ဓာတ်ပုံ – KNDF
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၂၁၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုနှင့် မိုးဗြဲတို့မှာ ဧပြီ ၁၄ ရက်မှ ၁၉ ရက်ထိ ဖြစ်ပွားခဲ့သည့် ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၅၀ ကျော် သေဆုံးမှုရှိခဲ့ပြီး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်ရှိ ဆောင်ကန်းကျေးရွာလမ်းဆုံ ဧပြီ ၁၄ ရက်က သင်္ကြန်ရေထွက် ပက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNDF/B03 က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၅ ရက်တွင်လည်း မိုးဗြဲမြို့အဝင်၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကာ ဧပြီ ၁၆ ရက်မှ ၁၈ ရက်ထိတော့ ဒေါညေးခူကျေးရွာ တောင်ပေါ်ကနေ စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့အပြင် ဧပြီ (၁၉) ရက်နေ့ နေ့လည်ပိုင်း အချိန်ခန့်ကတော့ ဘောလခဲ နှင့် ဒေါညေးခူကြား စစ်ကောင်စီ၏ ခလရ (၈၀)တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုများခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDF/B10၊ KNDF/B15၊ KND/B04၊ KNDF B/16၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drone Unit)၊ Loikaw PDF (Drone Unit) တို့ကြား ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲများမှာတော့ စစ်ကောင်စီတပ်ဖွဲ့ထံက MA-1 ၃ လက်၊ MA-3 ၁၁ လက်၊ SK-1 ၁ လက်၊ MA-2 ၃ လက်၊ MA-4 ၃ လက်၊ ငါးကြင်းမြီး ၁ လက်၊ 66mm ပြောင်း ၁ပြောင်း၊ RPG 7 ၁ လက်၊ မိုင်းရှာစက် ၁ ခု၊ ကွန်ပျူတာ ၁ လုံး၊ မှန်ဘီလူး ၂ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၈ လုံးနှင့် မိုင်းများ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါတယ်။
တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်း ပစ်ကူများ ဖြင့်ပါ ယနေ့အချိန်ထိ နေ့စဉ်နီးပါး ဂျက်ဖိုက်တာ ၃ စီးနှင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သလို အကြိမ်ရေ ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေါညေးခူကျေးရွာ အနီးတိုက်ပွဲမှာတော့ ကရင်နီတပ်မတော် (KA) ရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြား ဧပြီ ၁၆ ရက်မှ စတင်ပြီး ယနေ့အချိန်ထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသလို ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြားရှိ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံးရွာများ အနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် ကရင်နီတို့ပူးပေါင်းတပ်များကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကိုပါ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။