အတွေးအမြင်

အတွေးအမြင် | ရေရှည်ပြည်တွင်းစစ်ဒဏ်

ရေရှည်ပြည်တွင်းစစ်ဒဏ် – မင်းသေ့ | အတွေးအမြင် 

ဆွန်ဇူးရဲ့ စစ်ရေးအတွေးအခေါ်တွေကို ဒဿနရပ်ဝန်းတစ်ခုအနေနဲ့ ကျနော် စိတ်ဝင်တစား လေ့လာခဲ့ဖူးပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ရတတ်သမျှ ဘာသာပြန်တွေ ရှာဖတ်ရင်း၊ ကျနော့်ရဲ့ မှတ်စုစာအုပ်ထဲမှာ ဆွန်ဇူးရဲ့ ဒဿနတွေ အတော်များများ ရေးမှတ်ခဲ့ဖူးတယ်။ မှတ်စုအဟောင်းတွေ ပြန်ဖတ်ရင်း ရေရှည်စစ်ရဲ့ ဆိုးပြစ်ကို ဆွန်ဇူးသတိပေးထားတဲ့ မှတ်စုလေး သွားတွေ့တယ်။

ဆွန်ဇူးက အခုလို ပြောတယ်။

■ စစ်ပွဲအောင်မြင်ဖို့ အချိန်ကြာ နှောင့်နှေးနေမယ်ဆိုရင် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်တက်ကြွမှုက တဖြည်းဖြည်း ကျဆင်းလာလိမ့်မတဲ့။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေရဲ့ ဇွဲသတ္တိလည်း တဖြည်းဖြည်း ကျဆင်းလာတတ်သတဲ့။ မြို့ကို ဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်ချိန် ကြာညောင်းလာတာနဲ့အမျှ ကိုယ့်ရဲ့ တပ်ဟာ အင်အားကုန်ခမ်းလာတတ်တယ်လို့ ပြောတယ်။ တိုင်းပြည်တစ်ခုမှာလည်း ရေရှည်စစ်ပွဲတွေကို အချိန်ကြာမြင့်စွာ တိုက်ခိုက်နေရတယ်ဆိုရင် တိုင်းပြည်ရဲ့ ပင်မရင်းမြစ်တွေ ကုန်ခမ်းပြီးတော့ ဆင်းရဲမွဲတေသွားနိုင်တယ်…လို့ ဆိုတယ်။

ဒီကြန်အင်လက္ခဏာမျိုးကို မြန်မာနိုင်ငံမှာ အပြည့်အဝတွေ့ရတယ်။ တိုင်းပြည်ရဲ့ အတိတ်ကို ကြည့်ရင်လည်း ရေရှည်ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရလို့၊ တိုင်းပြည်ဟာ စစ်စရိတ်ထောင်းတယ်။ တော်လှန်တဲ့အဖွဲ့အစည်းတွေမှာလည်း ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ပြည်သူ့ဆီက ရသမျှ ဝင်ငွေကို လက်နက်ဖြည့်တင်းရေးအတွက်ပဲ သုံးနေရလို့၊ စစ်စရိတ်ထောင်းတယ်။ စစ်တပ်ကိုယ်၌ကလည်း — သူတို့ ဘက်က သောင်းကျန်းသူ / သူပုန်လို့ ယူဆရသူတွေကို ဖိနှိပ်ဖို့အတွက် စစ်အင်အားကို ဖြည့်တင်းရလို့ စစ်စရိတ်အကြီးအကျယ် သုံးစွဲရတယ်။ နောက်ဆုံး ငထွားက ခါးနာတာ ပိုတယ်။ မြေစာပင် ဖြစ်ရသူက နှစ်ဖက်စလုံးမှာ ရှိနေတဲ့ ပြည်သူလူထု။

■ လူထုဟာ ပညာလည်း ကောင်းကောင်း မသင်ရဘူး။ ကျန်းမာရေးစနစ်ရဲ့ အကူအညီအပံ့အပိုးကိုလည်း မရဘူး။ ရောင်းဝယ်ဖောက်ကားရေးနဲ့ အသက်မွေးမှုအတွက် အပံ့အပိုးဖြစ်တဲ့ ရေခံမြေခံကောင်းကိုလည်း မရခဲ့ဘူး။ ဒီတော့ လူထုကိုယ်တိုင်က ကြီးပွားရာ ကြီးပွားကြောင်းဖြစ်ဖို့ အကန့်အသတ်တွေနဲ့ ကြုံရတယ်။ ဒီကြားထဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းကို အကြောင်းပြုပြီး အကျိုးစီးပွားဖြစ်ထွန်းသူတွေကို ပ,စားပေးထားတဲ့ စနစ်ကလည်းဖြစ်ထွန်းနေပြန်တယ်။ တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ လူထုဟာ အမြဲတမ်းလိုလို ခေါင်းပုံဖြတ်ခံနေရတယ်။

လက်နက်ကိုင်ပဋိပက္ခထဲက နှစ်ဖက် စစ်တပ်တွေကို ကြည့်ရင်လည်း — တကယ်တိုက်ကြတယ်ဆိုတာထက် ရေရှည်ဆွဲတိုက်သလို ဖြစ်နေတာတွေ့ရပြန်တယ်။ ပြောက်ကျားစစ်ပွဲကို တွေ့ရတယ်။ ကြိုကြားစစ်ပွဲကို တွေ့ရတယ်။ ကွက်ကြားစစ်ပွဲကို တွေ့ရတယ်။ တကယ့်အလုံးအရင်းနဲ့ အပြတ်အသတ်အနိုင်ရအောင် တိုက်တဲ့ စစ်ပွဲမျိုး မတွေ့ရခဲ့ရဘူး။ နယ်မြေစိုးမိုးရေးအတွက် စစ်နယ်ဝန်းတွေ အပြိုင်လုနေတဲ့ ပုံစံကိုသာ တွေ့နေရလို့၊ မြန်မာပြည် ပြည်တွင်းစစ်က အင်မတန်ကြာရှည်တယ်။

■ လက်နက်ကိုင်တိုက်တဲ့သူတွေမှာလည်း ဒေါသဖြစ်စရာ ကြုံရင် ဂမူးရှူးထိုးတိုက်တာ၊ ရဲရဲရင့်ရင့်တိုက်တာ ရှိပေမယ့် တိုက်ခိုက်ရေးဇွဲသတ္တိမှာ ပုံမှန်အချိန်ဆို ပုံမှန်လိုပဲ အိပဲ့အိပဲ့ဖြစ်နေတယ်။ ဒီတော့ မြန်မာပြည်တိုက်ပွဲက အင်မတန် ကြာတယ်။

ယခုလည်း မြန်မာပြည်ရဲ့ ပြည်တွင်းစစ်မှာ နှစ်ဖက် စစ်ပန်းရင် ခဏနား။ ပြီးမှ ပြန်တိုက်ဆိုတာမျိုးဖြစ်နေရင် မြန်မာပြည်ဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးကို နှစ်ပေါင်းများစွာ ဆက်လက်ခံစားနေရအုံးမှာပဲ။

■ လိုရင်း အနှစ်ချုပ်ကတော့ —

တော်လှန်ရေးဒီရေ အမြင့်ဆုံး အခြေအနေမှာ ရုန်းပြီး တိုက်၊ ကြုံးပြီး တိုက်။
ရသမျှ တော်လှန်ရေးတပ်ပေါင်းစုအားလုံးနဲ့ အသားကုန် ကြုံးရုန်းတိုက်။
အချိန်တိုတိုနဲ့ အရ ဖြတ်။

သို့မဟုတ်ရင် —
စိတ်ဓာတ်ကျတဲ့ တပ်သားတွေနဲ့
ဘက်အသီးသီးက စစ်စရိတ်လိုအပ်ချက် တရိပ်ရိပ်ကြီးမားလာမှုကြောင့်၊
တိုင်းပြည်က မွဲသထက် ညစ်ပြီး
ရေရှည်စစ်ကို မုချဦးတည်နေမှာပါပဲ။

မင်းသေ့

Related Articles

Back to top button