ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၀ ရက်၊ ၂၀၂၃။
(INVEST-91B) အမှတ်ရှိတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား တိုက်ခိုက်လာနေတယ်လို့ အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)ဟာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိကာ လိမ္မော်ရောင်အဆင့် သတ် မှတ်ထားတယ်လို့ မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
မိုး/ဇလ၏ ဒီကနေ့ မေလ ၁၀ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲအချိန်ထုတ်ပြန်ချက် အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
အိန္ဒိယမိုးလေဝသဌာနရဲ့ အခုပုံအညွန်း ဇယားအရ မေလ ၁၂ ရက် ညနေ ၆ နာရီခွဲမှာ မုန်တိုင်းဗဟိုလေတိုက်နှုန်းအပြင်းဆုံးဖြစ်နိုင်ပြီး 140-150 km/h Gusting to 165 km/h လို့ ဖေါ်ပြထားပါတယ်။
မိုင်နှုန်းနဲ့ပြောရရင် တစ်နာရီ ၈၆ မိုင်မှ ၉၃ မိုင်၊ GUST(ရုတ်တရက်ဆောင့်တိုက်တဲ့လေပြင်းအား) ၁၀၂.၅ မိုင်အထိ ရှိနေမယ်လို တွေ့ရပါတယ်။
အဲ့ဒီတည်နေရာက မြောက်လတ္တီတွဒ် ၁၄.၆ အရှေ့လောင်ဂျီတွဒ် ၈၈.၀) ဖြစ်တဲ့အတွက် ကိုကိုးကျွန်းရဲ့ အနောက်ဘက် မိုင် ၃၆၀၊ ရန်ကုန်မြိုရဲ့ အနောက်-အနောက်တောင်ဘက် မိုင်၅၆၀ ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် ၄၇၀ ခန့်နဲ့ ကျောက်ဖြူမြိုရဲ့ အနောက်တောင်ဘက် မိုင် ၄၉၀ မှာရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ဆုံး ခန့်မှန်းနေရာကို ကျော်ဖြတ်ဝင်ရောက်မဲ့အချိန်အရဆိုရင် မေလ ၁၄ ညနေပိုင်းက စပြီး ရခိုင် ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နဲ့ မွန်တနင်္သာရီကမ်းရိုး တန်းတွေမှာ မိုးသက်လေပြင်းများကျပြီး လှိင်းကြီးမဲ့ အခြေအနေများ ဖြစ်ပေါ်နိုင်ပါတယ်။
မိုးသက်လေပြင်းကျရောက်နိုင်မဲ့ အခြေနေများဟာ ကမ်းရိုးတန်းဒေသများအပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အနောက်ပိုင်းဒေသတွေမှာပါ မိုးသက်လေပြင်းများကျရောက်ပြီး နေရာအလိုက်မိုးသည်းထန်နိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
အခု ပုံအညွန်းဟာ အိန္ဒိယမိုးလေဝသဌာနက မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မုန်တိုင်းဖြစ်ပေါ်နိုင်ပုံအဆင့်ဆင့်၊ အချိန်၊ တည်နေရာနဲ့ မုန်တိုင်းပြင်းအား(CATEGORY)တွေကို ဖေါ်ပြထားတဲ့ဇယားဖြစ်ပါတယ်။