သတင်း

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးတယ်လို့ NUG ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၁၅ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီ တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ ကို မေ ၁၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏ နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့က ဆွေးနွေးပြောကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဆွေးနွေးမှုမှာတော့ MOCHA မုန်တိုင်းသွားနေတဲ့ လမ်းကြောင်းအရ ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ မကွေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်ထိ ခရီးဆက်မဲ့ သဘောဖြစ်ကြောင်း၊ အွန်လိုင်းမရရှိတဲ့ ကျေးရွာနေ ပြည်သူများဆီကို သတင်းလက်ဆင့်ကမ်းရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ချင်း၊ မကွေးနဲ့ စစ်ကိုင်းဖက်က အကာအကွယ် လုံလုံလောက်လောက် မရှိတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက်အထူး စိုးရိမ်မိတဲ့ အတွက် ကြိုတင်ပြီးကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် တက်ရောက်လာကြတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုတာများကို အပြန်အလှန် ဆွေး နွေးခဲ့ကြ တယ်လို့ ထုတ်ပြန်ပါတယ်။

အခုတွေ့ဆုံပွဲမှာတော့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button