သတင်း

ပါတီမူဝါဒနဲ့ မကိုက်ညီလို့ မှတ်ပုံမတင်ဘူးလို့ ALD ဆို 

ဓါတ်ပုံ – Getty Images (ပုံဟောင်း)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၄၊ ၂၀၂၃
 
ပါတီမူဝါဒနဲ့ မကိုက်ညီလို့ မှတ်ပုံမတင်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
“ပါတီရဲ့ မူဝါဒအရ မကိုက်ညီတဲ့အတွက်ကြောင့် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ လက်မခံဘူး။ တစ်ဆက်ထဲမှာပဲ လက်မခံဘူး ဆိုတာက ခေါင်းဆောင်တစ်ယောက်ယောက် လူပုဂ္ဂိုလ် တယောက်ယောက် ကနေပြီး ပြောတာ မဟုတ်ဘဲနဲ့ ပါတီအနေနဲ့လည်း ဆုံးဖြတ်ချက်ချဖို့လိုတယ်။ အဲ့ဒီကြောင့် ပါတီဗဟို ကော်မတီ အစည်းအဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်” လို့ ဆိုပါတယ်။
 
စစ်ကောင်စီက ထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီဆိုင်ရာ ပြဌာန်းချက်မှာတော့ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်လို့ ဆိုပါတယ်။
 
ALD ဘက်ကတော့ သူတို့ပါတီအနေနဲ့ ပါတီပယ်ဖျက်တာမျိုး အရင်ကလည်း ကြုံခဲ့တဲ့ အတွေ့ အကြုံရှိတာကြောင့် အုပ်ချုပ်သူတွေက ဖျက်လို့ ပျက်တယ်ဆိုတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။
 
“သူတို့ရဲ့ မူလရှိနေတဲ့ ကော်မရှင်ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ဘူးဆိုရင် ပါတီကတော့ ပျက်ပြယ်ဆိုပြီး သူတို့ထုတ်ပြန်ထားတာ ရှိတယ်လေနော။ အဲ့ဒီမှာ တခုပြောစရာရှိတာက ပါတီတခုဆိုရာမှာ သက်ဆိုင်ရာအုပ်ချုပ်နေတဲ့သူတွေက ဖျက်လို့ပျက်တယ် ဆိုတာမျိုးတော့ မရှိဘူးလို့ ကျနော်ထင်တယ်” လို့ ပြောပါတယ်။
 
မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးပါတီ တချို့ဆိုရင် လွတ်လပ်ရေးမခင် ကတည်းကနေပြီးတော့ နိုင်ငံရေးပါတီရှိခဲ့တယ်။ ဖျက်တာလည်း အကြိမ်ကြိမ် ပဲ၊ ဒါပေမဲ့ သူတို့တွေက ဒီနေ့အချိန်ထိလှုပ်ရှားနေတဲ့ဟာမျိုးတွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
 
ALD ပါတီ ဟာလည်း ၁၉၉၂ ခုနှစ်က ပါတီဖျက်သိမ်းခြင်းခံရသလို၊ ၂၀၁၂ ခုနှစ်မှာ ပြန်လည်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဘက်ကတော့ ရွေးကောက်ပွဲတရပ် ကျင်းပတော့မယ်ဆိုရင် တိုင်းပြည်တည် ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူတွေက မဲပေး နိုင်လောက်တဲ့ အခြေအနေ အခင်းအကျင်း တခု ပြည်သူ တွေဖက်မှာ ရှိနေဖို့လိုသလို ဝင်ရောက်ယှဉ်ပြိုင်မဲ့ နိုင်ငံရေး ပါတီတွေ ရှိပြီး ရွေးကောက်ပွဲမှာ တရားမျှတစွာ ရှိဖို့၊ စည်းပျက်ကမ်းပျက်၊ အလွဲသုံးစား မဖြစ်ရအောင် တည့် မှတ်ပေးဖို့ ကြီးကြပ်ဖို့ ဒိုင်လူကြီး သဘောမျိုး သမာသမတ်ကျတဲ့ အဖွဲ့အစည်းရှိဖို့ လက်ခံထားတယ်လို့ ပြောပါတယ်။

Related Articles

Back to top button