သတင်း

မြန်မာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီ ပေးနိုင်ရေး လုပ်ဆောင်ဖို့ အာဆီယံ ခေါင်းဆောင်များ တောင်းဆို

ဓါတ်ပုံ – Reuters

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၀ ရက်၊ ၂၀၂၃။

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ တွေကို အကူအညီပေးနိုင်ဖို့  အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေ တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကျွန်ုပ်တို့ လွန်စွာမှ စိုးရိမ်ပူပန်ပါတယ်။ တိုက်ခိုက်မှုတွေအားလုံးကို  ချက်ချင်း ရပ်တန့်ဖို့၊  အရေးပေါ် တွေ့ဆုံဆွေးနွေးဖို့ နဲ့ အကူအညီတွေပေးနိုင်ရေး ဖန်တီပေးဖို့  တောင်းဆိုပါတယ်လို့ အာဆီယံ ခေါင်းဆောင်တွေ စုပေါင်း ထုတ်ပြန် တောင်းဆိုထားတယ်”လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လက်ရှိ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က တိတ်ဆိတ်နေမှာလား၊ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုတွေ ဆောင်ကြဉ်းပေးသူဖြစ်အောင် လုပ်မလား ဆုံးဖြတ်ရ မယ့် အချိန်ရောက်နေပြီလို့ အာဆီယံ ထိပ်သီးညီလာခံမှာ ပြောသွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်ဟာ အာဆီယံခေါင်းဆောင်တွေကို ကတိပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာမယ့် အလားအလာမရှိတဲ့အတွက် အာဆီယံခေါင်းဆောင်တွေဟာ သည်းခံနိုင်စွမ်း ကုန်ဆုံး လာနေတယ်လို့ ရိုက်တာ သတင်းရဲ့ ဖော်ပြချက်မှာ ဆိုထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီ နာတာလယ် ဂါဝါကတော့ မြန်မာ စစ်ခေါင်းဆောင်တွေကို ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

အခုလို အာဆီယံ ထိပ်သီးညီလာခံတွေမှာ မြန်မာနိုင်ငံနေရာကို ထိုင်ခုံ အလွတ်ထားထားတာဟာ၊ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းတဲ့ သဘောမဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေကို စိတ်သက်သာရာ ရစေတဲ့အကြောင်း၊ အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့် မပေးတာအပြင် အခြား ခြေလှမ်းတွေကို ဆောင်ရွက်ဖို့ လိုသေးတဲ့အကြောင်း သူက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်န်ရစ် မာနလိုကတော့ လက်ရှိ မြေပြင်က အခြေအနေဟာ ခက်ခဲနေတဲ့အတွက် အာဆီယံအနေနဲ့ လုပ်လို့ရတာ လုပ်နေပြီး မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ပေါ်ပေါက်နေတာဟာ အဖွဲ့အတွက် မကြုံစဖူး ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့လည်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Related Articles

Back to top button