အတွေးအမြင်

ရှေ့ဖုံးနောက်ပေါ်

ရှေ့ဖုံးနောက်ပေါ်

ဝင်းမျိုးသူ | အတွေးအမြင်

လံကွတ်တီစီမံအုပ်ချုပ်ရေးအမြင်နဲ့ ရှေ့ဖုံးနောက်ပေါ်မှာပါပဲ။ ဆယ်စုနှစ်များစွာ စီမံခန့်ခွဲမှုအမှားများနဲ့ မြန့်မာစီးပွါးရေးဟာ နာတာရှည်ဖြစ်တာကြာလှပြီ။ Balance of payment, Inflation, Economic growth နဲ့ Unemployment တွေဟာ မက်ခရိုဘောဂဗေဒဆိုင်ရာ အလေးထားရမဲ့ အခြေခံအကျဆုံး စီးပွါးရေးကိန်းရှင်တွေပဲဖြစ်တယ်။

Balance of payment

အစိုးရရဲ့ ငွေပေးငွေယူရှင်းတမ်းဟာ အိမ်တအိမ်မှာ ဝင်ငွေထွက်ငွေ အနှုတ်ပြနေသလား အပေါင်းပြနေသလားဆိုသလိုပဲ နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေမှ ရရှိနေတဲ့ဝင်ငွေတွေဟာအသုံးစရိတ်ကို ကာမိရဲ့လားဆိုတာကို ဆန်းစစ်လေ့လာကြတာပဲဖြစ်တယ်။

ထွက်ငွေများလို့ကြွေးတင်နေရင် စီးပွါးရေးထပ်မံတိုးချဲ့ဘို့ ခက်မယ်။ ဒါဆို ဝင်ငွေတွေက ကြာလေကျဆင်းလေဖြစ်မှာပဲ။ နဝတ လက်ထက်က စိုင်ကော်လို့ခြုံပေါ်ရောက်ခဲ့လေကာ ရေနံနဲ့သဘာဝဓာတ်ငွေ့ တွေရှာဖွေတွေ့ရှိခဲ့ပြီး အစိုးရအိပ်ဖောင်းခဲ့ပါတယ်။ သို့သော် ဝင်လာတဲ့ ဒေါ်လာကို ပြင်ပငွေလဲနှုန်း တထောင်ကျော်ပေါက်တာကို အစိုးရနှုန်း၆ ကျပ်နဲ့သင့်ကာ စာရင်းလျှော့ဖော်ပြကာ ပိုငွေတွေစာရင်းဖျောက်ခဲ့ကြတယ်။

ပြည်တွင်းက အစိုးရဌာနတွေရဲ့ဘတ်ဂျက် မှာ နိုင်ငံခြားငွေနဲ့ အသုံးစရိတ် မသုံးစွဲအောင်ကန့်သတ်ခဲ့သလို ပြည်တွင်းကျပ်ငွေဘတ်ဂျက်ကလည်း ဝန်ထမ်းလစာပေးရုံသက်သက်ပဲဖြစ်ခဲ့ပြီး ငွေလုံးငွေရင်းသုံးစွဲမှု မရှိသလောက်ပါပဲ။ ပြည်တွင်း လိုအပ်တဲ့ဆေးဝါးကို နိုင်ငံတကာအဖွဲ့အစည်းတွေပံ့ပိုးတဲ့စီမံကိန်းတွေက ရတဲ့ ဖွံ့ဖြိုးရေးအကူအညီရငွေကပဲ တင်သွင်းခဲ့တာများပြီး ကိုယ်တိုင်အကုန်အကျခံသုံးစွဲတာမရှိခဲ့ဘူး၊ လမ်းတံတားနှင့်ဆည်တွေ၊ တက္ကသိုလ်အဆောက်အဦးတွေ ဆောက်ခဲ့တာတွေ နိုင်ငံတော်အထူးဘတ်ဂျက်နဲ့ဆောက်ခဲ့တာရှိပါတယ်။

သို့သော်အားလုံးသိတဲ့အတိုင်း အများစုက အဘလာဘ်စားတဲ့အထဲ ပါခဲ့သလို ကန်ထရိုက်တာကလည်း အဘကို ပေးထားတာဖြစ်တဲ့အတွက် ဆောက်လုပ်ရေးအရည်အသွေးက ချာတူးလန်လည်း ဂရုစိုက်စရာမလိုခဲ့ပါဘူး။

ငွေကုန်ပေမဲ့ တူတူတန်တန်လောက်လောက်လားလား ကျန်ခဲ့တဲ့ infrastructure ရယ်လို့မရှိခဲ့ဘူး၊ အထင်ရှားဆုံး ဥပမာက ဆည်တွေပါပဲ။ သူတို့ရဲ့ ကိန်းဂဏန်းတွေအရကို ဆည်တွေဟာ ရေပေးဝေရမဲ့ ဧရိယာတဝက်ကိုပဲ အမှန်တကယ်ရေပေးဝေနိုင်ခဲ့ပါတယ်။ တခုတော့ရှိပါတယ်။ ဒုဋ္ဌဝတီမြစ်ပိတ်ပြီးဆောက်ခဲ့တဲ့ရဲရွာ ရေအားလျှပ်စစ်ဆည်ကတော့ နိုင်ငံခြားအကူအညီမပါ ကို့ယ်ငွေနဲ့စိုက်ပြီးဆောက်ခဲ့တဲ့ အောင်မြင်တဲ့စီမံကိန်းတခုပါ။

အစိုးရရဲ့ငွေပေးငွေယူရှင်းတမ်းမှာ လိုငွေပြနေတာကို ရှင်းဘို့ဆိုတာ ငွေမရှိလို့ မရင်းနိုင်တာမျိုး မဟုတ်ရလေအောင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တိုးတက်ဘို့ရယ်၊ နိုင်ငံတကာအထောက်အပံ ပိုရရှိရန်ကြီုးစားပြီး ပြည်တွင်း ထုတ်လုပ်ရေး ပိုမိုတိုးတက်အောင်ဖြေရှင်းကြပါတယ်။ ဒီနှစ်ခုစလုံးရဘို့ လက်ရှိမှာကော နောင်မြင်တဲ့ အနာဂတ်မှာကော ဖြစ်နိုင်ဘွယ်ရာမရှိပါဘူး။

လက်ရှိပြောနေတဲ့ တရုတ် ရုရှား Foreign Direct Investment FDI က တိုင်းပြည်ထဲ ငွေလုံးငွေရင်း ဝင်လာပြီး ပြည်တွင်း ငွေလည်ပတ်မှုကို အထောင်အကူပြုတဲ့ ODI တွေမဟုတ်ကြပါ။ သူတို့နိုင်ငံတွေထဲ သူတို့ကုမ္ပဏီ subcontractor တွေပဲသုံးပြီး ပြည်တွင်းမှာ စာရင်းလာဖော်ကာ မြီရှင်အနေနဲ့ ကိုယ့်နိုင်ငံက ငွေတွေပြန်ကဲ့ထုတ်သွားမဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှုတွေပါ။ လောလောလတ်လတ် မြေလာဦးတာ လုပ်ပိုင်ခွင့်လိုင်စင်ရအောင်လုပ်တာ ပွဲလန့်တုံးဖျာလာခင်းတာထက်မပိုပါဘူး။

လက်ရှိမှာတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကရငွေက တနှစ် ၃ ဘီလျှံဒေါ်လာရှိနေပြီးဒါဟာ ရေရှည်မှာ အကျဖက်ကိုပဲရှိပါတယ်။ ဒီငွေကလည်း အစိုးရဆီကိုတိုက်ရိုက်ရောက်သွားတဲ့ငွေဖြစ်ပြီး စစ်ရေးအသုံးစရိတ် အတွက်လိုတဲ့ နိုင်ငံခြားငွေ ဖြည့်ဆီးရေးကိုပဲ အဓိက သုံးစွဲသွားမယ်လို့ယူဆစရာရှိတဲ့အတွက် ကျန်ရင်းနှီးမြှုတ်နှံမှုတွေအတွက်သုံးစွဲစရာမရှိလောက်ပါဘူး။

စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကဏ္ဍက ပို့ကုန်ရငွေကိုကြည့်ရင် (၂၀၂၁/၂၀၂၂)

ဆန် ၇၁၃+ပြောင်း ၅၇၄+မတ်ပဲ ၅၂၁+ပဲတီစိမ်း၆၂၀+ပဲစဉ်းငုံ၁၅၄+ကုလားပဲ၂၀+ပဲမျိုးစုံ၁၉၄+နှမ်း၂၅၁+ကြက်သွန်၃၀+မန်ကျည်း၆+ရာဘာ၄၆၁+ပုဇွန၉၇+ငါး၆၀၄+ဂဏန်း၆၇+သကြား၆၀

ရှိတာမို့ ၄.၄ ဘီလျှံ ဒေါ်လာ နီးပါး စကစ ရဲ့ ပထမ သက်တမ်းအတွင်း တင်ပို့နိုင်တာဖြစ်ပြီး နှမ်းကလွဲလို့ ကျန် ပို့ကုန်အများစုဟာ ယခင်ကထက်ပို ပြီး ပို့ကုန်ဝင်ငွေရခဲ့တာတွေ့ရပါတယ်။

သစ်လုပ်ငန်းကတော့ သန်း ၁၀၀ သာသာ ရခဲ့ပြီး သတ္တုလုပ်ငန်းက ၄၈၆ သန်းပို့ခဲ့ပါတယ်။

အထည်ချုပ်လုပ်ငန်းက ပို့ကုန်ဝင်ငွေက ၄ ဘီလျှံကျော်ကျော်လောက် ဝင်နေပါတယ်။ ရတဲ့ဝင်ငွေက ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီဝင်သွားတာဖြစ်ပြီး ဗဟိုဘဏ်က ၇၀% သူတို့သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ လဲခိုင်းပြီး ဖြတ်ယူထားတာမို့ အစိုးရက အဆိုပါ export earning တွေဆီက ရတဲ့ ၉ ဘီလျှံတွေဆီက တနှစ် ၆ဘီလျှံ $ ငွေမာ ရတဲ့သဘောလဲဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ သုံးနိုင်တဲ့ ဒေါ်လာပမာဏက ၃ဘီလျှံ သာသာ လောက်ပဲရှိတယ်လို့မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ်သွင်းကုန်စာရင်းကိုပြန်ကြည့်ရင်

ဒီဇယ်/ဓာတ်ဆီ ၃၃၁၁

ချည်မျှင်နဲ့အထည်ချုပ်လုပ်ငန်းသုံးပစ္စည်း ၁၃၇၀

ပလတ်စတစ် ၆၅၀

ဆေးလိပ်၊ဆေးရွက်ကြီး ၃၅

ရာဘာကုန်ချော/တာယာ ၁၀၁

စက္ကူ ၁၆၉

လျှပ်စစ်သုံးစက်ပစ္စည်း ၈၆၈

စက်ကြီးယာဉ်၊ ယန္တရား ၁၅၁၅

လုပ်ငန်းသုံးသံ၊သတ္တုပစ္စည်း ၁၀၈၇

သိပ်ပံကရိယာ ၂၈၁

ဓာတ်မြေဩဇာ ၄၀၀

ဓာတုဆေး/ပစ္စည်း ၁၆၅

ဆိုးဆေး ၄၁

ဘိလပ်မြေ ၅၅

ဆေးဝါး ၅၈၉

စားအုံးဆီ ၉၂၅ (စားအုံးဆီလျှော့စားပါပြောလို့ကျမလားမှတ်တယ်ယခင်နှစ် ၇၃၀ထက်တောင်များလာသေး)

နို့ထွက်ပစ္စည်းနှင့်အခြားစားသောက်ကုန် ၁၁၉

စုစုပေါင်း ၁၁.၆ ဘီလျှံ

ဒီစာရင်းအရ ပုဂ္ဂလိက လက်ထဲရောက်သွားတဲ့ ဒေါ်လာက သွင်းကုန် ရဲ့ လေးပုံတပုံပဲရှိတာမို့ ဗဟိုဘဏ်က ဖြတ်ယူထားလိုက်တဲ့ ဒေါ်လာထဲက လိုအပ်တဲ့သွင်းကုန်အတွက် ပြန်ရောင်းပေးဘို့ လျှောက်ထားရပါတယ်။ ဒီအခါ ရငွေက နည်းနေတဲ့အခါ ဦးစားပေး သွင်းကုန်တွေအလိုက်ပဲ ပြန်လည်ချထားပေးလေ့ရှိတာမို့ ကြာလေ ဒီပစ္စည်းတွေဟာ ရှားပါးလာမှာပဲဖြစ်ပါတယ်။ ဒီနိုင်ငံခြားငွေ လိုငွေပြမှုဟာ ကြာလေဆိုးလေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကံအားလျှော်စွာ ကိုဗစ်ကန့်သတ်ကာလဖြေလျှော့ပြီး ကမ္ဘာ့စျေးကွက်ပြန်ပွင့်လာတာရယ်နဲ့ ယူကရိန်းစစ်ကြောင့်ကမ္ဘာ့စားသောက်ကုန်တွေဝယ်လိုအားကောင်းပြီး စိုက်ပျိုးရေးထွက်ကုန်တွေ ပိုရောင်းချလိုက်နိုင်တာကြောင့် မထင်မှတ်တဲ့ စျေးကွက်ဆန်းပွင့်မှုနဲ့ အခိုက်ကြုံခဲ့ပါတယ်။

ဒေါ်လာလဲနှုန်း ပြောင်းလဲမှုကြောင့် အထည်ချုပ်လုပ်ငန်းတွေဟာလည်း ပြည်တွင်းလုပ်သားခ စျေးချိုတဲ့ အခိုက်အတန့်မှာ ပိုအကျိုးရှိခဲ့ပါတယ်။

ကြည့်ရမှာကတော့ ဒီနှစ်ကစပြီး တက်စျေးနဲ့ ပိုကုန်ကျလာတဲ့ ထုတ်လုပ်မှုစရိတ်နဲ့ တည်ငြိမ်စပြုလာတဲ့ ကမ္ဘာ့သီးနှံစျေးကွက်အခြေအနေမှာ ပြည်ပ ပို့ကုန်သမားတွေ ဘယ်လောက် လုပ်ကိုင်နိုင်စွမ်းရှိသလည်းကို လေ့လာဆန်းစစ်ရမှာပါ။ ပုံမှန်အတိုင်းရှိရင်တောင် သွင်းကုန်လိုငွေပြမှုက ဆက်ကြီးထွားလာမှာပါ။

ပြည်တွင်းကျပ်ငွေ လည်ပတ်မှုကိုကြည့်တဲ့အခါမှာ စကစ မတိုင်ခင်က တနှစ် အစိုးရ အခွန်ရငွေ(ဝင်ငွေခွန်၊ ရောင်းဝယ်ခွန်၊ တံဆိပ်ခေါင်းခွန်အပါအဝင် အရပ်ရပ်သော အခွန်အခ) က ၅.၇ ထီလျှံကျပ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် (၂၀၂၀-၂၀၂၃ ဘဏ္ဍာနှစ်) Jan to June ၆ လအတွင်းအခွန်ရငွေဟာ ၁.၆ ထီလျှံပဲရှိပါတယ်၊ ကျန် ၆ လကို ၂ ထီလျှံ ရခဲ့တယ်ဆိုရင်တောင်မှ ပြီးခဲ့တဲ့ဘတ်ဂျက်နှစ်တနှစ်လုံး ၃.၆ ထီလျှံပဲရှိပြီး ယခင်ကထက်၆၃% အခွန်လျော့ရခဲ့တာဖြစ်ပါတယ်။

အစိုးရဝန်ထမ်း (တပ်မတော်သားနှင့် အငြိမ်းစားများအပါအဝင်) လူပေါင်း ၁.၅ သန်းကို တလ လစာ တသိန်းခွဲကျပ်ပေးရတယ်ဆိုတဲ့ ယူဆချက်နှင့်တွက်ရင် တလ ကို ပေးရမဲ့ လစာက ၂၂၅ ဘီလျံကျပ်ရှိပါတယ်။ တနှစ်ကို ၂.၇ ထီလျှံကျပ်ရှိပါတယ်။ ဒါဟာ ရရှိအခွန်ရဲ့ ၇၅% ရှိပါတယ်။ အခြား အစိုးရဌာနများရဲ့ မဖြစ်မနေသုံးရမဲ့အသုံးစရိတ်များထည့်တွက်ရင် ရတဲ့အခွန်ဟာ အစိုးရစရိတ်ကို ကာမိအောင် မလုံလောက်တာ တွေ့နိုင်ပါတယ်။

အခြားမဖြစ်မနေ ထိန်းသိမ်းရမဲ့စရိတ်တွေ၊ လုပ်ငန်းအတွက် သွားလာရမဲ့ ဆီလောင်စာစရိတ်တွေ၊ တောင်သူ စိုက်ပျိုးစရိတ် တွေ ထုတ်ချေးရတာတွေ ထည့်ရင် လိုအပ်ချက်ပိုကြီးပါမယ်။ စစ်သုံးစရိတ်ချဲ့ရင်ချဲ့သလို ပိုပြီးလိုငွေပြပါမယ်။ ပညာရေး၊ ကျန်းမာရေး လစာကလွဲလို့ ဆေးဝါးဘိုးတောင်ပြည့်စုံလုံလောက်အောင်ကျခံနိုင်ဘွယ်ရာမရှိပါ။ ရင်းနှီးမြှုတ်နှံဘို့က ဝေလာဝေးဖြစ်ပါလိမ့်မယ်။

လက်ရှိဘတ်ဂျက်အခြေအနေမှာ လမ်း၊ တံတားတွေ ပိုမို ရင်းနှီးမြှုတ်နှံနိုင်ခြေက အရမ်းနည်းသွားပြီး ပြုပြင်ထိန်းသိမ်းရေးစရိတ်ပေးဘို့လည်း အနိုင်နိုင်ဖြစ်သလို ပေးသမျှထိန်းသိမ်းခ ကလည်း ဆွမ်းကြီးလောင်းပွဲ ဖြစ်ပါလိမ့်မယ်။

လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်လို့ကတော့ ရင်းနှီးမြှုတ်နှံဘို့ တချို့လုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ သို့သော် ၂၀၃၀ နှစ် တနိုင်ငံလုံးမီးရရေးထက် မီးပြတ်ရေးက ပိုဖြစ်လာနိုင်စရာရှိနေပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံဘို့ ရှာဖွေဆိုပြန်တော့လည်း တယူနစ် ၈၀ ကျပ်နဲ့ပဲ ပြန်ဝယ်မယ်ဆိုတော့ တကယ့်ထုတ်လုပ်ကုန်ကျစရိတ်က ဒေါ်လာ ၈ ဆင့်ကနေ ၁၂ ဆင့် ရှိနေတော့ စျေးကွက်ငွေလဲနှုန်းက ၂၂၀ ကနေ ၃၄၀ ကျပ်လောက်ရှိတော့ ဘယ်သူက အရှုံးခံလာရင်းနှီးမလဲလို့ စဉ်းစားစရာရှိလာပါတယ်။

အခြားသဘာဝဘေးတို့ ကပ်ရောဂါတွေ ဖြစ်လာရင်တော့လည်း ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးတို့ဟာ အဝေးကြီးမှာနေမှာပါ။ ပြည်ပချေးငွေပြန်ဆပ်ရတာဟာနှစ်စဉ် တစ်ဘီလျှံ$ နီးပါးရှိပါတယ်။ တရုပ်နဲ့ရုရှားဆီက အကြွေးဝယ်ထားတာတွေပဲပြန်ဆပ်ပြီး ကျန်တာတွေဆပ်ပါ့မလားတွေးစရာ ရှိပါတယ်။

Inflation

ငွေဖောင်းပွမှုနှုန်းက ရှင်းပါတယ်။ တိုးလာဘို့ပဲရှိပြီး နှေးနှေးတိုးမလားမြန်မြန်တိုးမလားပဲရှိပါမယ်။ ၂၀၂၀ ခုနှစ်က ကျပ်ငွေ ရိုက်နှိပ်ထုတ်ဝေသုံးစွဲ တာက ၁၀ ထီလျှံကျပ်ပဲရှိရာကနေ (တစ်ထီလျှီ ဟာ ကုဋေတသိန်းနှင့်ညီပါတယ်) ၂၀၂၁ မှာ ၂၈ ထီလျှံဖြစ်လာပြီး ၂၀၂၂ ခုနှစ် မတ်လကုန်မှာ ၃၈ ထီလျှံ ဖြစ်လာလို့ စကစ ရဲ့ ပထမ နှစ်မှာတင် ၁၀ ထီလျှံကျပ် ငွေစက္ကူတွေရိုက်ထုတ်ခဲ့တယ်လို့ယူဆစရာရှိပါတယ်။ ကျပ်ငွေ လိုငွေကလည်းပြနေတာမို့ စကစ ဒုတိယနှစ်မှာလည်း နောက်ထပ် ၁၀ ထီလျှံလောက်ထပ်ရိုက်ထုတ်မယ်လို့ ခန့်မှန်းလို့ရပါတယ်။

လက်ရှိ ငွေဖောင်းပွမှုနှုန်းဟာ 2018 မှာ ၆.၈%ရှိရာကနေ ၂၀၂၁ မှာ ၃၀% ကျော်မှာရှိပြီး လာမဲ့နှစ်တွေမှာ ၅၀% ကျော်သွားနိုင်ပါတယ်။

ဒီထဲမှာ စိုးရိမ်စရာကောင်းတာက စားသောက်ကုန် ကုန်စျေးပါပဲ။ စကစ ရဲ့ စာရင်းဇယားတွေအရပဲ ၂၀၂၁ ခုနှစ်ဟာ ၂၀၁၉ နဲ့ယှဉ်ရင် ဆန်စပါးထုတ်လုပ်နိုင်မှုဟာ ၅.၆% ကျဆင်းခဲ့ပါတယ်။ ပြည်တွင်းစားသုံးဘို့ လိုတဲ့ ဆန်ပမာဏဟာ တနှစ်တန် ၁၀ သန်းဖြစ်ပြီး ၂၀၂၁ မှာ တန် ၁၀ သန်းပိုပိုလေးထုတ်လုပ်ခဲ့တာမို့ ဘဲစားဘဲခြေ လောက်ငှရုံပဲရှိပါတယ်။

၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ် တွေမှာ ဆန်စပါးထုတ်လုပ်မှုဟာဒီနှုန်းအတိုင်းကျဆင်းနေရင် ပြည်တွင်းဆန်မလောက်င တော့ဘူးဆိုတဲ့အချက်ပေးခေါင်းလောင်းသံပါပဲ။ ဆန်စပါးထုတ်လုပ်မှု ကျဆင်းနိုင်တဲ့ အချက်တွေက စစ်ရေးပဋိပက္ခအရှိန်မြင့်တက်လာမှု၊ စိုက်စရိတ်တက်ကာတောင်သူတဦးချင်း စိုက်ပျိုးထုတ်လုပ်နိုင်မှု စွမ်းအားကျဆင်းခြင်းနဲ့ ဒီနှစ်က စပြီး နောင် သုံးနှစ်လောက်ရှိနိုင်တဲ့ အယ်လ်နီညို ရာသီဥတုပူပြင်းခြောက်သွေ့လာမှုပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဆန်စျေးဟာအခြားကုန်စျေးနှုန်းတွေထက်ပိုတက် မယ် ပိုပြီးစားဝတ်နေရေးကြပ်ပါမယ်။

Economic growth

2022 မှာ GDP အနှုတ်ကနေ ၃% တက်တယ်ဆိုတာ အရသာခံပြောရမဲ့ကိစ္စမဟုတ်ပါ။ ယခင် ဆယ်နှစ်အတွင်း ၈.၉% အထိမြင့်ခဲ့ပြီး အောက်ထစ် ၆% ကျော်မှာရှိခဲ့ပါတယ်။ ၂၀၂၀/၂၁ က တကမ္ဘာလုံး ကိုဗစ်ကြောင့် ကုန်သွယ်ရေးရပ်ဆိုင်းသွားတော့ GDP အနှုတ်ဖြစ်တာမဆန်းပါဘူး။ ၂၀၂၂ မှာ တကမ္ဘာလုံးပြန်လည်ဖွင့်လစ်လိုက်တော့ ပိတ်ထားတဲ့ရေပိုက်ပြန်ဖွင့်သလိုပဲ စီးပွါးရေးတွေပြန်လုပ်လာကြလို့ Growth တချို့တွေ့ရပါတယ်။

အမှန်တကယ်ကြည့်ရမှာက ၂၀၂၃ ခုနှစ်မှာ အမှန်တကယ်တက်လာတဲ့စျေးနဲ့ စရိတ်တွေတက်လာသော်လည်းပဲ ကုန်ထုတ်လုပ်မှုတိုးတက်ကာ ပြည်ပပို့ကုန်တက်မတက်ကြည့်ရမှာပါ။ မြန်မာပြည်အတွက်ဆိုရင်တော့ စိုက်ပျိုးရေးနဲ့ အထည်ချုပ်လုပ်ငန်းပါ။ အထည်ချုပ်မှာတော့ ကမ္ဘာ့ brand ကြီးတွေဖြစ်တဲ့ M&S ရယ် H&M ကတော့မြန်မာပြည်ကထွက်ပြီလို့ဆိုပါတယ်။ စိုက်ပျိုးရေးမှာဆန်က ဆက်တိုးစရာမရှိပဲ ပြောင်းတက်မတက်ကြည့်ရပါမယ်။ ပဲက အိန္ဒိယ အမှာရှိတော့ ပုံမှန်ပဲရှိပါလိမ့်မယ်။ ဒါကြောင့်တိုးဘို့ထက် လျော့ဘို့ကများတယ်လို့ပဲဆိုချင်ပါတယ်။

Unemployment

အလုပ်လက်မဲ့ကတော့ အထူးမပြောတော့ပါဘူး။ ကိုယ်သိတဲ့ ခိုင်မာတဲ့ အဖွဲ့ကြီးတွေမှာတောင် ဝန်ထမ်းက ၈၀% လျှော့ချရပါတယ်။ မြန်မာပြည် Labor market မှာက full time employment ထက် မိသားစုလုပ်ငန်းတွေမှာ တစိတ်တပိုင်း အလုပ်လုပ်ကိုင်သူ underemployment ကများတာပါ။ ခုအခါ အလုပ်ရှိသလိုလို မရှိသလိုလို ဖြစ်နေတဲ့ သူတွေ လုံးဝ အလုပ်အကိုင် ပျောက်သွားမှာပါ။ တောမှာကော မြို့မှာပါ အလုပ်လက်မဲ့ အထူးပေါများလာမှာဖြစ်ပါတယ်။

ဒါကြောင့် ခြုံပြီးပြောရရင်တော့ မက်ခရိုဘောဂဗေဒ အခြေခံလောက်မှ ရှိရင် တိုင်းပြည်စီးပွါးတိုးတက်မှာပါဆိုတာ ယောင်လို့တောင်ပြောမှာမဟုတ်ပါဘူး။ ဟန်လုပ်ပြီးပြောရအောင်လည်း တရားဝင်ဖော်ပြတဲ့ ကိန်းဂဏန်းတွေကိုယ်တိုင်ကကို စီးပွါးကျနေပါတယ်ဆိုတာကို သက်သေခံနေတာပါ။ ပဋိပက္ခတွေပြီးသွားရင်တောင်မှ ဘယ်လို စီးပွါးပြန်လည်ထူထောင်နိုင်မလဲဆိုတာကို စဉ်းစားလို့မရအောင်ကို လက်ရှိဖြစ်ပျက်နေတဲ့ ဆုံးရှုံးမှု အတိုင်းအတာက ကြီးလွန်းပါတယ်။ ရသေ့စိတ်ဖြေ ဟိုလိုပြောလိုက် ဒီလိုပြောလိုက်နဲ့ကတော့ လံကွတ်တီ ရှေ့ဖုံးရင်နောက်ပေါ်ပြီး နောက်ဖုံးရင်ရှေ့ပေါ်ပါလိမ့်မယ်။

ကိုယ်ဘယ်အယူဝါဒကို လိုက်လိုက် ဘယ်အရောင်ကို အားပေးပေး ဒါတွေက အရေးမကြီးပါဘူး။ လက်ရှိမှာက အားလုံးအတွက် existential threat သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အခြေအနေကိုရောက်နေပါပြီ၊ လက်တဆုတ်စာ လူနည်းစုဆွဲချလို့ ဖောင်စုံးစုံးနစ်ပြီး လူတွေအားလုံးရေနစ် အသက်ဆုံးရှုံးမှာကို ဒီအတိုင်းလက်ပိုက်ကြည့်နေကြမှာလားကို အလေးအနက်စဉ်းစားဘို့လိုပြီဖြစ်ပါတယ်။

ကုစရာနတ္တိဆေးမရှိတဲ့ဘဝ ကလွန်မြောက်ရဘို့ ဘာလုပ်ရမယ်ဆိုတာကလည်းရှင်းတယ်လို့ထင်ပါတယ်။

Related Articles

Back to top button