ စားဝတ်နေရေး အခက်အခဲဖြစ် လာမှာကို စိုးရိမ်ပြီး ဆက်တိုက် အပြင်းအထန် ကန့်ကွက်ဆန္ဒပြ ခဲ့ကြရာကနေ ၂၀၂၃ ခုနှစ် ဧပြီလမှာ ရပ်တန့်သွားခဲ့ပါတယ်။

ချီဖွေ- ပန်ဝါက ဒေသခံတွေကလည်း ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာဖို့ မျှော်လင့်နေကြပေမယ့် ဆန္ဒထုတ်ဖော်ဖို့ နေ နေ သာ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ကြောင်း ပြောဆိုသူ၊ လုပ်ကွက်အနီး သွားတဲ့သူတွေကို ဖမ်းဆီးစစ် ဆေးတွေနဲ့ ခြိမ်းခြောက်တာတွေရှိနေတဲ့အတွက် စိုးရိမ်ကြောက်လန့်နေကြရတယ် ဆိုပါတယ်။

တန်ဖိုးကြီးတဲ့ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းတိုင်းမှာ ဘေးထွက်ဆိုးကျိုးများစွာရှိနေတာ ကြောင့် ရေရှည်တည်တံ့တဲ့ စနစ်ကျတဲ့ နည်းလမ်းတွေ ရှာဖွေညပီး တူးဖော်တာတွေ လုပ်ဖို့လိုအပ်သလို ဌာနေ တိုင်းရင်းသားတွေရဲ့ အသံတွေကို နားထောင်ကာ၊ ဖြစ်တည်မှုတွေကို လေးစားပြီး ပြည်သူတစ်ရပ်လုံးအကျိုး ခံစားခွင့်မရှိတဲ့ နိုင်ငံအတွက်ကြီးမားတဲ့ သယံဇာတလေလွင့် ဆုံးရှုံးမှုတွေကို တားမြစ်နိုင်မယ့် နည်းလမ်းတွေ အမြန်ဆုံးရှာဖွေ တားမြစ်ပေးကြဖို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာစောင့်ကြည့်နေသူတွေက တောင်းဆိုနေကြပါတယ်။

Related Articles

Back to top button