အတွေးအမြင်

တိုက်ပွဲကြားက ဖက်ဒရယ်လစ်ဇင်အသီးအပွင့်များ

တိုက်ပွဲကြားက ဖက်ဒရယ်လစ်ဇင်အသီးအပွင့်များ

ကိုယ်ပိုင်ဒေသန္တရအစိုးရတွေ နိုင်ငံအနှံ့အပြားမှာ ထွက်ပေါ်လာခြင်းဟာ  အာဏာသိမ်း စစ်အုပ်စုကို အင်းအားချိနဲ့လာစေပြီး တခေတ်ဆန်း ဒီမိုကရေစီ အလေ့အထအသစ်တွေကို ဖြစ်ပေါ်စေပါတယ်။

——————–

Priscilla A. Clapp; Arkar Hein (ဘာသာပြန် ဆောင်းပါး ကဏ္ဍ)

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ဖြစ်ရပ်ဟာ ကြမ်းကြုတ်တဲ့ မြန်မာစစ်အာဏာရှင်တွေအနေနဲ့  လက်အောက်ခံ ဒေသန္တရအစိုးရတွေ ပေါ်ထွက်လာမှာကို ဘယ်လောက်‌တောင်‌ ကြောက်ရွံသလဲဆိုတာ ပိုမိုထင်ရှားစေပါတယ်။ စစ်အုပ်စု လက်အောက်ခံ အာဏာပိုင်တွေ လက်လွတ်လိုက်ရတဲ့ လွတ်မြောက်နယ် စစ်ကိုင်းတိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေးရုံး အသစ်တစ်ခု ဖွင့်ပွဲလုပ်နေစဉ်မှာ စစ်တိုက်လယာဉ်တွေရောက်လာပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် ဖွင့်ပွဲ တက်ရောက်လာတဲ့ ဒေသခံရွာသား (၂၀၀) ခန့်ဟာ သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေကို သယ်ထုတ်ဖို့ ကြိုးပမ်းနေချိန်မှာ Mi35 ရဟတ်ယာဉ် ရောက်လာပြီး အခင်းဖြစ်ပွားနေတဲ့နေရာကို ထပ်မံလှည့်လည် ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် လူအနည်းဆုံး (၁၇၀) ဦး သေဆုံးခဲ့ပါတယ်။

မန္တလေးမြောက်ပိုင်း မိုင် (၇၀) အကွာ ပဇီကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မတိုင်ခင်ကလည်း နိုင်ငံတဝန်းလုံးက ကျောင်းတွေ၊ ဆေးရုံဆေးပေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ အုပ်ချုပ်ရေးရုံးတွေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သမိုင်းတစ်လျောက်ကို ပြန်ကြည့်ရင် စစ်အုပ်စုဟာ နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ ဒေသခံအာဏာပိုင်တွေကို အမှီအခိုပြုလေ့ရှိတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ခုလို အစားထိုး ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေ ပြန့်နှံ့လာနေမှုကို နှိမ်နင်းခြင်းဟာ စစ်အုပ်စုရဲ့ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေး ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေက ဖော်ပြနေပါတယ်။

နိုင်ငံတကာမှ မြန်မာနိုင်ငံပဋိပက္ခအရေး စောင့်ကြည့်လေ့လာသူတွေအနေနဲ့  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို ပြည်သူတွေ ခုခံတွန်းလှန်လာခဲ့ကြပြီး အတိုက်အခံအစိုးရတစ်ရပ်အသွင် အင်အားကြီးဖွဲ့စည်းမှု တည်ဆောက်ကာ ခုခံတွန်းလှန်စစ် ဆင်နွဲလာခဲ့တဲ့ နိုင်ငံရေးအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြိုးပမ်းမှုအကြောင်းကို ပိုမိုသိရှိလာကြပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် သိပ်မမြင်သာတဲ့အရာကတော့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးဝင်ရောက်လာနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ဆက်နွယ်နေတဲ့ ကိုယ်ထူကိုယ်ထ ဒေသန္တရအဆင့် အစိုးရတွေအကြောင်း ဖြစ်ကြပါတယ်။

ဒေသန္တဆိုင်ရာထိန်းချုပ်မှု၏ ဗျူဟာမြောက်အရေးပါမှု

—————————

အကြမ်းဖက်ရက်စက်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ လူအင်အား တဖြေးဖြေး အင်အားနည်းလာနေတာကြောင့် ဒေသန္တရအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဗျူဟာအရ စိုးရိမ်မှု မြှင့်တက်လာပါတယ်။ စစ်အုပ်စုအနေနဲ့ ဒေသန္တရအဆင့်မှာ အုပ်ချုပ်ရေး တည်ဆောက်နိုင်စွမ်းမရှိအောင် တားဆီးခြင်းဟာ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုရဲ့ ပင်မရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်မှာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အဖွဲ့တွေဟာ ဒေသခံ ပြည်သူတွေကို ဖိနှိပ်ရန်နှင့် စစ်တပ်ထိန်းချုပ်မှုကို ခြိမ်းခြောက်တဲ့အရာ မှန်သမျှကို ဖော်ထုတ်ရှင်းလင်းမှုတွေမှာ ဒေသခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့တွေကို အသုံးပြုခဲ့ပါတယ်။

ဒါ‌ကြောင့် တော်လှန်ရေးလှုပ်ရှားမှုဟာ မြေပြင်လှုပ်ရှားမှု အဆင့်မှာ အောက်ပါရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဦးစားပေး လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

  • စစ်အုပ်စုက ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများကို ထိန်းချုပ်နိုင်စွမ်းမရှိအောင် တားဆီးခြင်း
  • စစ်အုပ်စုအားပေး ဒေသန္တရအုပ်ချုပ်ရေးမှူးများနှင့် ရဲစခန်းများကို ရှင်းလင်းဖယ်ရှားခြင်း
  • တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးသော ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ခြင်း

ဒီနေ့အချိန်အထိ တော်လှန်ရေးလှုပ်ရှားမှု ဆက်လက်တိုးတက်နေခြင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ ဆန့်ကျင်နေသူတွေကို အကြမ်းဖက်သောင်းကြမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှု နည်းလမ်းတွေ သုံးပြီးဖြိုခွင်းဖို့ မစွမ်းဆောင်နိုင်ဘူးဆိုတာ ပေါ်လွင်နေပြီး တော်လှန်ရေးအင်အားစုတွေဟာ အမှန်တကယ် ရှင်သန်ရပ်တည်နိုင်စွမ်း ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။

စစ်အုပ်စုဟာ ဒေသန္တရအဆင့်မှာ ဖိနှိပ်မှုတွေ လုပ်နေပေမယ့် မအောင်မြင်ခြင်းဟာ စစ်အုပ်စုအတွက် နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်စေပါတယ်။ စစ်အုပ်စုကို နိုင်ငံရေးကနေဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကို ဖန်တီးရမယ်ဆိုတဲ့ တော်လှန်ရေးလှုပ်ရှားမှုရဲ့ ပန်းတိုင်ကို ဆုတ်ကိုင်ထားတဲ့ ဗဟိုချုပ်ကိုင်မှုနည်းတဲ့ အစားထိုးအစိုးရတစ်ရပ် ကြီးထွားလာနေခြင်းပဲဖြစ်တယ်။

ဒီလှုပ်ရှားမှုတွေရဲ့ လက်ငင်း သက်ရောက်မှုတစ်ခုကတော့ အစားထိုး ဒေသန္တရအုပ်ချုပ်ရေး ပိုမိုကျယ်ပြန့်လာခြင်းကြောင့် အတုအ‌ရောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုယူရန် ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ အစီအစဉ်ကို အနည်းဆုံးတော့ နောက်နှစ်အထိ နောက်ဆုတ်သွားအောင် တွန်းပို့ရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အရင်ကလို တစ်နိုင်ငံလုံးအတိုင်းအတာ ဆန္ဒမဲပေးပွဲကို ကြီးကြပ်ဆောင်ရွက်ဖို့ ဘယ်လိုမှ မစွမ်းနိုင်တော့တဲ့အဆုံးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လွှတ်တော်ကို စစ်တပ်ရဲ့ အလိုတော်ရိအမတ်တွေသာ ထိန်းချုပ်နိုင်စေဖို့အတွက် အဓိကပါတီကြီးတွေမပါပဲ လိမ်လည်ထားတဲ့ရလဒ်တွေနဲ့ အများအမြင်အရ တစ်စုံလက်ခံနိုင်စရာရှိတဲ့ ရွေးကောက်ပွဲကို ဖန်တီးရုံမှတစ်ပါး သူ့မှာအခြားရွေးချယ်စရာ မရှိတော့ဘူးဆိုတာ သိလာခဲ့ပါပြီ။

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲနဲ့ သတ်ဖြတ်မှု ဗျူဟာက တည်ငြိမ်မှုကို ယာယီလေးတောင် မဖန်တီးပေးနိုင်ဘူးဆိုတာကို လက်ခံအသိအမှတ်ပြုဖို့ သတင်းအချက်အလက်နဲ့ အကြံပြုချက်တွေ ကောင်းကောင်း ရထားကြပါလိမ့်မယ်။ နောက်ထပ်ထွက်ပေါ်လာမယ့် အနာဂတ် အစိုးရအဆက်ဆက်မှာ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အစုအဖွဲ့အတွက် စစ်မှန်တဲ့နေရာတစ်ခု ဘယ်တော့မှရှိလာမှာ မဟုတ်ပါဘူး။

မြေပြင်လှုပ်ရှားမှုမှ ထွက်ပေါ်လာတဲ့ ကိုယ်ပိုင်အစိုးရ

———————

U.S. Institute of Peace နဲ့ အခြားသော အဖွဲ့အစည်းတွေက မကြာသေးခင်က ပံ့ပိုးဆောင်ရွက်ခဲ့တဲ့ လေ့လာမှုအချို့အရ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပေါ်နေတဲ့ ဒေသတွေရဲ့ တစ်ဝက်ကျော်မှာ ကိုယ်ထူကိုယ်ထ အစိုးရအဖွဲ့တွေ တဖြေးဖြေး ကြီးထွားလာနေတယ်လို့ အတည်ပြုဖော်ပြထားပါတယ်။ ထိုဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလူမျိုးစုတပ်တွေဟာ စစ်အုပ်စုတပ်ဖွဲ့တွေ မဝင်ရောက်လာနိုင်အောင် တားဆီးနိုင်စွမ်းရှိကြပြီး စစ်တပ်က အရပ်သားပြည်သူတွေကို ခြောက်လှန့်ဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအပေါ် ပိုမို အမှီအခို ပြုလာနေရပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးကို အစဉ်အလာအရ အသုံးပြုလာခဲ့တဲ့ အလေ့အထတွေအပေါ် အဓိက အခြေတည်ပြီး တည်ဆောက်ကြပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းကအချို့ဒေသတွေမှာလိုမျိုး အဓိကကျတဲ့ လူနည်းစုတိုင်းရင်းသားလူမျိုးစုဒေသတွေမှာ  အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ရေး တည်ဆောက်လာခဲ့တာ ဆယ်စုနှစ်များစွာ ရှိလာခဲ့ပါပြီ။

ဗမာလူများစုတွေ နေထိုင်ရာ ဒေသအချို့ပါဝင်တဲ့ ပြည်မဒေသတွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) ကနေတစ်ဆင့် စစ်သားဟောင်းတွေကို အဓိကခန့်အပ်ပြီး ခေတ်အဆက်ဆက် နေပြည်တော်ကနေ အုပ်ချုပ်ခဲ့ကြပါတယ်။

လူများစုဒေသတွေမှာပါ လက်နက်ကိုင် တွန်းလှန်မှုတွေ ကြီးထွားလာချိန်မှာ အထွေထွေအုပ်ချုပ်ရေး (GAD) ယန္တရားအများစု ပြိုလဲလာခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အမျိုးမျိုးရဲ့ အကာအကွယ်အောက်မှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ဒေသအများစုမှာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းဟောင်းတွေဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးနဲ့ အခြားသော ရပ်ရွာလူထု ဝန်ဆောင်မှုလုပ်ငန်းတွေသာမက အုပ်ချုပ်ရေးလုပ်ငန်းတွေမှာပါ ပံ့ပိုးဆောင်ရွက်လာခဲ့ကြပါတယ်။

ဒါဟာ အခင်းအကျင်းအသစ်တစ်ခု ဖြစ်တယ်ဆိုပေမယ့် တကယ်တမ်း ကျေးလက်ဒေသတွေမှာ ဒေသခံပရဟိတအဖွဲ့တွေ၊ ကိုယ်ထူကိုယ်ထ အသင်းအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေက လူမှုဖူလုံရေးလုပ်ငန်းတွေ ဆောင်ရွက်လာခဲ့ပြီး ရပ်ရွာလူထုကြား အပြန်အလှန်နားလည်ဖေးမမှု၊ မျှဝေဖလှယ်မှုနဲ့ ရပ်တည်လာခဲ့တာ သမိုင်းတစ်လျှောက် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အစိုးရက ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်နေတဲ့ ဒေသတွေမှာ အစားထိုးဖြည့်ဆည်းမှုတွေ လုပ်ပေးကြတဲ့ အလေ့အထဟာ အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာ သိသိသာသာ အရှိန်ပိုကောင်းလာခဲ့တာ တွေ့ရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲကို ဆက်လက် ရင်ဆိုင်အံတုနိုင်စွမ်းရှိစေဖို့အတွက်ဖြစ်စေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ပံ့ပိုးကူညီမှု ပေးရာမှာဖြစ်စေ ဒါဟာအလွန်အရေးကြီးတဲ့အ‌ချက်တစ်ခု ဖြစ်ပါတယ်။ မကွေးတိုင်း၊ ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ်တို့လို အခြားသော အဓိကကျတဲ့ တော်လှန်ရေးဒေသတွေမှာလည်း ဒီအတိုင်းပဲ ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။

ဖက်ဒရယ်စနစ် အခြေတည်နိုင်ရန် ပြင်ဆင်ခြင်း

———————-

အသစ်ပေါ်ထွက်လာနေတဲ့ ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေဟာ ခေတ်သစ် မြန်မာနိုင်ငံအတွက် တမူထူးခြား ပါတယ်။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးသမိုင်းတစ်လျှောက် နှစ်အတော်များများမှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဗဟိုချုပ်ကိုင်မှုကြီးမားခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ လွပ်လပ်တဲ့ တတိယအလွှာအုပ်ချုပ်ရေးဖြစ်တဲ့ ဒေသန္တရအုပ်ချုပ်ရေး ကင်းမဲ့နေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေးကို အများပြည်သူပိုမိုပါဝင်မှုရှိတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ အစားထိုးဖို့ ရည်ရွယ်ပြီး ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေ (Democracy Local Administration Act) ကို ၁၉၅၃ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းစစ်တပ် အာဏာသိမ်းပြီးနောက် ထိုအက်ဥပဒေကို ဖျက်သိမ်းလိုက်ပြီး ခေတ်အဆက်လက် စစ်အာဏာရှင်အဖွဲ့တွေအောက်မှာ GAD အရာရှိတွေဟာ မြေသိမ်းမှုနဲ့ အတင်းအဓ္ဓမနှင်ထုတ်မှုတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါတယ်။ ဘာသာရေးလူနည်းစုနဲ့ လူမျိုးစုလူနည်းစုတွေကို ဒုတိယတန်းစား ဒါမှမဟုတ် တတိယတန်းစား နိုင်ငံသားတွေအနေနဲ့ အဆင့်လျော့သတ်မှတ်ထားတဲ့ သီးသန့်အမျိုးသားရေးလက္ခဏာ တည်ဆောက်ရာမှာ GAD တွေဟာ စစ်တပ်အတွက် တပ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။

လူထုဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကနေ ကိုယ့်ကိုယ်ကိုကာကွယ်ရန် တစ်ခုတည်းအတွက် တိုက်နေကြတာမဟုတ်ပဲ အကျင့်ပျက်ခြစားမှု၊ စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေနဲ့ ပြည့်နေတဲ့  စစ်တပ်ကြီးစိုးထားတဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုပါ ဖြိုချအစားထိုးနိုင်ဖို့ တိုက်နေကြတာ ဖြစ်ပါတယ်။

ဒီရှုထောင့်ကနေကြည့်ရင် အသစ်ထွက်ပေါ်လာတဲ့ အုပ်ချုပ်ရေးယန္တရားတွေဟာ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျ စီမံအုပ်ချုပ်မှုရှိတဲ့ ဖက်ဒရယ်စနစ်တစ်ခု တည်ဆောက်နိုင်ရန်ဆိုတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ခုခံတွန်းလှန်မှုကြီးရဲ့ ရည်ရွယ်ချက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရှိနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

ဒေသန္တရအဆင့်အုပ်ချုပ်ရေးမှာ တော်လှန်ရေးအင်အားစုတွေ ရင်းဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ

———————————

မြေပြင်လှုပ်ရှားမှုတွေကနေ အစပြုခဲ့တဲ့ အသစ်ထွက်ပေါ်လာတဲ့ ဒေသန္တရအုပ်ချုပ်ရေးစနစ်ရဲ့ ဖွဲ့စည်းလည်ပတ်မှု ပုံစံတွေဟာ အရွယ်အစား၊ဝန်ဆောင်မှုပေးနိုင်မှု အတိုင်းအတာနှင့် အမျိုးအစား အရ ကွာခြားချက် ကြီးမားပါတယ်။ အချို့အဖွဲ့တွေဟာ စတင်သန္ဓေတည်တဲ့အဆင့်မှာရှိပြီး တည်ငြိမ်မှုမရှိသေးတဲ့အပြင် စစ်တပ်ရဲ့ ရံဖန်ရံခါ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်လည်း ပြိုကွဲခဲ့ရပါတယ်။

ပိုပြီးအခြေခိုင်တဲ့ အဖွဲ့တွေကတော့ ပညာရေး ဝန်ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အကူအညီပေးရေးလိုမျိုး ရပ်ရွာလူထု ဝန်ဆောင်မှုလုင်ငန်းတွေ ဆောင်ရွက်ပေးနိုင်ရုံသာမက တရားမျှတရေးလုပ်ငန်းကိုပါ ပံ့ပိုးကူညီပေးနိုင်ကြတာ တွေ့ရပါတယ်။ ဥပမာ – USIP ရဲ့ ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ် အချက်အလက်တွေအရ မကွေးတိုင်းဒေသကြီးမှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေအောက်မှာ လည်ပတ်နေတဲ့ တော်လှန်ရေးဘက်က ပညာရေးဝန်ဆောင်မှု ပေးသူတွေဟာ ကျောင်းသားပေါင်း (၇၈,၀၀၀) ခန့်ကို လူတွေ့သင်ကြားပေးပြီး (၂,၆၀၀) ခန့်ကို အွန်လိုင်းကတစ်ဆင့် သင်ကြားပေးနေခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ဒေသန္တရအုပ်ချုပ်ရေးယန္တရားအများစုဟာ ရဲလုပ်ငန်းနဲ့ စစ်ဘက်ကာကွယ်ရေး လုပ်ငန်းအတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို အမှီအခိုပြုကြပါတယ်။ အုပ်ချုပ်ရေးကို အထွေထွေခုခံတွန်းလှန်ရေးနဲ့ တော်လှန်ရေး အခင်းအကျင်းထဲမှာ အခြေတည်ထားတာဖြစ်ပြီး သူတို့ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊  စစ်အုပ်စုဝန်ထမ်းတွေ နှုတ်ထွက်ဖို့ တွန်းအားပေးတာ၊ သတင်းအချက်အလက် စုဆောင်းတာ စတာတွေ လုပ်ဆောင်ကြ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီကနေ သူတို့အ‌ထောက်အပံ့ ဘယ်လောက်အတိုင်းအတာအထိ ရနေတယ်ဆိုတာကတော့ သူတို့စွမ်းဆောင်ရည်ရဲ့ ထိရောက်မှုနဲ့ ခိုင်မာမှုအပေါ် မူတည်ပြီး ကွဲပြားလေ့ရှိပါတယ်။

ကိုယ်ထူကိုယ်ထ ဒေသန္တရအစိုးရတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး စိန်ခေါ်မှုတွေထဲက အလွန်အရေးကြီးတဲ့အချက်တစ်ခုကတော့ အရင်းအမြစ် နည်းပါးခြင်း ဖြစ်ပါတယ်။ ဥပမာ – စစ်အုပ်စုရဲ့ အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းနဲ့ မကွေး တိုင်းဒေသကြီးတွေက ဒေသန္တရအုပ်ချုပ်ရေးအစုအဖွဲ့တွေဟာ နိုင်ငံတကာအကူအညီ ရရှိမှု လုံးဝမရှိသလောက်ပါပဲ။ ဥပမာ – ၂၀၂၂ ခုနှစ် အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးကို ပေးပို့ခဲ့တဲ့ စားနပ်ရိက္ခာအကူအညီတွေဟာ အန္ဒိယနိုင်ငံ နယ်စပ်တစ်လျှောက်က မြို့နယ်တွေအထိပဲ ရောက်ခဲ့ပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်းထဲက IDP စုစုပေါင်းရဲ့ ၁၀ % နဲ့ IDP မဟုတ်တဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူ ၈ % အတွက်လောက်ပဲ လွှမ်းခြုံမှု ရှိပါတယ်။

တော်လှန်ရေးရဲ့ ဖွဲ့စည်းလည်ပတ်မှုပုံစံထဲမှာ ဒေသန္တရအုပ်ချုပ်ရေး အာဏာပိုင်ဖြစ်လိုကြတဲ့ လက်နက်ကိုင် ဒါမှမဟုတ် အရပ်သား တော်လှန်ရေးအစုအဖွဲ့ အမျိုးမျိုးနဲ့ ပတ်သက်ပြီးတော့လည်း မကြာခဏဆိုသလို ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒီလို အငြင်းပွားမှုကိစ္စတွေကို NUG အနေနဲ့ ဖြေရှင်းဖို့ ကြိုးစားလာခဲ့ပေမယ့် တစ်ဖက်မှာ တော်လှန်ရေးလှုပ်ရှားမှုကြီးရဲ့ ဗဟိုချုပ်ကိုင်မှုနည်းတဲ့ သဘောသဘာဝကို အသိအမှတ်ပြုလေးစားဖို့လည်း လိုအပ်တာကြောင့် သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ သိပ်ပြီးအရာမရောက်ပဲ ဖြစ်နေခဲ့ပါတယ်။

တစ်ချို့နေရာတွေမှာ NUG နဲ့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးနှစ်ခု ထပ်နေတာကြောင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေခဲ့ ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစု အုပ်စုတွေရဲ့ လှုပ်ရှားမှုဟာ ယခင်တည်ရှိလာခဲ့တဲ့ ပြည်နယ် နယ်နမိတ်တွေရဲ့ ပြင်ပကို ရောက်လာတဲ့အခါ အဲ့ဒီဒေသတွေမှာ ထိုစိန်ခေါ်မှုတွေ ကြုံတွေ့ရပါတယ်။

မြေပြင်မှသင်ခန်းစာများ

————-

ကျေးလက်ဒေသတွေကနေ ထွက်ပေါ်လာတဲ့ ဒေသန္တရအုပ်ချုပ်ရေးအကြောင်း လေ့လာချက်မှာ အဓိကထင်ရှားတဲ့ သင်ခန်းစာ (၃) ခုကို တွေ့မြင်ရပါတယ်။ ပထမတစ်ခုက ဒီလိုယန္တရားအသစ်တွေဟာ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းတောင်းဆိုနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

ဒီယန္တရားတွေ ပိုမိုအားကောင်းလာတဲ့အလျောက် အရပ်သားထိန်းချုပ်မှုအောက်ကို လွှဲပြောင်းပေးနိုင်မယ်ဆိုရင် ဒေသန္တရအဆင့်မှာ စစ်‌ဘောင်ကျယ်လာတဲ့ အခြေအနေကို ကြီးမားတဲ့တန်ပြန်ထိန်းညှိမှု ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က စစ်အုပ်စုဘက်က ရပ်/ကျေးအဆင့်မှာ အုပ်ချုပ်နိုင်စွမ်းမရှိတော့ခြင်းဟာ သူတို့ရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

မဲရုံဝန်ထမ်းတွေဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့ နေရာတွေကို သွားရောက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်လုံးက ဒေသန္တရ အုပ်ချုပ်ရေးရုံးတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့် မဲစာရင်းအတွက်လိုအပ်တဲ့ မှတ်တမ်းမှတ်ရာတွေ အတော်များများလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒီနေရာတွေမှာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့ရင်တောင် တည်ငြိမ်မှု ဖန်တီးပေးနိုင်မှာ မဟုတ်ပဲ ပဋိပက္ခတွေနဲ့ ပြဿနာတွေပဲ ပိုပြီးကြီးထွားလာဖို့ များပါတယ်။

တတိယအချက်က စစ်အုပ်စုရဲ့ အကြမ်းဖက်မှုဒဏ်ကြောင့် အကာအကွယ်မဲ့နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့တွေကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ထိ‌ရောက်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။

ဒီလိုဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အကူအညီပေးရေး အဖွဲ့အစည်း‌တွေ နဲ့သာမက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း နီးနီးကပ်ကပ် ချိတ်ဆက်မှု ရှိကြသူတွေ ဖြစ်ပါတယ်။ ရပ်ရွာလူထုကြားက အပြန်အလှန်နားလည်ဖေးမမှု၊ အရင်းအမြစ် မျှဝေသုံးစွဲမှုနဲ့ အကူအညီလိုအပ်သူတွေအပေါ် နွေးထွေးဗျူငှာမှု စတဲ့အလေ့အထတွေဟာ မြန်မာနိုင်ငံမှာ ထုံးတမ်းအစဉ် အလာအရ တည်ရှိလာခဲ့တာကြောင့် ဒီလို ရပ်ရွာလူထုအဖွဲ့အစည်းတွေဆီကို ငွေ‌ကြေးပံ့ပိုးမှုပေးခြင်းဟာ ဒီအဖွဲ့အစည်းတွေက ဝန်ဆောင်မှုပေးနေတဲ့ ပြည်သူလူထုအတွက် အကောင်းဆုံး အကျိုးဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

United States Institute of Peace ရဲ့ Website စာမျက်နှာမှာ Priscilla A. Clapp; Arkar Hein ရေးသားတဲ့ အတွေးအမြင် ဆောင်းပါးကို ဖက်ဒရယ်ဂျာနယ် မြန်မာက တွဲဖက်အယ်ဒီတာ ကံ့ကော်ဖြူ ဆီလျော်အောင် ဘာသာ ပြန်ဆို ထားပါတယ်။

မူရင်း ဖတ်ရှုလိုပါက လင့်ခ် –

https://www.usip.org/publications/2023/05/amid-fight-myanmar-federalism-rises-grass-roots?fbclid=IwAR1KQjJt1EMOaOY0nplNcdtHV4tDc0qw5lBILLEPBHPQY0Zb3LewHm2GO7g

Related Articles

Back to top button