တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 25, March 28, 2023)

၁။         မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်
March 28, 2023

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ (၅)နယ်မြေ၊ သံလွင်မြစ်ဘေးတွင်တည်ရှိသည့် မယ်ခါးထာ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ယနေ့ မတ်လ ၂၈ ရက်နေ့နံနက် အစောပိုင်းအချိန်တွင် နယ်မြေခံ KNLA တပ်မဟာ (၅)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။ စစ်ရေးအတွက် အရေးပါသည့် အဆိုပါ နယ်စပ်ခံစစ် စခန်းကို ယနေ့နံနက် ၅နာရီအချိန်ခန့်တွင် တက်ရောက် တိုက်ခိုက်ကာ နံနက် ၇ နာရီဝန်းကျင်အချိန်တွင် အပြီးရှင်းလင်းနိုင်ခဲ့သည်ဟု KNLA အရာရှိ တစ်ဦးက ယခုလိုပြောသည်။ “ စခန်းသိမ်းပြီးကုန်ပြီးလို့ သူတို့ အသိပေးလာတယ်။ အဲဒီစခန်းက နယ်စပ်ထဲမှာဆိုတော့ ဟိုဘက် ကမ်းက ထိုင်းစစ်တပ်စခန်း ဒီဘက်ကမ်းက သူတို့စခန်းချနေတယ်။ ဒီစခန်းက တပ်ရင်းမှူးထိုင်တယ်ဆိုတော့ စစ်ကြောင်း တစ်ကြောင်းစာ အင်အား ၅၀ နဲ့ ၆၀ ကြားလောက်မှာရှိမှာတော့ အနည်းဆုံးပဲ။ ခလရ -၁၉ နေတယ်” ဟု ပြောသည်။

မယ်ခါးထာ့စစ်ကောင်စီတပ်စခန်း သိမ်းပိတ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ နယ်မြေအတွင်း လေကြောင်း တိုက်ခိုက်မှု ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်သည့်အတွက် ဒေသခံအချို့သည် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း နယ်မြေခံ ကူညီကယ်ဆေးရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းသည် သံလွင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံစက်လှေများကို မကြာခဏပစ်ခတ်တိုက်ခိုက်သည့် စခန်းတစ်ခုဖြစ်သည်ဟု သိရပြီး သံလွင် မြစ်တစ်လျှောက်တွင် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်စခန်းအချို့ကျန်ရှိသေးကြောင်းသိရသည်။ https://kicnews.org/2 023/03/%e1%80%99%e1%80%9a%e1%80%ba%e1%80% 81%e1%80%ab%e1%80%b8%e1

၂။         မတူပီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး
March 26, 2023

ချင်းပြည်နယ် တောင်ပိုင်း ၊ မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ်ရေးတပ် (CDF) နှင့် ချင်းအမျိုးသားတပ် (CNA) ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးထားကြောင်း CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ မတူပီမြို့အခြေစိုက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၈၀ နှင့်အတူ ရိက္ခာပို့ချီတက်လာသော စစ်ကား ၃ စီးပါ ယာဉ်တန်းကို မတ်လ ၂၄ ရက်တွင် CDF မတူပီနှင့် CNA တို့က မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄ နှင့် ၁၅ ကြားတွင် ၁ ကြိမ် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ ယင်းနောက် စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်များက ၃ ကြိမ် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၈ ရှိ ဝလံပီးရွာတွင် စခန်းချကာ ဒဏ်ရာရသူများကို ဆေးကုသမှုများလုပ်နေသည်ဟု သတင်းရကြောင်း CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာန ထံမှသိရသည်။ ၂ ဖက်တိုက်ပွဲအ တွင်း ချင်းပူးပေါင်းတပ်များဘက်က ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီစစ်ကြောင်းနောက်သို့ ချင်းပူးပေါင်းတပ်များ လိုက်ရာ တွင် CDF မတူပီတပ်ဖွဲ့ဝင်တဦးသည် စစ်ကောင်စီတပ်ထောင်သည့် မိုင်းနင်းမိပြီး စိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ကြောင်း CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။ ၎င်းက “မိုင်တိုင် ၁၆ ဝါးပုန်းလမ်းခွဲတလျှောက်မှာ မိုင်းတွေထောင် ထားတယ်။ ကျနော်တို့ဘက်ကလည်း နဲနဲပေါ့တာလည်းပါတာပေါ့။ ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ မိုင်းတွေကို သတိ ထားပြီး ဂရုစိုက်သွားလာဖို့လိုမယ်”ဟု ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ဝလံပီးရွာထဲမှာပင်ရှိနေပြီး သွားရောက် ပစ်ခတ်တိုက်ခိုက်ပါက အဆိုပါရွာရှိ ပြည်သူများ ထိခိုက်နိုင်သဖြင့် CDF ဘက်က တိုက်ပွဲမစသေးခြင်းဖြစ်ကြောင်း CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ https://www.facebook.com/theirrawaddyburmese/phot os/a.1422251 62488311/6622659041111525/

၃။         ပင်လောင်းနဲ့ဖယ်ခုံမှာ သုံးလအတွင်း အရပ်သား ၃၃ ဦး သေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော
March 27, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင်က မတ်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှာ မတ်လ ၁၁ ရက် နေ့က သံဃာသုံးပါးနဲ့ အရပ်သား စုစုပေါင်း ၂၁ ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို သံဃာသုံးပါး လည်း ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီကိစ္စကို စစ်ကောင်စီတပ်မ (၆၆) နဲ့ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (စကခ-၂) လက်အောက်ခံ ခလရ (၅၁၈) တပ်က လုပ်ခဲ့တာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြော ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီလဆန်းပိုင်းကစပြီး ပင်လောင်း၊ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေကို စစ်ကြောင်းထိုးခဲ့ သလို တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကိုပါ အသုံးပြုခဲ့တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းရွာအနီးမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးအလောင်း တွေ့ခဲ့ရသလို ရွာသား လေးဦးလည်း ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အကြားတစ်လျှောက်မှာ စစ်ကောင်စီတပ်၊ PNO ပူးပေါင်းတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်းရွာအပါအ၀င် လုံးပျဉ်၊ တောင်စလုံး၊ မြောက်စလုံးနဲ့ နန်းနိမ့်ရွာက ဒေသခံ ၅၀၀၀ ကျော် ပင်လောင်းမြို့ပေါ်က ဒုက္ခသည်စခန်းတွေထံ ထွက်ပြေးနေ ကြရပါတယ်။ https://www.facebook.com/photo/?fbid=594662182695188&set=a.583637430464330

၄။         မိုးညှင်း-နမ္မားလမ်းတွင် စစ်ကောင်စီလက်အောက်ခံ စရဖအရာရှိတစ်ဦး ပစ်သတ်ခံရ
March 27, 2023

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ထောက်လှမ်းရေးအရာရှိတစ်ဦး ယမန်နေ့ မွန်းလွှဲ တစ်နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ စရဖအရာရှိနှင့် အမျိုးသားတစ်ဦး မောင်းနင်လာသော HONDA Fit အမျိုးအစား မော်တော်ယာဉ်ကို ညောင်းကုန်းကျေးရွာအနီးရှိ ပြည်ထောင်စု လမ်းမပေါ်တွင် နမ္မား KPDF မှ ပစ်ခတ်ခဲ့ကြောင်း မိုးညှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကုန်ကားတွေ၊ ဆီ ကားတွေစီက ပိုက်ဆံတွေလိုက်ကောက်နေတာ။ ပြီးတော့ မိုးညှင်းအတွင်းရှိ CDM တွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းပြီးနှိပ်စက် နေတာ။ အိမ်စီးကားနဲ့ နမ္မားဘက်ကနေ မိုးညှင်းဘက်ကို ပြန်တဲ့လမ်းဘက်မှာ စောင့်ပြီးပစ်သတ်လိုက်တာ”ဟု ပြောသည်။ ပစ်သတ်ခံရသူ စရဖအရာရှိမှာ မိုးညှင်းမြို့တွင် နေထိုင်သည့် အသက် ၃၀ ခန့်အရွယ်ရှိ ဦးလမင်းထွန်းဆိုသူဖြစ်ပြီး အခြား အမျိုးသားမှာ သေဆုံးခြင်းမရှိခဲ့ကြောင်းသိရသည်။

ကားမှန်တွင် သေနတ်ပစ်ခတ်ခံထားရသည့် ကျည်ပေါက်ရာများနှင့် သေနတ်ကျည်ခွံများတွေ့ရှိခဲ့ကြောင်း အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “လမ်းမပေါ်မှာကြီး အိမ်စီးကားမှန်မှာတွေ သေနတ်ပစ်ထားတဲ့ အပေါက်ငါးပေါက် လောက်တွေ့ခဲ့တာ။ လူကတော့မတွေ့တော့ဘူး။ ဘာဖြစ်ထားတာလည်းတော့ မသိဘူး။ ကားတံခါးကြီးလည်း ဖွင့်လျက်ကြီး ကားသော့တွေရော တန်းလန်းကြီး တံခါးဖွင့်ထားတဲ့ဘက်မှာက ဘောင်းဘီတစ်ထည်နဲ့ ပုဆိုးတစ်ထည်တော့တွေ့ခဲ့တယ်။ ကား အောက်မှာတွေက ဆီတွေအများကြီး ကျနေတာတွေ့တယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မိုးညှင်းမြို့ နယ် နမ္မားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟုဆိုသူ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/a.1 16371983215665/770039824515541/

၅။         ရေးမြို့နယ် တံတားကြီးကင်းစခန်းအားရေးဘီလူးအဖွဲ့တိုက်ခိုက်
March 27, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ တံတားကြီးကင်းစခန်းကို  တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး မှုရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။ အဆိုပါတံတားကြီးမြို့ထွက် ဂိတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ဦးခန့်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူနီဖောင်းများဖြင့်အလုပ်ရှုပ်နေချိန် ယနေ့မတ်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ကျွန်တော်တို့ဒရုန်းနဲ့ဝင်တိုက်တယ်။ဒရုန်းဗုံးသီးကျတယ်။ ထိခိုက်မှု လည်းရှိတယ်။ ခွေးတွေ သေဆုံးမှုလည်းရှိနိုင်တယ် “ဟု ရေးဘီလူးအဖွဲ့ခေါင်ဆောင်ကပြောသည်။  အဆိုပါတိုက်ခိုက်မှုတွင် ကာကွယ်ရေး ရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်းမှာဂျန်ဘာမိ၍ ပြန်ခေါ်မရခဲ့ဘဲ ဆုံးရှုံးခဲ့ရသည်ဟု သိရ သည်။ ထိုတိုက်ခိုက်မှုအပြီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားသည် တံတားကြီးကင်းစခန်းဘက်သို့ ထပ်မံဖြည့်တင်း လာပြီး အနီးအနားရှိ ခြံများအတွင်းထိပါ မိုင်းများဆင်ထားသည်။ စစ်ကောင်စီတပ်သည်ယနေ့တွင် လုံခြုံရေးကို ယခင်က ထက်အများကြီးပြင်ဆင်ထားသည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောသည်။ https://www.facebook.com/thanl winkhetnews/photos/a.21418911234699 5/1692096281222930/

၆။         ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ် ပဒေသာမိုင်းဆွဲခံရပြီး ညှပ်တိုက်ခံရ၍ ၂၂ ဦး သေဆုံး
March 28, 2023

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့် စစ်အင်အားဖြည့်ဆည်းရန် ထွက်ခွာလာနေသည့် စစ်ကြောင်းကို ဖလမ်းမြို့နယ်အတွင်း ပဒေသာမိုင်းဆွဲ၍ ရှေ့နောက်ညှပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂၂ ဦးသေဆုံးသွားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။  မတ်လ ၂၇ ရက် ညနေပိုင်းအချိန်တွင် တလန်ရောရ်ရွာနှင့် တားလ်ရွာအကြားတွင် ချင်းပူးပေါင်းတပ်ဖွဲ့ လက်ဖြောင့်တပ်သားများက ပစ်ခတ်ခဲ့ရာ ခုနစ်ဦးသေဆုံး ကြောင်းဆိုသည်။ ဆက်လက်ပြီး ယာဉ်တန်းရှေ့မှသွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ၁၇ ဦးသေ ဆုံးသွားကြောင်းသိရသည်။ “သူတို့က ယာဉ်တန်းကို နောက်ခပ်ဝေးဝေးမှာထားပြီး ရှေ့ကတစ်ဖွဲ့ရယ် လမ်းဘေးဝဲယာတွေမှာ ဖြန့်တက်လာနေတာ ကျနော်တို့က ရှေ့နောက်ညှပ်တိုက်ခဲ့ကြတာပါ”ဟု ဆလိုင်းထက်နီ က ပြောဆိုသည်။

အဆိုပါ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် မတ်လ ၂၈ ရက် ယနေ့မနက်အချိန်ထိ စစ်ကောင်စီတပ်သားများသည် ရှေ့ဆက်မတိုးနိုင်သေးဘဲ တလန်ရောရ်ရွာနှင့် တားလ်ရွာအကြား ဆက်လက်သောင်တင်လျက်ရှိနေကြောင်း သိရသည်။  အဆိုပါ တိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသခံ ချင်းကာကွယ် ရေးတပ်ဖွဲ့များမှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းဆို သည်။ ဆက်လက်ပြီး ဟားခါးမြို့သို့ သွားရာလမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန် လာဖွယ်ရှိကြောင်း CNA ပြောခွင့်ရ သူကဆက်လက်ပြောဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း ကလေးမြို့မှ သံချပ်ကာကား နှစ်စီး၊ ကုန်တင်မော်တော်ယာဉ် အစီး ၃၀ နှင့် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ချင်းပြည်နယ်သို့ ရိက္ခာနှင့် စစ်အင်အား ဖြည့်တင်းရန် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ချင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေ သဖြင့် ဖလမ်းနှင့် ဟားခါးလမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများ တိမ်းရှောင်နေကြ ရကြောင်းသိရှိရသည်။ https://www.face book.com/watch?v=909329906994035

၇။        NUG PDF များ နှင့် ကူညီထောက်ပံ့ပေးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော
March 27, 2023

အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ၊ PDF များ နှင့်  ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေး ယူဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က ပြောကြားခဲ့သည်။  မတ်လ ၂၇ ရက်နေ့တွင်ကျရောက် သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “NUG အကြမ်းဖက် အဖွဲ့အစည်းများ၏ ပြည်သူများအပေါ် ဖျက်ဆီးသတ်ဖြတ်မှုလုပ်ရပ်များသည် အုပ်ချုပ်သူအစိုးရအားထိခိုက်‌စေခြင်းထက် နိုင်ငံ တော်ရဲ့ အမျိုးသားအကျိုးစီးပွားကျရှုံးခြင်းသာ ဖြစ်စေနိုင်သည့်အတွက် NUG အကြမ်းဖက်သမားများအပြင် အားပေးကူညီ ထောက်ပံ့သည့် EAOs များကိုပါပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်” ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က ပြောကြားခဲ့သည်။

ထို့အပြင် NUG ၊  PDF များအား ကူညီပံ့ပိုးပေးနေသည့် EAO တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ မိန့်ခွန်း၌ ထည့်သွင်းပြောခဲ့သည်။  တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်နိုင်အောင် တံခါးဖွင့်ပေးထားသည့်အပြင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ခိုင်မာ စွာ လျှောက်လှမ်းနိုင်ဖို့ရန်အတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ပြောဆို ထားသည်။ အရေးပေါ် ကာလ ပြီးတဲ့ အချိန် ရွေးကောက်ပွဲလုပ်နိုင်သည့် အနိုင်ရ ပါတီကို အာဏာလွှဲ ပေးမည် ဖြစ်ကြောင်းလည်း ထပ်မံ ပြောဆိုသွားသည်။ ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ် နေပြီး  ‌တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီတချို့နှင့် ရုရှားအပါအဝင်  အချို့စစ်သံရုံး မှ စစ်သံမှူး တက်ရောက် ခဲ့ကြောင်းလည်း သိရသည်။ https://www.facebook.com/shannewsburmese/photos/pcb.6063277770431282/606327 7337097992/

၈။        မွန်နိုင်ငံရေးပါတီ ၂ ခု စစ်ကောင်စီကော်မရှင်ထံ မှတ်ပုံတင်ပြန်လျှောက်
March 28, 2023

မွန်တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီနဲ့ အမျိုးသမီးပါတီ(မွန်)တို့ဟာ စစ်ကောင်စဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထားခဲ့ပါတယ်။ အမျိုးသမီးပါတီ(မွန်)ဟာ တနိုင်ငံလုံးစည်းရုံးမယ့် ပါတီအဖြစ် ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်အဆင့်မှာပဲ စည်းရုံးလှုပ်ရှားမယ့် ပါတီအဖြစ် မတ် ၁၅ ရက်နေ့မှာ မှတ်ပုံတင်ခဲ့တာလို့ စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားရတာဟာ မွန်ပြည်သူတွေ အပါအဝင် မွန်အမျိုးသမီးနဲ့ ထိတွေ့ဆက်ဆံနိုင်အောင်နဲ့ သူတို့အရေးတွေ ဆောင်ရွက်ပေးနိုင်ဖို့ မှတ်ပုံတင်ရတာလို့ အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင် က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တနိုင်ငံလုံးစည်းရုံးမယ့် ပါတီအဖြစ် ဆောင်ရွက်ဖို့ အခက်အခဲ ရှိပေမယ့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ပါတီရုံးခန်တွေ ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အဆင့်မှာပဲ မှတ်ပုံတင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံတင်ရတာဟာ ပါတီဆက်လက် ရှင်သန်ရေးအပါအဝင် ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုတဲ့ နိုင်ငံရေးပါတီတွေဟာ မတ် ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရမှာ ဖြစ်ပြီး မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအ လျောက် ပျက်ပြယ်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ  မတ် ၂၇ ရက်နေ့အထိ တနိုင်ငံလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၁၂ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာပဲ စည်းရုံ မယ့် ပါတီ ၄၀ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၅၂ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ https://burm ese.dvb.no/archives/585533

၉။         KNU နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ရှိလာ
March 27, 2023

KNU သတင်းနဲ့ ပြန်ကြားရေးဌာန စာရင်းတွေအရ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း အကြိမ် ရှစ်ထောင်ကျော် ဖြစ်ခဲ့ပြီး မတ်လ ၂၆ ရက် မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မတ်လ ၂၅ နဲ့ ၂၆ ရက်နေ့က မြဝတီမြို့ ကုန်သွယ်ရေးဇုန် အပါအဝင် ကရင်ပြည်နယ် နေရာငါးခုမှာ တစ်ပြိုင် တည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် သုံးဦးဒဏ်ရာရ ပြီး လူ ၆ဝဝဝ ဝန်းကျင် ဘေးလွတ် ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KNU ထိန်းချုပ်နယ်မြေတွေမှာ တစ်လကို အနည်းဆုံး တိုက်ပွဲနှစ်ရာကျော်ကနေ ငါးရာကျော်အထိ ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ် ပထမ နှစ်လအတွင်းမှာတင် တိုက်ပွဲပေါင်း ၈၅၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက် KNU ဘက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မခံတော့ဘဲ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်ခံကူညီ‌နေတာကြောင့် စစ်ကောင်စီတပ်ဘက်က အငြိုးထား တိုက်ခိုက်နေသလို သူတို့ဘက်ကလည်း ပြန်လည်ခုခံနေတာလို့ KNU ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ပဒိုစောသမိန်ထွန်း က ပြောပါတယ်။ မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေက မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင် ရဲစခန်း၊ အာရှလမ်းမ၊ ကော့ကရိတ်မြို့ စတဲ့ နေရာငါးခုမှာ တစ်ပြိုင်တည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အကောက် အခွန် ဝန်ထမ်း၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ အပါအဝင် လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်သတင်းအချက် အလက်ဌာန (KIC) က မနေ့က သတင်းထုတ်ပြန်ပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်က မြေပြင်မှာ အင်အားနည်းလာတာနဲ့အမျှ လေကြောင်းကနေ ဖိတိုက်လေ့ရှိတယ်လို့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “စစ်ရေးတော့ အခုအချိန်မှာတော့ ပြင်ဆင်နေတာတော့ရှိတယ်။ ကျနော်တို့ တစ်ခွင်လုံးမှာဆိုမှ သူတို့ဘက်က စစ်အင်အားအများဆုံးရှိမှ ၄၀၀ နဲ့ ၅၀၀ ကြားပဲ ရှိတော့မယ်။ စစ်ဆင်ရေးတစ်ခု လုပ်မယ်ဆိုရင် နောက်ကနေ စစ်ကူလာမယ့် အင်အားအထိ မရှိသလောက် နည်းပါးနေတာကိုး။ စစ်ကူဆိုရင် လေယာဉ်ပဲလာတာ များတယ်လေ။ ခြေလျင်ခရီးနဲ့ စစ်ကူလာတာတို့ မရှိသလောက်ဖြစ်နေတာပေါ့ တိုက်ပွဲတိုင်းမှာ လေ” KNU ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄ ဦးသေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရခဲ့ပါ တယ်။ အဲဒီနှစ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၈ ကြိမ်လုပ်ခဲ့တယ်လို့ KNU ကပြောပါတယ်။ စစ်ကောင်စီ နဲ့ KNU ပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ်က မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံနဲ့ ဖာပွန်၊ ပဲခူးတိုင်းထဲက တောင်ငူနဲ့ ညောင်လေးပင်ခရိုင်၊ မွန်ပြည်နယ်ထဲက သထုံခရိုင်၊ တနင်္သာရီတိုင်းက မြိတ်နဲ့ ထားဝယ်ခရိုင်တို့မှာ တိုက်ပွဲတွေဖြစ် နေတာပါ။ မြဝတီမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း Site 3 ကို တာဝန်ယူထားတဲ့ စောလားဝါး ကတော့ အခက်အခဲမျိုးစုံ ကြောင့် ဒုက္ခသည်တချို့ စခန်းတွေမှာ ဆက်မနေတော့ဘဲ နေရပ်ပြန်သွားပြီး တချို့ကတော့ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံ ဘက်ကို ခိုလှုံသွားတယ်လို့ ပြောပါတယ်။ မြဝတီမြို့နယ်ထဲက ရသေ့ဂူ၊ မယ်ဝါးခီး၊ ဖလူးလေးစတဲ့ ဒေသတွေက စစ်ဘေးဒုက္ခသည်တွေ ဟာ Site 3 စစ်ဘေးဒုက္ခသည်စခန်းမှာ အများဆုံး ခိုလှုံနေပြီး လူဦးရေစုစုပေါင်း ၉၀၀ ဝန်းကျင်ရှိပါတယ်။ ဒုက္ခသည် တွေအတွက် ရေ၊ ရိက္ခာ၊ ဆိုလာ၊ ယာယီတဲတွေ ပြန်ပြင်ဆောက်ဖို့ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ https://www. rfa.org/burmese/program_2/military-and-knu-battle-03272023050205.html

၁၀။      တမူးမြို့နယ်ရှိ ကူကီးတိုင်းရင်းသားကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး
March 28, 2023

အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့နယ်ရှိ ကူကီတိုင်းရင်းသား အများစုနေထိုင်တဲ့ ကွန်းတောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က  မတ် ၂၅ ရက်‌မှာ  ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ‌တွေဆီကသိရပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူနေအိမ်တွေကို အခုလိုမီးရှို့ဖျက်ဆီးတဲ့အပေါ် ရှုတ်ချကြောင်း ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်းတာဝန်ခံကပြော ပါတယ်။ “ကွန်းတောင်ရွာသစ်ကတော့ ရွာငယ်လေးပါ။ အဲဒီရွာမှာ ကျနော်တို့ ကူကီးလူမျိုးတွေ အများဆုံးနေထိုင်ကြတယ်။ စစ်ကောင်စီအနေနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်။” အဆိုပါ ကွန်းတောင်ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၃၀ ဝန်းကျင်ရှိပြီး နေအိမ် ၂၄ လုံး မီးရှို့ ဖျက်ဆီးခံလိုက်ရကာ ဒေသခံတွေအနေနဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရလို့  စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်နေပြီး လက်ရှိ အိန္ဒိယဘက်ခြမ်းမှာ တိမ်း‌ရှောင်ခိုလှုံနေရပါတယ်။

ကွန်းတောင်ရွာသစ်ကျေးရွာဟာ တမူးမြို့နဲ့ ၆ မိုင်လောက်သာ ကွာဝေးပြီး မတ် ၂၃ ရက်ကလည်း ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ တွေပါ အသုံးပြုခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများလို့ ကျေးရွာတွေကို မီးရှို့တာဖြစ်နိုင်တယ်လို့ တမူးနယ်က တော်လှန်ရေးအင်အားစုအဖွဲ့ဝင်အချို့က သုံးသပ်နေကြပါတယ်။ https://burmese.dvb.no/archives/585524

၁၁။      အမိန့်စာ ရေး မပြီးသေးဟု ဆိုကာ လူထုဇော်ဝင်း ပါ ၃ ဦးအမှု အပြီးသတ်အမိန့်မချဘဲ ရွှေ့ဆိုင်း
March 28, 2023

စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ကျောက်တော်မြို့ခံ လူထုဇော်ဝင်း(ကိုဇော်ဝင်း)အပါအဝင် ၃ ဦးအမှုကို မတ်လ ၂၈ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်မချမှတ်ဘဲ ရုံးချိန်းရွေ့ဆိုင်းလိုက်သည်။ လူထုဇော်ဝင်း (ကိုဇော်ဝင်း) အပါအဝင် ၃ ဦးအမှုအား ယနေ့ရုံးချိန်းတွင် အမိန့်ချ မှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်စာ ရေးမပြီးသည်ဟု ဆိုကာ  ဧပြီလ ၅ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်သည်ဟု အမှုလိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။ “လူထုဇော်ဝင်း အပါဝင် ၃ ဦးအမှု ဧပြီလ ၅ ရက်နေ့ကို ထပ်ရွေ့လိုက်ပါတယ်။  တရားသူကြီးက အမိန့်စာ ရေးလို့မပြီးသေးဘူးလို့ပြောတယ်။ အဲ့တာကြောင့် ရွှေ့လိုက်တာပါ” ဟုပြောသည်။ တရားရင်ဆိုင်နေရ သူများမှာ ကျောက်တော်မြို့ခံ ကိုဇော်ဝင်း(လူထုဇော်ဝင်း)၊ ပန်းဖဲချောင်း ကျေးရွာက ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင် တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦး အပြစ်မရှိသောကြောင့် အခု တရားစွဲဆိုထားသည့် အမှုမှ တရားသေ ပြန်လွတ်ပေးဖို့ မိသားစုဝင်များက လိုလားနေကြပါသည်။

လူထုဇော်ဝင်းကို ဗိုလ်ကြီး ကိုကိုအောင် က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျန်နှစ်ဦးအား ဗိုလ်ကြီး မောင်မောင်နိုင် နှင့် ဗိုလ်ကြီးဝေယံဦး တို့က တရားစွဲဆိုထားခြင်းဖြစ်သည်။ ၎င်းတို့ သုံးဦးမှာ ဇွန်လ ၂၀ ရက်ကနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို AA က ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ကိုဇော်မိုးထက် နှင့် ဦးကျော်သန်းမောင်တို့မှာ ဖုန်းတွင် AA ပုံများပါရှိသည်ဟု ဆိုကာ တရားစွဲထားခြင်းဖြစ်သည်ဟု မိသားစုဝင် များပြောသည်။ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ခတ်ရပ်စဲကြ ရာတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အရပ်သားများကို ပြန်လည်လွတ်ပေးရန် ကတိကဝတ်များ ပါသော်လည်း စစ်ကောင်စီ က လိုက်နာမှု အားနည်းနေသည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။ https://www.facebook.com/westernnews agency/photos/a.119286173211229/736808571458983/

၁၂။       မဏိပူရ်ပြည်နယ်မှ မြန်မာစစ်ဘေးရှောင်များအားယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးပြီး စခန်းဆောက်လုပ်ပေးမည်
March 27, 2023

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ကတ် များထုတ်ပေးပြီး နေထိုင် ရန်စခန်းဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဗမာပြည်ဒုက္ခသည်များ‌ကော်မတီ ( ကဘော်ချိုင့်ဝှမ်းဒေသ) Burma Refugee Committee Kabaw Valley(BRCK) ထံမှ သိရသည်။ မတ်လ ၂၆ ရက် နံနက်ပိုင်းက တင်နိုပယ်ခရိုင်၊ မိုးရေးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတစ်ရွာ၌ မဏိပူရ် အစိုးရ၏ ဆုံးဖြတ်ချက်အရ မြန်မာစစ်ဘေးရှောင်များ၏ အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်း ထားသော ကော်မတီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးဦးလက်ပေါင်(ဟောင်ကစ်)၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာ စစ်ဘေးရှောင် များတွေဆုံရာတွင် အထက်အပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “ရွာတွေမှာပြန့်ကြဲနေပြီး တိမ်းရှောင်နေရတဲ့ သူတွေအတွက် တစ်နေရာထဲမှာ ကမ့်ပုံစံနဲ့ နေစရာဆောက် လုပ်ပြီး ထားမယ်၊ စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံ ရေးအတွက်လည်း တတ်နိုင်သ လောက် ထောက်ပံ့ကူညီသွားမယ်လို့ ဝန်ကြီးကပြောခဲ့တယ်” ဟု BRCK နာယကဖြစ်သူ တမူးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထန်ဆေး ကပြောသည်။ ဝန်ကြီးက စစ်ဘေးရှောင်စခန်း ဆောက်လုပ်ရေးနှင့် ပတ်သက် ပြီး ၎င်းတို့အစိုးရမှ ဘဏ္ဍာငွေထုတ်ပေးမည် ဖြစ်သော်လည်း အကန့်အသတ်ရှိသောကြောင့် စခန်းဆောက်လုပ်ရေး ပိုမိုကောင်း မွန် အဆင်ပြေစေရန် အတွက် စစ်ဘေးရှောင်များကိုယ်တိုင်ပါဝင်ကူညီဆောက်လုပ်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း ဆိုသည်။ ထို့ပြင် ဝန်ကြီးနှင့်အတူလိုက်ပါလာသော ဌာနဆိုင်ရာအကြီးအကဲများက စခန်းဆောက်လုပ်ခြင်းလုပ်ငန်းအပြင် မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးများကို တတ်နိုင်သလောက် တာဝန်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

စခန်းအတွင်းနေထိုင်သူများကို ယာယီနေထိုင်ခွင့်ကတ်များထုတ်ပေးပြီး နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီး စစ်ဆေးခြင်း များမှ ကင်းလွတ်မည်ဖြစ်သော်လည်း မိမိသဘောဆန္ဒအရ စခန်းပြင်ပတွင်နေထိုင်သူများ ဖမ်းဆီးခံရပါက တာဝန်ယူမည်မဟုတ် ကြောင်း ဝန်ကြီးကတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းတွေ့ဆုံပွဲကို ဗမာပြည် ဒုက္ခသည်များ‌ကော်မတီ ( ကဘော် ချိုင့်ဝှမ်းဒေသ) နာယက ဦးထန်ဆေး၊ ဥက္ကဋ္ဌ ဒေါက်တာမျိုး၊ အမျိုးသမီး လူငယ်နှင့် ကလေးရေးရာတာဝန်ခံ ဒေါက်တာစိုး နှင့် မြန်မာပြည်သား စစ်ဘေးရှောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ BRCK နာယကနှင့် ဥက္ကဋ္ဌ ဖြစ်သူတို့မှလည်း ဝန်ကြီး နှင့်အဖွဲ့အားလာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းခဲ့သည့်အတွက် အသက် အန္တရာယ်လုံခြုံရေးကြောင့် ခိုလှုံလာသူများအား တတ်နိုင်သလောက် အကူအညီပေးပါရန် မေတ္တာရပ်ခံပြောကြားခဲ့ကြောင်းဆို သည်။ ၎င်းအပြင် ယခုဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေး မအောင်မချင်း နေထိုင်ခွင့်ပြုပြီး ယာယီနေထိုင်ခွင့် အထောက် အထားကတ်များ ပြုလုပ်ပေးစေလိုကြောင်းနှင့် ရေရှည်အခြေချနေထိုင်ရန်အတွက်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်သည့် နေ့တွင် နေရပ်သို့ပြန်ကြမည်ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဦးထန်းဆေး က ပြောသည်။ https://www.facebook.com/M izzimaDaily/photos/pcb.6545825965452253/6545822345452615/

၁၃။      ပလက်ဝတွင် နေရပ်ပြန် စစ်ဘေးရှောင် ၁ ထောင်ကျော် စားဝတ်နေရေး အခက်အခဲကြုံနေရ၍ မြို့နယ်ထွေအုပ်ရုံးသို့ စာရေးတင်ပြရန်စီစဉ်နေဟုဆို
March 28, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်သည် လက်ရှိတွင် စားဝတ် နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ စာရေး တင်ပြရန် စီစဉ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ နေရပ်ပြန်ခဲ့ကြရသည့် စစ်ဘေးရှောင်များအနေဖြင့် ပါလာသည့် ရိက္ခာများလည်း ပြတ်လပ် သွားပြီဖြစ်ကာ မိုင်းအန္တရာယ်လည်း စိုးရိမ်နေရသည့်အတွက် လုပ်ကိုင်စားသောက်ရန် အဆင်မပြေဖြစ်နေ၍  ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံ စာတင်ပြီး အကျိုးအကြောင်းရှင်းပြကာ မိုင်းရှင်းလင်းရေးနှင့် ထောက်ပံ့မှုများကို တောင်းခံသွား မည်ဟု စစ်ဘေးရှောင်များက ဆိုသည်။ စိမ့်စမ်းဝကျေးရွာ စစ်ဘေးရှောင်ရွာသားတစ်ဦးက “ကျနော်တို့ကို ပြန်သွားကတည်းက စားဝတ်နေရေး အခက်အခဲတွေလည်း ရင်ဆိုင်နေရတယ်။  ကျနော်တို့ အဓိက လုပ်ကိုင် စားသောက်နေကြတဲ့ တောတောင်တွေ ကိုလည်း မိုင်းအန္တရာယ်ကို စိုးရိမ်ပြီး မသွားရဲဘူး။ မိုင်းရှင်းလင်းပေးတာတွေလည်း မရှိသေးတော့ ကျနော်တို့က အလုပ်အကိုင် မရှိဘူးပေါ့။ ဆိုတော့ မိုင်းရှင်းလင်းရေးနဲ့ ကျနော်တို့ အခက်အခဲတွေကို မြို့နယ်ထွေအုပ်ရုံးကို တင်ပြသွားဖို့ရှိပါတယ်” ဟု ဆိုသည်။ ၎င်းစစ်ဘေးရှောင် ၁ ထောင်ကျော်မှာ ပလက်ဝမြို့နယ်မှ မီးလက်ဝအောက်ရွာ၊ ဘောင်ဝ၊ ငဗွီ၊ အန်ခခိုဝ၊ တမန်းသား၊ ဆီဖလောင်၊ ပလက်ချောင်းဝ၊ အောက်သဲမဝ၊ စိမ့်စမ်းဝ စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၁၉)ရွာခန့်မှ အိမ်ထောင်စု (၃၀၀) ခန့်ဖြစ်သည်ဟု သိရသည်။ 

မီးလက်ဝ အောက်ရွာမှ စစ်ဘေးရှောင်ရွာသားတစ်ဦးက “ အခု အလုပ်က တစ်ခုမှ မရှိဘူး။ တောင်ယာ လုပ်တဲ့အချိန် မဟုတ်တော့ တခြားလုပ်စရာလည်း မရှိဘူး။ တောင်တို့ဘာတို့ တက်လုပ်ဖို့ကလည်း ကျနော်တို့မှာ ကြောက်လန့်မှုတွေရှိနေ တယ်။ မိုင်းကိုကြောက်ရတယ်။  ဒါကြောင့် စားဝတ်နေရေးကတော်တော်လေးကို အဆင်မပြေတာတွေများပါတယ်”ဟု ဆိုသည်။ ယင်းစစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏နေရပ်ပြန်ရန် ဖိအားပေး ခိုင်းစေမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလများတွင် နေရပ်သို့ အသီးသီးပြန်သွားကြရခြင်းဖြစ်သည်။ ပလက်ဝတွင် ဒေသတည်ငြိမ်နေပြီဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူများက နေရပ်အတင်းပြန်ခိုင်းခဲ့ပြီး အိမ်ထောင်စု တစ်စုကို  ငွေကျပ် (၃)သိန်းမှ (၆) သိန်းအထိ ထောက်ပံ့ ပေးခဲ့သည်ဟု ဆိုသည်။  လက်ရှိတွင် ရပ်ရွာအနီးနှင့်တောတောင်များတွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို မတော်တဆ ဖြစ်မည်ကို စိုးရိမ်၍ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းများဖြစ်ကြသည့် ဘောလုံးကွင်း စခန်း၊ ဝိသုဒ္ဓါရုံ ဘုန်းတော် ကြီးကျောင်း၊ စိုက်ပျိုးရေးစစ်ရှောင်စခန်း၊ အာဆီ ခရစ်ယာန်ကျောင်းနှင့် အထက (၁)ကျောင်းစခန်းတို့တွင် နေရပ် မပြန်နိုင်သေး သည့် စစ်ဘေးရှောင် ၅ ထောင်ခန့် ကျန်ရှိနေသေးသည်ဟု သိရသည်။ https://burmese.narinjara.com/…/642254b31ca2 b916d3b61788

၁၄။      ဘုတ်ပြင်းမှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ ခေါင်းဆောင်အပါဝင် ၂ ဦး သေဆုံး သေနတ် ၅ လက် သိမ်းဆည်းရမိ
March 28, 2023

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ မသေကျေးရွာအုပ်စု ဝါးကျွန်းကျေးရွာတွင် ပျူစောထီးအဖွဲ့အား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် သွားရောက် ပစ်ခတ်ရှင်းလင်း ရာ ခေါင်းဆောင်အပါဝင် နှစ်ဦးသေဆုံးပြီး သေနတ်ငါးလက်အပါဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ Mission အား ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်း မြို့နယ် (ပကဖ) တို့က ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက “ကျွန်တော်တို့ ပြည်သူတွေကို ဘာတွေပြောချင်လည်းဆိုတော့ စစ်တပ်နဲ့ပတ်သက်တဲ့သူတွေနဲ့ ဝေးဝေးနေ ဖို့ တောင်းဆိုချင်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်သူတွေကပဲ တိုင်ကြားထားတဲ့ ဒလန်တွေ ပျူစောထီးတွေ့ရဲ့ စာရင်း အချက်အလက်တွေ ကျွန်တော်တို့အဖွဲ့ဆီမှာ အကုန်ရှိနေလို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ် နိုင်လို့ ဖြစ်တယ်”လို့  ပြောသည်။

ယင်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရေကြောင်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက်   AK 47 လေးလက်၊ AK ကျည်ဘောက် ငါးခု၊  M 16 တစ်လက်၊ M16 ကျည်ဘောက် ၁၁ ခု၊ နာနတ်သီး(လက်ပစ်ဗုံး) သုံးလုံး၊ မင်းဂွတ်သီး (လက်ပစ်ဗုံး) တစ်လုံး၊ M16 ကျည် ၁၇၀ တောင့်၊ AK 47 ကျည် ၃၅၅ တောင့် ၊ အထိုင်ဖုန်း တစ်လုံး၊ စမတ်ဖုန်း တစ်လုံး၊ Equiment တစ်စုံ၊ လက်ထိပ် နှစ်စုံ၊ ဓားရှည် နှစ်ချောင်း၊ ဓာတ်မီးတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်တွင် ရေးသား ဖော်ပြထားသည်။ https://www.facebook.com/MizzimaDaily/photos/ a.320351647999747/654885724115792/

၁၅။      ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ
March 28, 2023

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့ TNLA စစ်သားများ ဝင်ရောက်လာပြီး ရွာသားများကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ခြံဝင်းထဲ ခုန်ဝင်ပြီး၊ နေအိမ်တံခါးတွေကို လိုက်ထု နေတယ်၊ တချို့ကလည်း ဝင်လို့ မရတော့ အပြင် ကနေ အော်ခေါ်တာ၊ ယောက်ျားလေးတွေကို စစ်သားတွေလုပ်ရမယ်ဆိုပြီး တော့ဖမ်းခေါ်သွားတယ်၊ စုစုပေါင်း ၇/၈ ယောက်လောက်ရှိမယ်”ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။  ဖမ်းဆီးခံရသူ ၈ ယောက်ထက်မနည်း ရှိနေပြီး လူငယ်များအပြင် သက်ကြီး အမျိုးသားများလည်း ဖမ်းဆီးခံရမှု ရှိနေကြောင်း လည်း သိရသည်။ ထို့အပြင် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် (ရပ်ကွက် ၉) ဘက်မှာလည်း TNLA စစ်သားများ ဝင်ရောက်ပြီး ဒေသခံများကို စစ်သားလုပ်ဆောင်ရန်အတွက် ဟုဆိုကာ အမျိုးသားများကို ဖမ်းဆီးခေါင်ဆောင်မှု ရှိခဲ့ကြောင်း လည်း အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးက သျှပြောသည်။

“တိလင်ဘက်ကို နေ့ဘက်ရော ညဘက်ရော ဝင်တယ်၊ အစကတော့ ပလောင် (တအာင်း) ကိုပဲ ယူမယ်ဆိုပြီး တော့ မဆိုင်တဲ့သူတွေကိုလည်း ခေါ်သွားတယ်၊ အဲ့ဘက်မှာသျှမ်းတွေ အနေများတယ်လေ၊ တိလင်ဘက်က တော်တော်များများပါသွား တယ်၊ အတိအကျတော့ မသိရဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ TNLA တပ်ဖွဲ့သည် ဒေသခံများကို စစ်သားသစ် စုဆောင်းရေး အတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရပြီး တအာင်း(ပလောင်) လူမျိုးများအပြင် သျှမ်းလူမျိုးများကိုလည်း ဖမ်းဆီးခေါ်ဆောင်မှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။ ထို့အပြင် ကျောက်မဲမြို့နယ်မှ အင်ကြင်းတောင်ဘက်ရှိ ဒေသခံများကိုလည်း တပ်သားသစ် အတွက် ဟု ဆိုကာ TNLA တပ်ဖွဲ့က ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ တအာင်း (ပလောင်) လူမျိုးများကို အခွန်ကောက်ခြင်း၊ စစ်သားကောက်ခြင်းများ မပြုလုပ်ရန် SSPP/SSA တပ်ဖွဲ့ကို လိပ်မူပြီး တားမြစ် ထုတ်ပြန် ပြောဆိုမှု ရှိခဲ့သည်။ https://www.facebook.com/shanne wsburmese/photos/pcb.60 66373560121703/6066372953455097/

၁၆။      အရပ်သား ၉ ဦးသတ်ဖြတ်ခံရသောဖြစ်စဉ် အမှုမှန် ဆောင်ရွက်ရေးအတွက် ကြန့်ကြာမှု ရှိနေဆဲ
March 27, 2023

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်  လဝါးကျေးရွာအုပ်စု မဂေါင်းတောင် (Magawng Tawng) ကျေးရွာတွင် အရပ်သား ပြည်သူ ၉ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည့် KIO/KIA သည် အမှုကျူးလွန်သူများနှင့် ဆက်စပ်နေသူတချို့ကို အရေးယူမှုမပြုဘဲ အမှုကြန့်ကြာအောင် လုပ်ဆောင်နေသည်ဟု အမှုမှန်ပေါ်ပေါက်ရေး လူထုကော်မတီ(Mung Shawa Lam Tam Commitee)ဆောင်ရွက်နေသူများက ပြောဆိုသည်။ အရပ်သားပြည်သူ ၉ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၀ မှ သတ်ဖြတ်လိုက်သည့်ဖြစ်စဉ်သည် မတ်လ ၂၅ ရက်နေ့တွင် ၂ လတိတိပြည့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ လူသတ်မှုကျူးလွန်ထားသူတစ်ချို့ကို ထိန်းသိမ်းထားသည့် အနေအထားသာဖြစ်ပြီး တရားမျှတမှုရရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုသူတို့က တကယ်သတ်လိုက်တဲ့ သူတွေ လောက်ကိုပဲ ဖမ်းဆီးထားတယ်။ ဒါပေမယ့် ဒီလိုသတ်ဖြတ်တာတွေ ဖြစ်သွားအောင်အထိ နောက် ကနေ မဟုတ်မမှန်သတင်းပေး သွေးထိုးပေးခဲ့တဲ့ သူတွေကိုပါ ဖမ်းပြီးအရေးယူစေချင်တယ်။ အခုက သတ်လိုက်တဲ့သူတွေ လောက်ပဲသိကြပြီးတော့ ကျန်တဲ့သူတွေကို ဖုံးဖိဖို့လုပ်နေကြတယ်။ ပြီးရင် KIO/KIA ကိုယ်တိုင်လည်း ဘယ်သူတွေပါဝင်နေ တယ်ဆိုတာသိပြီးသားပဲ။ ဒါကို အခုချိန်ထိ အမှုကြန့်ကြာအောင် လုပ်နေတယ်။ ကျနော်တို့ဘက်ကတော့ အမြန်အဆုံးသတ်ချင် ပြီ”ဟု ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်ရာသူများအပါ မျက်မြင်သက်သေများ အဖွဲ့ဝင် ၁၉ ဦးကို KIA တပ်မဟာ ၂ တွင် ထိန်းသိမ်း ထားသော်လည်း အသတ်ခံလိုက်ရသော မိသားစုဝင်များအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးခြင်းမရှိဟု သိရသည်။ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်ရန်လိုအပ်သော်လည်း တာဝန်ရှိကြသည့် KIO/KIA ဘက်မှ ရက်ကို ပြောင်းလဲချိန်ဆိုမှု သာ လုပ်ဆောင်နေသည်ဟု အထက်ပါ အမှုမှန်ပေါ်ပေါက်ရေးမှ တာဝန်ရှိသူကဆက်ဆိုသည်။ “သူတို့ဘက်ကနေ စုံစမ်းရေးအဖွဲ့ နဲ့ ကျနော်တို့ ဒေသခံ စုံစမ်းရေးအဖွဲ့တွေကနေ ရရှိထားတဲ့ အချက်အလက်တွေ ပြန်စီစစ်ရမယ်ဖြစ်တယ်။ ဒါပေမယ့် တွေ့ဖို့ရက် ကိုပဲပြောင်းနေတာ။ ဒီပြဿနာထဲမှာ ဘယ်တွေပါတယ် ဆိုတာက သိနေပြီ။ သူတို့ တာဝန်ရှိတဲ့ သူတွေအနေနဲ့ မြန်မြန် မလုပ် တော့ အချိန်တွေက မကြာသင့်ဘဲကြာသွားတယ်။ ပြောချင်တာက ဒီလောက်ကြီးမားတဲ့ လူသတ်မှုကို လုပ်ခဲ့တဲ့သူတွေကို ပေါ့ပေါ့ဆဆ လုပ်နေကြတယ်” ဟု ပြောသည်။ https://www.facebook.com/theKachinNews/photos/a.46290187047622 8/5477270659039299/

၁၇။      စစ်ရေးဆက်လက်တင်းမာလာဖို့ ရှိနေတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ပြည်သူလူထုတွေကို ဆက်ဆက်တောင့်ခံပေးဖို့ KNDF တိုက်တွန်း
March 28, 2023

စစ်ရေးဆက်လက်တင်းမာလာဖို့ ရှိနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ပြည်သူလူထုတွေကို  ဆက်လက်တောင့်ခံပေးဖို့ တိုက်တွန်းချင်တယ်လို့ KNDF အတွင်းရေးမှူး (၃) ခူးရီးဒူ ကပြောပါတယ်။ ” လူထုတွေအနေနဲ့က တော့ ကျနော်တို့ လက်ရှိ ဒီတော်လှန်ရေးကို ဒီထက်ပိုပြီးတော့မှ အာရုံစိုက်ပေးဖို့ ဆက်လက်ပြီးတော့မှ ပံ့ပိုးကူညီပေးဖို့တော့ ကျနော်တို့ အနေနဲ့ တိုက်တွန်းလိုတယ်။ အကြံလည်းပြုလိုတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ဒိီစစ်အာဏာရှင်ရဲ့ ကျဆုံးခန်းက တော်တော်လေး နီးစပ်နေပြီလို့ ကျနော်တို့ အဲလိုမျိုး ယူဆတယ်။ အတွက်ကြောင့်မလို့ လူထုတွေက ဒိီထက်ပိုပြီးတော့မှ တောင့်ခံပေးဖို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တယ်”လို့  KNDF အတွင်းရေးမှူး (၃) ခူးရီးဒူ ကပြောပါတယ်။ စစ်ကောင်စီတပ် တွေဟာ နန်းဟူးတွေ၊ ဒေါစဲ ဘက်မှာ စစ်ကြောင်း ၃ ကြောင်း အပြင် ဒေါတမကြီး၊ ဒေါ‌‌ညေးခူ ဘက်မှာလည်း စစ်ကြောင်း ၃ ကြောင်း ဖြင့် ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ နေ့စဥ်နဲ့အမျှ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဟာ မတ်လအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကို ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယခုလို လေကြောင်း ပိုမိုအသုံးပြုလာတာတွေ လက်နက်ကြီး အဆမတန် ပစ်ခတ်တာတွေဟာ မြေပြင်မှာရှိတဲ့ သူတို့ရဲ့တပ်က အထိနာတယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ “လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ကူမှုက ကျနော်တို့ သိရသ လောက်တော့ (၂) မျိုးရှိတာပေါ့လေနော်။ မြေပြင်မှာ သူတို့တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုတွေ မြင့်လာတဲ့အခါမှာ အများအပြား ကျဆုံး လာတဲ့အခါမှာတော့သူတို့တွေက ပုံမှန် အားဖြင့် လေကြောင်းပစ်ကူမှုတွေ ခေါ်လေ့ရှိတာပေါ့။ ပြီးတော့မှ လက်နက်ကြီး အဆ မတန်ထုတာ ပစ်တာတို့ ဘာတို့ဆိုတာကလည်း ဒါက သူ့ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မြေပြင်မာ သူရဲ့တပ်ဖွဲ့ဝင်တွေက ကျဆုံးမှု တွေများနေပြီ အဲတွက်ကြောင့်မလို့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူက အမြဲတမ်း သူတို့ ခေါ်နေရတယ် အဲလိုမျိုးပေါ့” လို့ သူကဆက်ပြောပါတယ်။  https://www.kantarawad dytimes.org/%e1%80%85%e1%80%85%e1%80%ba%e1%8 0%9b%e1%80%b1%e1%8

၁၈။      လောင်းကစား ဖွင့်လှစ်ရင် ပိုင်ဆိုင်မူတွေပါ သိမ်းဆည်းပြီး အရေးယူသွားမယ်လို့ SSPP ထုတ်ပြန်
March 28, 2023

SSPP က သူတို့ လှုပ်ရှားထိန်းချုပ်တဲ့နယ်မြေတွေထဲမှာ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ရင် ပိုင်ဆိုင်မူတွေ သိမ်းဆည်းပြီး ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်တယ်လို့ မတ်လ ၂၂ နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ SSPP တပ်ဖွဲ့ အဓိကလှုပ်ရှားရာ မိုင်းရယ်မြို့နယ်ထဲမှာ လောင်းကစားဝိုင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ထုတ်ပြန်ချက်အပြီးမှာဘဲ ယခုလို ထပ်မှန်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ သီပေါမြို့နယ်ထဲက ကျေးရွာတွေမှာ လစဉ်နဲ့အမျှ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြပြီး သီပေါမြို့ဟာ SSPP တပ်ဖွဲ့ အဓိက လှုပ်ရှားရာမြို့တစ်ခုလဲဖြစ်နေသလို လောင်းကစားဝိုင်းတွေထံ SSPPတပ်ဖွဲ့က လိုင်းကြေး၊ အခွန်ကောက်ခံနေမှု တွေ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက “ပြီးခဲ့တဲ့ ဘောကြိုဘုရားပွဲမှာ လောင်းကစားဝိုင်းတွေကို SSPP က အခွန်ကောက်ပြီး ခွင့်ပြုခဲ့တယ်လေ။ သူတို့ အရာရှိ အချင်းချင်းမှာကိုဘဲ စကားများကြသေး တယ်။ တစ်ယောက်က လောင်းကစားမဖွင့်ဖို့ပြောတယ်။ တစ်ယောက်က ဖွင့်ခိုင်းတယ်၊ တစ်ယောက်က ငါကြတော့ အခွန်နည်း နည်းဘဲရတယ်ဆိုပြီး ဥ အိမ်မှာ စကားများကြတာ” လို့ ပြောပါတယ်။

SSPP ရဲ့ လုပ်ငန်းစီစစ်ရေးကော်မတီက လောင်းကစားဝိုင်းတွေကို ပိတ်ပင်တားဆီးခဲ့ပေမဲ့ ၎င်းတို့ အရာရှိတွေကိုယ်တိုင် ပါဝင်ဆက်နွယ်နေတာ ရှိလာနေတာကြောင့် ထပ်မံပိတ်ပင် သတိပေးရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “SSPP က လောင်းကစားဝိုင်းတွေ ပိတ်ပင်တယ်ဆိုတာ လူထုအတွက်တော့ကောင်းတာပေါ့။ လောင်းကစားမရှိလေကောင်းလေ ဘဲ။ ကျွန်မရဲ့မိတ်ဆွေထဲမှာဆိုရင် လောင်းကစားကြောင့် အိမ်ပေါင်တယ် အိမ်ထောင်တွေကွဲကုန်တယ်”လို့ အထက်ပါ အမျိုး သမီးကဆက်ပြောပါတယ်။ လာမဲ့ ဧပြီလထဲမှာ သီပေါမြို့နယ်ထဲက စံဖိတ်ကျေးရွာနဲ့ တွန်ခယ်ကျေးရွာတွေမှာ လောင်းကစား ဝိုင်းတွေဖွင့်လှစ်သွားဖို့ရှိမယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာကာ SSPP အဓိက လှုပ်ရှားတဲ့ကျေးရွာတွေဖြစ်လို့စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ အထက်ပါ အမျိုးသမီးကဆိုပါတယ်။ SSPP တပ်ဖွဲ့ဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင်မြို့နယ် အချို့တို့မှာ သွားလာလှုပ် ရှားပြီး ၎င်းတို့လှုပ်ရှားရာ ဒေသတွေမှာ လောင်းကစားဝိုင်းတွေထံ အခွန်ကောက်ခံနေမှုတွေရှိနေဆဲဖြစ်တယ်လို့ လူထုတွေရဲ့ ဝေဖန်မှုအချို့တော့ရှိနေပါတယ်။ https://www.facebook.com/photo/?fbid=539435315030404&set=a.4045032151282

၁၉။      ရွာငံမြို့နယ်မြောက်ပိုင်းသို့ စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး လူနေအိမ်များ ဝင်ရောက်ရှာဖွေ ပစ္စည်းယူပြီး နေအိမ် တစ်လုံးမီးရှို့ဖျက်ဆီး
March 27, 2023

ရှမ်းပြည်တောင်းပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မြောက်ပိုင်းတွက် စစ်ကောင်စီ စစ်ကြောင်းထိုးနေပြီး လေကြောင်းရှာဖွေမှုများအပြင် လူနေအိမ်များထဲသို့ ဝင်ရောက်ရှာဖွေပစ္စည်းယူပြီးနောက် နေအိမ်တစ်လုံးမီးရှို့သွားကြောင်း သိရှိရပါသည်။ မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ငှက်သောက်ကျေးရွာမှ ကိုဇော်၏နေအိမ်ကို စစ်ကောင်စီတပ်သားများလာ ရောက် မီးရှို့သွားပြီးနောက် အိမ်ပိုင်ရှင်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းပြောပါသည်။   ” ဒီမနက်မှာပဲ လေကြောင်း ဟတ်စကီးနဲ့ အပေါ်ကနေ ဝဲပျံရှာဖွေတာ ရှိနေတယ် အရင်ကတော့ သူ့နေအိမ်မှာ NLD မဲစည်းရုံးခဲ့တဲ့ နေအိမ်ဖြစ်တယ်  စစ်ကောင်စီတွေ မီးလာရှို့သွားတာဟုတ်တယ် တစ်ခြားလူမရှိတဲ့နေအိမ်တွေလဲ ဝင်ရောက်သွားပြီး တန်ဖိုးရှိပစ္စည်းတွေခိုးသွား ကြတယ်” ဟု ၄င်း ကျေးရွာဒေသတွင်အခြေချ ခြံအလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဒေသတွင်းဗျူစောထီးများသတင်းပေးမှုကြောင့် ယခုတစ်ပတ်အတွင်း တပင်ပျော်၊ ငှက်သောက်ကျေးရွာ အနီးရှိယုန်ဗွေ ကွမ်းသီးခြံများတွင် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း ဒေသခံမှ သိရသည်။  ထို့အ​ပြင် ယခု တစ်ပတ်အတွင်း ရွာငံမြောက်ပိုင်း ကျောက်ကူပြင်ကျေးရွာတွင် ကားရှိသောနေအိမ်တစ်ချို့ကလည်း စစ်ကောင်စီစစ်ကြောင်း ထိုးသွားလာနေသည့် နေရာများသို့ ရိက္ခာများပို့ဆောင်ရန်ချောဆွဲခံရမှုများရှိခဲ့သည့်အပြင် စစ်ကောင်စီကထင်မြင်ချက်ဖြင့် ကျေးရွာတစ်ချို့လမ်းများတွင်လည်း ရှောင်တစ်ခင်အုပ်စုအဖွဲ့လိုက် ဖုန်းများစစ်ဆေးလျက်ရှိလာကြောင်းသိရှိရ ပါသည်။ https: //www.facebook.com/KhamSarNgor/photos/pcb.23010587033 97372/2301058596730716/

၂၀။       ဖားကန့် တွင် ဒုရဲအုပ်တစ်ဦးနှင့် PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့
March 27, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် မတ်လ ၂၆ ရက်နေ့  ညနေ ၄ နာရီဝန်းကျင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အဖွဲ့ဝင်တစ်ဦး သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။ ဆိုင်းတောင်ရပ်ကွက် ၄ ဘဇံချောင်းအနီးတွင် အိမ်စီးကားတစ်စီးဖြင့် မောင်းနင်းလာသည့် ဒုရဲအုပ်တစ်ဦးအား ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ နှစ်ဖက်တပ် သေဆုံးမှုရှိခဲ့သည်ဟု ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။ “ရဲကအရပ်ဝတ်နဲ့အိမ်စီးကားနဲ့လာတာဆိုပြီး သတင်းရတော့ PDF ကလည်း တစ်ယောက်ထဲ ကားနဲ့သွား ပြီးပစ်တာ အဲ့မှာ သွားပစ်တဲ့တစ်ယောက်က ဟိုဘက်က ပစ်သတ်တာခံလိုက်ရတယ်။ အဲ့မှာ အနောက်ကနေ တခြားကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက ထပ်လိုက်လာပြီးမှပဲ ဒုရဲအုပ်ကိုရှင်းပစ်လိုက်တာ အဲ့မှာပွဲချင်းပြီးပဲ”ဟုပြောသည်။ ပစ်သတ်ခံလိုက်ရသည့် ဒုရဲအုပ်သည် ညီညီထက်အောင် ခေါ်သူဖြစ်ပြီး ဆိုင်းတောင်(ဆိပ်မူ)ရဲစခန်းတွင် တာဝန်ထမ်းဆောင်သူဖြစ်သည်ဟုသိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ ရဲဘော်၏ အမည်နာမကို လုံခြုံရေအရ ဖော်ပြခွင့် မပြုဘဲ ဒုရဲအုပ်ကို သွားပစ်ခတ်စဉ် စီးနင်းသွားသည့်ကားကို စစ်ကောင်စီတပ်မှ သိမ်းယူသွား ကြောင်းသိရသည်။ ဖားကန့်မြို့နယ် တွင် ယခုကဲ့သို့ စစ်ကောင်စီ ရဲဝန်းထမ်းများ ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ပထမဆုံး အကြိမ် ပစ်ခတ်ခံရမှုဖြစ်သည်။ https://burmese.kachinnews.com/2023/03/27/az2-93/

၂၁။       မင်းအောင်လှိုင်က အမြစ်ပြတ်ချေမှုန်းမည်ဟုပြောဆိုခြင်းမှာ စစ်အုပ်စု၏ကြောက်စိတ်ကို ဖော်ပြနေခြင်းဖြစ်ဟု ယာယီ သမ္မတ ပြော
March 28, 2023

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ၏ နယ်မြေ စိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိကြောင်းတွေ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။ ယနေ့ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယမန်နေ့ (မတ်လ ၂၇ ရက်)စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနား၌ မင်းအောင်လှိုင် ပြောဆိုခဲ့သည့် NUG၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အမြစ်ပြတ်ချေမှုန်းမည်ဆိုသည့် စကားအပေါ်လည်း ယာယီသမ္မတက တုံ့ပြန်ခဲ့သည်။ “ဖက်ဆစ် တော်လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာစစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

“ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာဆင်သွားသလို အထင်အရှားပဲတွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါ တယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ၌ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြသည့် နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ယာယီသမ္မတက ပြောကြားသည်။ “စစ်ကောင်စီဟာ နေ့စဉ်နေ့တိုင်း လူမျိုးပေါင်းစုံကို အကြမ်းဖက် သတ်ဖြတ် နေပြီး၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖျက်ဆီးနေတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ စာမျက်နှာမှာ ပြန်လည်ဝင်ဆံ့လာဖို့နဲ့ သူတို့ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို အထောက်အပံ့ရစေဖို့အတွက် ရိုဟင်ဂျာ လူမျိုးတွေကို ပြန်လည် လက်ခံဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။ https://www.facebook.com/LuduNwayOo/ photos/a.104312508424 877/602329811956475/

၂၂။       အင်တာနက်၊ ဖုန်းလိုင်းပြတ်တောက်နေတဲ့မတူပီမြို့မှာ ကြိုးဖုန်းနဲ့လည်းဆက်သွယ်ရေးမရတာ ၁ လ နီးပါးရှိပြီလို့သိရ
March 27, 2023

အင်တာနက်၊ ဖုန်းလိုင်းပြတ်တောက်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ ကြိုးဖုန်းနဲ့လည်း အဆက်သွယ်တွေ မရတော့တာ (၁) လနီးပါး ရှိတော့မယ်လို့ မတူပီမြို့ဒေသခံတွေထံကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “စစ်ကြောင်းတွေ ထိုးလာလို့လားတော့ မသိဘူး၊ ကြိုးဖုန်းတွေကိုလည်း ဆက်သွယ်လို့မရတော့တာ မတ်လအစပိုင်းလောက်ကနေ အခုထိ ရှိသွား ပြီလို့ပြောလို့ရတယ် တခါတလေ ပြန်ရသလိုရှိပေမယ့် အခုတော့ လုံးဝဆက်သွယ်လို့မရတော့ဘူး ” လို့ပြောပါတယ်။ ဖုန်းလိုင်း တွေမရတာ (၃)လကျော် ရှိပြီဖြစ်တဲ့ မတူပီမြို့မှာ ကြိုးဖုန်း (၄)လုံးနဲ့သာ ပြင်ပ တခြားဒေသက မိမိဆွေမျိုး၊ မိတ်ဆွေတွေနဲ့ ဆက် သွယ်ပြောကြတဲ့ ကြိုးဖုန်းလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမရတော့တာလို့ မတူပီဒေသခံတွေထံကတဆင့် သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ (၁၃) ရက်လောက်ကစပြီး ပခုက္ကူကနေ ချင်းတောင်ဖက်ကို ကားအစီး (၈၀) လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အကြား တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်။  ချင်းပြည်နယ် အတွင်း မြို့တော်တော်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့နောက်ပိုင်း မတူပီမြို့ပေါ်နေ ဒေသခံတွေ ကိုယ့် ဒေသအတွင်း လူနေမှုဘဝ အလွန်ကြပ်တည်းလာတာတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေထိုင်ကြတာတွေ လည်း ရှိပါတယ်။ https://www.facebook.com/photo/?fbid=606072918221710&set=a.273500801478925

၂၃။       ဝိုင်းမော်မြို့နယ်ရှိ ဒဘတ်ချောင်းဖျားတွင် ရွှေတူးဖော်မှုကို ဒေသခံများကန့်ကွက်

March 28, 2023

စစ်ရှောင်ပြည်သူများ ပြန်လည်အခြေချနေထိုင်လျက်ရှိသော ကျေးရွာသုံးရွာမှ ပြည်သူများအဓိက အားထားရသည့် ဒဘတ်ချောင်းဖျားတွင် ရွှေတူးဖော်နေသောကြောင့် ဒေသခံပြည်သူများဆန့်ကျင်ကန့်ကွက်လျက်ရှိသည်ဟု သိရသည်။ ဒဘတ် ယာန်ကျေးရွာ၊ ကဇူးကျေးရွာနှင့် ဂါးရာယာန်ကျေးရွာရှိ ဒေသခံများအားထားရာ ဒဘတ်ချောင်းအထက်တွင် ရေငုပ်ကျင်းဖောင် ၅၀ ခန့်နှင့် ရွှေဖောင် ဒေသအခေါ် ဂုန်ကလန်စက်ဖောင်တို့ဖြင့် ရွှေတူးဖော်မှုများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်တူးဖော်နေ ခြင်းဖြစ်သည်ဟု ကဇူးကျေးရွာဒေသခံတစ်ဦးက ပြောသည်။ “ဒီကိုပြန်ရောက်လာပြီး ရွာသားတွေအကုန်သဘောတူထားတာက တော့ ဒီမှာရွှေမတူးဖို့ဆိုပြီး သဘောတူထားကြပြီးသား။ ဒါပေမဲ့ ရွာလူကြီးတွေကနေပြီး ဒီလိုရွှေတူးတာတွေ ဝင်လာ တာကိုတော့ ပြန်ပြီးဆွေးနွေးတာမျိုးတွေ မလုပ်ခဲ့ဘူး။ အကုန်လုံးမတူးဖို့ သဘောတူထားတဲ့ကြားကနေ သူတို့က ရွာသားတွေနဲ့ ဘာမှမ ဆွေးနွေးတော့ဘဲတူးလိုက်ကြတာပေါ့။ ခုဒီတစ်ခုဝင်လာပြီးဆိုတော့ နောက်ထပ်ဝင်လာတော့မှာပဲ” ဟုပြောသည်။ ဒေသခံများ ၏ စိုက်ခင်းများရှိနေသည့်အပြင် ချောင်းဘေးတွင် တည်ထားသော ကျေးရွာများဖြစ်သည့်အတွက် အဆိုပါရွှေတူးဖော်မှု၏ နောက်       ဆက်တွဲ ရေကြီးရေလျှံမှုများ၊ ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း သူကပြောသည်။

“ဒီစက်ကြီးက နေ့ညမပျက်တူးစားနေပြီးတော့မှ ဒီချောင်းအလယ်မှာတူးပြီဆိုရင် မြေစာတွေက ရေလယ်မှာပုံနေရင် တော့ ဒီရေလမ်းကြောင်းကလည်း ပြောင်းပြီး မိုးရာသီတွေရောက်ရင်တော့ ရေက ကြိုက်တဲ့လမ်းဘက်ပြောင်းသွားတော့မှာလေ။ အဲ့ကျရင်တော့ ရေက ကမ်းပါးတွေကိုရိုက် ပြိုကျ၊ အခင်းတွေပျက်စီးတာတွေ ဖြစ်ဖို့ကတော့ သေချာပြီပေါ့” ဟုပြောသည်။  ဒဘတ်ချောင်းသည် ဒဘတ်ယာန်ကျေးရွာ၊ ကဇူးကျေးရွာနှင့် ဂါးရာယာန်ကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်ဒေသခံများ သောက်သုံး ရေ အပါအဝင် စိုက်ခင်းများအတွက် အဓိက အသုံးပြုနေသော ချောင်းရေဖြစ်သောကြောင့် ရွှေတူးဖော်မှုကို ကန့်ကွက်ရခြင်းဖြစ် သည်ဟု ဂါးရာယန်ကျေးရွာဒေသခံ တစ်ဦးက ‌ပြောသည်။  “နေရပ်ပြန် စစ်ရှောင် ဒီရွာသုံးရွာအတွက် အသက်သွေးကြောက ဒီဒဘတ်ချောင်းပဲ။ ဘာလို့ဆိုရင် ဒီရွာတွေက အဲ့ချောင်းဘေးနားမှာ တည်ထားတဲ့ရွာတွေ။ ဒီလိုမျိုး ချောင်းအထက်မှာ ရွှေတူး တာကို ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့အတွက် ကန့်ကွက်ဖို့လိုအပ်တယ်လို့မြင်တယ်။ ခုလိုမျိုးရွှေတူးတဲ့အတွက် နောက်ဆက်တွဲ လူငယ်တွေ ဒီ‌ရွှေတူးတဲ့အတွက် ပြဒါးတွေကြောင့် ပျက်စီးသွားနိုင်တဲ့အတွက် ပိတ်ပင်ချင်တာပါ” ဟုပြောသည်။ ဒေသခံပြည်သူ များက ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက် ရေးတပ် (KIO/KIA) တို့က ရွှေတူးဖော်ခွင့်ချပေးခဲ့ပါက လုပ်ငန်းရှင်များဆက်လက်တူးဖော်ကြမည်ဖြစ်ကြောင်း ရွာလူကြီးဖြစ် သူ က ရှင်းပြခဲ့သည်ဟု သူကဆက်ပြောသည်။ ဒဘတ်ချောင်းတွင် ဘက်ဟိုးစသည့် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသော ကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဒေသခံများက ကချင်လွတ်မြောက်ရေးတပ် (KIA) ထံ ကန့်ကွက်စာတင်ပြီး ရပ်ဆိုင်းနိုင်ခဲ့သော်လည်း စက်ဖောင်ဖြင့် ရွှေတူးဖော်မှုကို ဖေဖော်ဝါရီလက ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်သည်။  https://www.fa cebook.com/The74Media/photos/pcb.770580314461492/770578021128388/

၂၄။       သွေးတိုးရောဂါအခံရှိတဲ့ စစ်ရှောင်တစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရခင် ဆုံးပါးသွားခဲ့ရ
March 27, 2023

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်နေပြီး သွေးတိုးရောဂါ အခံရှိနေတဲ့ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦး ရုတ်တရက် သတိလစ်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အသက်သေဆုံးတဲ့သူကတော့ မိသားစုနဲ့ တကွဲတပြား စစ်ရှောင်နေရတာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရခင် ဆုံးပါးခဲ့ရတာတာဖြစ်တယ်လို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူ့မိသားစုက တစ်ခြားနေရာမှာစစ်ရှောင်တယ် သူခါကျတော့ နောက်မှရောက် လာတော့ သူဒီမှာတစ်ယောက်ထဲကျန်ခဲ့တော့ သူ့မိသားစုဆီသွားမယ်ဆိုပြီး သူများနဲ့သွားပို့ခိုင်းတော့ သူ့မိသားစုကိုမတွေ့ဘဲ ဒီမာဘဲပြန်ရောက်လာတာလေ နောက် သူ့အတွေးများလို့လားမသိ သူ့မိသားစုနဲ့မတွေ့ရတော့ အဲ့တာနဲ့လည်း ပါမယ်ထင်တယ်။ ” လို့ ပြောပါတယ်။ မတ်လ ၂၅ ရက်နေ့က ဆုံးပါးသွားတာဖြစ်ပြီး ၂၆ ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်။ သေဆုံးသူဟာ ကလေး ၁၀ ယောက်ရဲ့ ဖခင်ဖြစ်ပြီး သူ့ရဲ့ အငယ်ဆုံးကလေးကတော့ KG အတန်း အရွယ်သာရှိသေးတာဖြစ်ပါတယ်။

အမျိုးသမီးနဲ့ သားသမီးတွေကိုဦးစွာ စစ်ရှောင်ခိုင်းပြီး သူကတော့ နောက်မှစစ်ရှောင်လာတာဖြစ်တဲ့အတွက် မိသားစုနဲ့ အဆက်အသွယ်မရခဲ့ဘူးလို့ သိရပါတယ်။ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရတဲ့အတွက်လည်း စိတ်ဖိစီးမှုများပြီး သွေးတိုးတက် ဆုံးသွားတာဖြစ်တယ်လို့ နီးစပ်သူတွေကဆိုကြပါတယ်။ သူကတော့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတချရွာဟောင်းမှာ နေထိုင် တာဖြစ်ပြီး ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်လာတာနှစ်ပတ်ကျော်ရှိနေတာဖြစ်ပါတယ်။ ဒီးမော့ဆို အရှေ့ခြမ်းမှာဆိုရင် မတ်လဒုတိယအပတ်ကနေစပြီး စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင် ၃ သောင်းနီးပါး ဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း၊ ဖရူဆို၊ လွိုင်ကော်တွေမှာ တိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ် မတ်လ အထိ စစ်ရှောင်ရင်း ဆုံးပါးသွားခဲ့ရတဲ့ စစ်ရှောင် ၁၃၀ အထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/%e1%80%9e%e1%80%bd%e1%80 %b1%e1%80%b8%e1%80%90%e1%8

၂၅။       မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံနေရ
March 27, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်အချို့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံနေရကြောင်း မြို့ခံများထံမှသိရ သည်။ လက်ရှိတွင် မြိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သော ရေပုံးနယ်မြေရှိ ရပ်ကွက်များ၊ မြိတ်တောင်ကျေးရွာမှ အင်းလေးမြိုင်နှင့် အင်းလေးကမ်းရပ်ကွက်တို့တွင် သောက်သုံးရေရှားပါးနေခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောသည်။ “နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေရှားပါးတာက အမြဲကြုံနေရတာဖြစ်တယ်၊ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေလာရောက် ဖြေရှင်းပေးတာမျိုး မရှိ ပေမယ့် ပရဟိတအဖွဲ့တွေက လာရောက်လှူဒါန်းပေး နေတာမျိုးတော့ ရှိနေတယ်”ဟု ရေပုံးနယ်မြေမှ ဒေသခံတစ်ဦးက ပြော သည်။ လက်ရှိတွင် သောက်သုံးရေပြတ်လပ်ရှားပါးနေသည့်ရပ်ကွက်များကို မြိတ်အခြေစိုက် ပရဟိတအဖွဲ့များ က အလှူရှင်များ ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ရေဂါလန် ၁,၈၀၀ ဆံ့ ရေကားဖြင့် ရပ်ကွက်အလိုက် ဆက်သွယ်လာသည့်နေရာများကို သွားရောက် လှူဒါန်းပေးနေကြောင်း ပရဟိတအဖွဲ့များက ပြောသည်။

“အဓိက ကတော့ ရေတကယ်ရှားနေတဲ့ ရပ်ကွက်တွေကို ကျွန်တော်တို့အဖွဲ့က ဦးစားပေးပြီး ရေကားနဲ့ လိုက်ပြီး ဝေငှ ပေးနေတာမျိုးတော့ ပြုလုပ်ပေးနေတယ်” ဟု ပရဟိတအဖွဲ့ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြိတ်မြို့ပေါ်ရှိ ရပ်ကွက် များတွင် နွေရာသီရောက်တိုင်းနှစ်စဉ်ရေပြတ်လပ်လေ့ရှိပြီး အလှူရှင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့က ရေကားများဖြင့် လိုက် ဝေငှပေးလေ့ရှိကြောင်း မြို့ခံများကဆိုသည်။ ယင်းအပြင် ယခုရက်ပိုင်းအတွင်း ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံနေရကြောင်း မြို့ခံများကပြောသည်။ https://www.facebook.com/MizzimaDaily/ph otos/pcb.6545748575459992/6 545741195460730/

၂၆။       ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးထား
March 26, 2023

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၅ ဦး ထက်မနည်း သေဆုံး တယ်လို့ ဂဠုန်စစ်ကြောင်းက မတ်လ ၂၆ ရက်မှာထုတ်ပြန်ပါတယ်။ မနေ့က မနက် ၇ နာရီခွဲဝန်းကျင်မှာ ဂဠုန်စစ်ကြောင်းနဲ့ ပူး ပေါင်းမဟာမိတ်တပ်တွေ ကျုံဒိုးမြို့ ရဲစခန်း အပါအဝင် ခမရ (၅၄၅)၊ (၅၄၆)၊ ကျုံဒိုး ဗျူဟာကုန်းနဲ့ ဂျိုင်းတံတားအနီးတပ်စွဲထား တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Fixed Wing Drone တွေ၊ Sniper တွေနဲ့ ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေအ တွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ Mi 35P Helicopter နဲ့ ၂ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ ဂဠုန်စစ်ကြောင်း ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေဘက်က ဒဏ်ရာရသူတွေရှိတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့က တိုက်ပွဲကို ဂဠုန်စစ်ကြောင်း၊ ကျားဖြူတပ်ခွဲ (၃)၊ Lion Battalion နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်က ဒီနေ့ မနက်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေရှိနေ တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်ပြည်နယ်မှာ မနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ https://www.facebook.com/MeK ongNewsMM/photos/pcb.12017 80493815219/1201773917149210/

၂၇။       ဒေါတမကြီးတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူကို စစ်ကောင်စီမှ ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်သယ်ယူ
March 27, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရထားသူတွေကို ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ ရဟတ်ယာဥ် ၂ စီးဖြင့် လာရောက် သယ်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ကျနော်တို့ထင်တာကတော့ ဒဏ်ရာရတဲ့သူတွေကို ပြန်ပြီးခေါ်တယ်လို့ထင်တယ်။ အဲ့လိုခေါ်ဖို့အတွက် MI- 35 နဲ့ ပဲရှေ့မှာ သယ်သွားတာတို့ ပို့ဆောင်ရေးလေယာဉ်နဲ့သယ်သွားတာတယ်။ နောက်ကနေ MI-35 နဲ့ လုံခြုံရေးလိုက်သွားတယ်။ အထိခိုက်များလို့ လေယာဉ်နဲ့ ရဟတ်ယာဉ်နဲ့ ဘောလခဲကနေ လွိုင်ကော်ကိုပို့တယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့ ညနေပိုင်း ၄ နာရီ မိနစ် ၂၀ မှာ ရဟတ် ယာဥ် ၂ စီးဖြင့် ဘောလခဲဘက်ကနေ လွိုင်ကော်ဘက်ကို ဦးတည်ပျံသန်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့မှစ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀၀ ဝန်းကျင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရထားသူတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ အတွင်း ရေးမှူး -၃ ခူးရီးရယ် က ပြောပါတယ်။ “အတိအကျတော့ ကျနော်တို့ မသိရဘူးပေါ့။ မှန်းရသလောက်ဆိုရင်တော့ ၁၀၀ ဝန်းကျင် နီးပါးရှိတယ်ပေါ့။ အဲဒီထက်တော့ မလျော့ဘူး။”လို့ သူက ပြောပါတယ်။ ဒီကနေ့ မနက်အစော ပိုင်း ၆ နာရီ ဝန်းကျင်မှာလည်း တိုက်လေယာဥ်ဖြင့် လွိင်ကော်ဘက်ကနေ ဘောလခဲဘက်ကို အသွားအပြန် ပြုလုပ်နေတာလည်း ရှိပါတယ်။ ညနေ ၅ နာရီ ဝန်းကျင်မှာလည်း ရဟတ်ယာဉ်ပျံသန်းသွားလာတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်တုန်းကလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာ တစ်ရွာကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်တို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပျက်ဆီးခဲ့တာလည်း ရှိပါတယ်။ https://www. kantarawaddytimes.org/%e1%80%92%e1% 80%b1%e1%80%ab%e1%80%90%e1%80%99%e1%80

၂၈။       ခိုလမ်မြို့ အမျိုးသမီးတစ်ဦး တပ်ထိန်းတပ်မှူး ဇနီးထံ ပိုက်ဆံချေးရာမှ အိမ်တွင်း ပစ္စည်းများကို ဖောက်ယူသွား
March 27, 2023

သျှမ်းပြည် ခိုလမ်မြို့ရှိ အမျိုးသမီးတစ်ဦးသည် တပ်ထိန်းတပ်မှူး ဇနီးထံ အကြွေးသိန်း ၃၀ တင်ထားရာမှ အကုန်မဆပ် နိုင်သေးသဖြင့် ၎င်းအမျိုးသမီး နေအိမ်တွင်းမရှိချိန်တွင် သော့ဖျက်ပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးသည် စီးပွားရေးလုပ်ရန် တပ်မှူးဇနီးထံ ငွေချေးငှားခဲ့ပြီး အကုန်မဆပ်နိုင်သေးသဖြင့် တပ်မှူးဇနီးက အိမ်တွင်းရှိပစ္စည်းများကို ခွင့်ပြုချက်မရဘဲ လာရောက် ယူဆောင် သွားခဲ့ကြောင်း ပစ္စည်းသိမ်းခံရသည့် အမျိုးသမီးက ပြောသည်။ “ ကျမကလည်း စီးပွားရေး တစ်ခုအတွက် ငွေတောင်းချေးတာ။ ငွေချေးတုန်းကတော့ ဘာစာချုပ်နဲ့ ချေးတာတော့ မဟုတ်ဘူး။ ယုံကြည်မှုတွေနဲ့ပဲ။ ငွေချေးလာတာ ၁၀ လလောက်တော့ ရှိတော့ မယ်။ ကြားထဲမှာ နည်းနည်းချင်းတော့ ဆပ်သွားတယ်။ ၁၀ သိန်းကျော်လောက်တော့ ဆပ်ပြီးပြီ။ အခုက ကျမအိမ်မှာ မရှိချိန် ရပ်ကွက် ဥက္ကဌတွေနဲ့ ခေါ်ပြီးတော့ အိမ်သော့တွေဖျက်ပြီးတော့ ပစ္စည်းတွေကို ကားနဲ့ လာတင်သွားတာ” ပစ္စည်းသိမ်းခံလိုက်ရ သည့် အမျိုးသမီးက ပြောသည်။

အဆိုပါ တပ်မှူးဇနီး လာရောက်သိမ်းသွားသည့် ပစ္စည်းများသည် သိန်း ၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။ “ သူသိမ်းယူ သွားတာက သိန်း ၅၀ လောက်တော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျမအိပ်တဲ့ ကုတင်ထဲမှာ ရွှေဆွဲကြိုး တစ်ခုနဲ့ လက်စွပ်တစ်ခု ထည့်ထားတာ။ အိမ်မှာရှိတဲ့ ကုတင်တွေ၊ ခုံတွေယူသွားတာ။ ကျမက မုဆိုးမ ဖြစ်တယ်။ ကလေးကို ကျောင်းထားဖို့ဆိုပြီး အဲ့ဒါကို မပေးဘဲထားထားတာ”ဟု ၎င်းအမျိုးသမီးကပြောသည်။ တပ်မှူးဇနီးသည် ထိုသို့ နေအိမ်တွင်လူမရှိချိန် သော့ဖျက်ပြီး ပစ္စည်းများ ကို လာရောက်ယူဆောင်သွားခြင်းသည် ဓားပြတိုက် ခိုးယူမှုဖြစ်ကြောင်း ၎င်းအမျိုးသမီးကပြောသည်။ “သူတော့ ဒီတိုင်း လာမယူ သွားသင့်ဘူး။ ကျမ အိမ်မှာ မရှိတဲ့အချိန်မှာ သော့တွေဖျက်ပြီးတော့ လာယူသွားတာက အိမ်ခိုးဖောက်ယူတာနဲ့ တူတယ်။ ဒါကို အရေးယူခိုင်း စေချင်ပါတယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ တပ်မှူးဇနီးအနေဖြင့် လူမရှိချိန် နေအိမ်သော့ဖျက်ပြီး ပစ္စည်းယူဆောင်သွားခြင်းသည် အတင်းအဓမ္မ ခေါင်းပုံဖြတ်ခြင်း၊ ခိုးယူခြင်းဖြစ်ကြောင်း၊ လက်ရှိ ချေးငှားထားသည့် အမျိုးသမီး အကြွေးကို ဆပ်နေသည့် ကာလဖြစ်ကြောင်းလည်း ၎င်း၏ ဆွေမျိုးတော်စပ်သည့် သူက ပြောသည်။ https://burmese.shanne ws.org/archives/33795

၂၉။       ကျုံဒုံးမြို့တိုက်ပွဲဖြစ်စဥ်အတွင်း ပြည်သူပိုင်နေအိမ် ၃၃ လုံးနှင့် ပစ္စည်းအများအပြား မီးလောင်ပျက်စီးခဲ့
March 28, 2023

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်သည့် မတ်လ ၂၅ ရက်နေ့တွင် ကျုံဒိုးဒေသခံ ပြည်သူနေအိမ် နေအိမ် ၃၃ လုံးအပြင် ကားနှင့် အခြားပစ္စည်းအများအပြားမီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံများ၏ ပြုစုထားသည့် စာရင်းအရသိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်စခန်းများကို ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်၏ ပြည်သူအပေါ် ရန်သူမိတ်ဆွေအခွဲခြားဘဲ ပြန်လည်ပစ်ခတ်တိုက်မှုများ ပြုမူလုပ်ဆောင်သောကြောင့် ဒေသခံနေအိမ်များ ပျက်စီး ပြီးမြေစာပင်ဖြစ်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ကျုံဒိုးဒေသခံတစ်ဦးကပြောသည်။ ၎င်းက” အိမ်အများအပြားမီးလောင်ပျက်စီး တဲ့အပေါ် စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းကိုမြို့လယ်မှာတည်ထားတယ်။ ကျုံဒိုးမြို့ ရဲစခန်းကိုဝင် ရောက်စီးနင်းလိုက်တော့ ပြည်သူလူထုက ထိခိုက်နစ်နာမှုရှိတယ်။ ဒါကို ရှောင်ရှားရင် တိုက်ပွဲကဆင်နွှဲလို့မရဘူး။ ဒီတော်လှန်ရေး ဘက်ကတော့ ရဲစခန်း ကို ဝင်စီးတာပဲ။ စကစက ပြည်သူ လူထုကိုမရွေးဘူး။ ရန်သူမိတ်ဆွေမခွဲခြားဘဲ ပြည်သူလူထုကို ပစ်မှတ်ထားပြီး မီးရှို့တာ၊ လက်နက်ကြီး ပစ်တာ၊ လေယာဥ်နဲ့ပစ်တာ ဒါကသူတို့လုပ်နေကြအလုပ်ပဲ။ ပြည်သူက မြေစာပင်ဖြစ်တာပဲ”ဟု ပြောသည်။

မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ကျုံဒိုးမြို့ရှိ လူနေအိမ် နှင့် အခြားပစ္စည်းအများအပြားမီးလောင်ပျက်စီးခဲ့ရသည့်အပြင် ထောင်နှင့်ချီသော ဒေသခံ ပြည်သူများလည်း အသက်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအချိန်ထိ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ကျုံဒိုးစစ်ရှောင်များက ပြောသည်။ “လက်နက်ကြီးထိတာ၊ လေယာဉ်ပစ်တာကနေ အိမ်တွေပျက်ကုန်တာ ၅ လုံး ရှိတယ်၊ လက်နက်ကြီကျတာ ဆိုင်ကယ်ကို ထိပြီး မီးလောင်သွားတယ်။ အိမ်ကိုလည်းမီး ကူးသွားတယ်။ အိမ်တွေအများအပြားပဲ မီးလောင် တာပါသွားတယ်။ အလုံး ၃၀ ကျော် တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ လည်းပါတယ်။ ပြည်သူတွေတော့ နေမရဲတော့ဘူး။ ကျနော်တို့ဆို ဖားအံရောက်ပြီး” ဟု ကျုံဒိုး စစ်ရှောင်က ကေအိုင်စီသို့ ပြောသည်။ မြို့ခံများ၏ ကောက်ခံထားသည့် စာရင်းအရ ကျုံဒိုးမြို့ တိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ် ၃၃ လုံး၊ ကား ၄ စီးနှင့် ဆိုင်ကယ် ၃ စီးမီးလောင်ပျက်စီးကာ အရပ်သား ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြ ထားသည်။ ထို့အတူ မတ်လ ၂၆ ရက်နေ့တွင် ကော့ကရိတ်မြို့အတွင်း ဖြစ်ပွားသည့် ကရင်အမျိုးသား လွတ်‌မြောက်ရေး တပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦးကျည်ထိမှန်ကာ တစ်ဦးသေဆုံးခဲ့ရသေးသည်ဟု ဒေသခံများက ပြောသည်။ https://kicnews.org/2023/ 03/%e1%80%80%e1%80%bb%e1%80%af%e1%80%b6%e1%80%92%e1% 80%af%e1%

၃၀။      ကရင်နီ PDF ရဲ့ မူပိုင်နည်းပညာနဲ့ ဒရုန်းသုံး ၄၀ မမ ဗုံးသီး ထုတ်လုပ်မှု အောင်မြင်
March 28, 2023

ကရင်နီပြည်၊ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုရဲ့ D.M.O Local PDF Drone Team က ဒရုန်းမှာ တပ်ဆင်နိုင်တဲ့ ၄၀ မမ ဗုံးသီးကို အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင် စမ်းသပ်ခဲ့ရာ မတ်လ ၂၅ ရက်မှာ ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ အဆိုပါ ၄၀ မမ ဗုံးသီးကို D.M.O Local PDF Drone Team က 3 D Modelling Printing (မူပိုင်) နည်းပညာနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အလေးချိန် ၀ ဒသမ ၆၅ ပေါင် ရှိကာ ပေ ၅၀ ပတ်လည်အတွင်း ပေါက်ကွဲမှု ထိရောက်နိုင်တယ်လို့ သိရပါ တယ်။ အဆိုပါ ဗုံးသီးကို ကယန်းဘာသာ Boung Khu ၊ မြန်မာဘာသာ ငှက်ပျောဖူးလို့ အမည်ပေးထားပြီး တစ်လုံး ကုန်ကျစရိတ် မြန်မာငွေ ကျပ် ၅၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။ စမ်းသပ် ထုတ်လုပ်ထားတဲ့ ၄၀ မမ ဗုံးသီးကို တိုက်ခိုက်ရေးမှာ အသုံးပြုဖို့ ဆက်လက် ထုတ်လုပ်မှာဖြစ်ပြီး နည်းပညာ၊ ငွေကြေး အဖက်ဖက်က ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးတဲ့ ပညာရှင်တွေနဲ့ မိဘပြည်သူတွေ ကို ကျေးဇူးတင်တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/MeKo ngNewsMM/photos/pcb.1202642617062340/1202642387062363/

၃၁။      ပူတာအိုမြို့အနီး စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ
March 28, 2023

ပူတာအို၊ ဖတ်မာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့သည် ၂ ပတ်ကျော်ကြာ တပ်စွဲနေထိုင်သောကြောင့် တိုက်ပွဲဖြစ်ပွား လာမည် စိုးရိမ်သော ဒေသခံများသည် ကတုတ်ကျင်းများ တူးထားကြောင်းသိရသည်။ စစ်ကောင်စီ စစ်ကြောင်း အင်အား ၁၀၀ ခန့် ဖတ်မာကျေးရွာ စာသင်ကျောင်းနှင့် ရွာဘေးပတ်ဝန်းကျင်တွင် ဆက်လက် တပ်စွဲရှိနေသေးသည့်အတွက် ဒေသခံများ လယ်ယာ၊ အခင်း လုပ်ငန်းအသွားအလာ ခက်ခဲမှုရှိနေကြောင်းနှင့် တိုက်ပွဲဖြစ်ပွားလာမည် စိုးရိမ်သဖြင့် အိမ်တိုင်း ကတုတ်ကျင်း များ တူးထားကြောင်း ဖတ်မာဒေသခံတစ်ဦး ပြောသည်။ “သူတို့ရှိနေတော့ ကျနော်တို့ စိုးရိမ်ရတယ်။ ကျနော်တို့ ရွာသားတွေ အားလုံးနီးပါးက တောင်ယာ လုပ်ကိုင်စားသောက်တယ်။ လယ်လုပ်တယ်။ အဲ့ဆိုတော့ လုပ်ငန်းသွား အခင်းသွားတဲ့အခါ စစ်သား တွေရှိနေတော့ စိုးရိမ်ရတယ်။ပြီးရင် သူတို့က ရွာပြင်ကို လက်နက်ကြီးနဲ့ ကောက်ထုနေတာဆိုတော့ရွာသားတွေအတွက် အဆင် မပြေနေဘူး။ အခုက တရွာလုံးအိမ်တိုင်းက ကတုတ်ကျင်းတွေတူးထားရတယ်။ အကာအကွယ်လည်း လုပ်ထားရတယ်လေ။ မနှစ်တုန်းက အဲ့လိုမလုပ်လို့ အရမ်း ဒုက္ခရောက်တယ်။”ဟုဖတ်မာကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ကျေးရွာ လူနေအိမ်များ၌ တပ်စွဲခြင်း မရှိသော်လည်း ရွာပတ်ဝန်းကျင်တွင် တပ်စွဲနေရာယူထားပြီး ဆက်လက်လှုပ်ရှား နေသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ဘက်မှလည်း စောင့်ကြည့်အခြေအနေဖြစ်နေသောကြောင့် ၎င်းဒေသ တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်စိုးရိမ်ကြောင်း လုံရှာယန်ဒေသခံတစ်ဦး ယခုလိုဆက်ပြောသည်။ “သူတို့ စစ်ကြောင်းတွေ တစ်ဖွဲ့ တနေရာစီ နေရာယူပြီး ရှိနေတာပေါ့။ အစပိုင်းတော့ လမ်းသွားလမ်းလာ အားလုံးကို စစ်ဆေးတယ်။ ဖုန်းတွေစစ်တယ်။ အခုတော့ လမ်းတွေမှာမရှိတော့ဘူး။ တောထဲမှာတွေ၊ စာသင်ကျောင်းထဲမှာတွေ တပ်စွဲနေတာပေါ့။ရွာသားတွေအားလုံးက သတိ နဲ့နေနေကြတယ်။ ဒီတလောတော့ နည်းနည်းငြိမ်နေပေမဲ့ စစ်ရေးလှုပ်ရှားနေတာတော့ ပုံမှန်ဖြစ်နေတယ်။ မနှစ်ကဒီအချိန်ပဲ လေ တိုက်ပွဲပြင်းထန်လို့ ပြေးရတာဆိုတော့ အခုလည်း ဘယ်အချိန်များဘယ်လိုဖြစ်လာမလဲ သတိနဲ့နေနေကြတယ်”ဟု ၎င်းက ပြောသည်။ လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ယခုလိုအချိန်တွင် ပူတာအို လုံရှာယန်၊ ဆွမ်ပီယန်၊ တန်ဂျာယန်၊ ဖတ်မာ စသည့် ကျေးရွာ လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော ကြောင့် ဒေသခံများသည်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ https://burmese.kachinnews.com/2023/03/28/ld123/

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button