ဓါတ်ပုံ – ကချင်ပြည်နယ်၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင်။
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၇၊ ၂၀၂၃
မြန်မာပြည်မြောက်ပိုင်း ဒေသဖြစ်တဲ့ ကချင်ပြည်နယ်ထဲက ချီဖွေခရိုင် ချီဖွေမြို့နယ် ပန်ဒေသနှင့် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်စီဒေသ အင်ဘာပါတို့မှာ မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု သုတေသနအဖွဲ့ (ISP Myanmar) က ထုတ်ပြန်လာပါတယ်။
အဆိုပါ ဒေသများထဲက ချီဖွေမြို့နယ် ပန်ဒေသဟာ ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့တို့ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး မံစီမြို့နယ် မန်စီဒေသ အင်ဘာပါနဲ့ နီးစပ် ဒေသကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်တဲ့ နယ်မြေဒေသတွေ ဖြစ်ကြပါတယ်။
မြန်မာဘက်က တူးဖော်ရရှိတဲ့ မြေရှားထွက်ကုန်တွေကိုတော့ တရုတ်နိုင်ငံဘက်ပဲ အဓိက တင်ပို့ရောင်းချတာဖြစ်ပြီး စစ်ကောင်စီကတော့ တရားမဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ်မှာ မြန်မာရဲ့ တရုတ်ကို မြေရှား သတ္တုတင်ပို့မှု ပမာဏာဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိခဲ့ပြီး တန်ချိန် ၂၄,၀၀၀ နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီအချက်တွေကြောင့်လည်း မြန်မာနဲ့ တရုတ်ကုန်သွယ်မှု တန်ဖိုး ကွာဟချက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှ်စ ရှစ်လတာ ကာလမှာတင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ (ISP Myanmar) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ မံစီမြို့နယ်ထဲက အင်ဘာပါနှင့် နီးစပ်တဲ့ ကျေးရွာများအတွင်း မြေရှား သတ္တုတူးဖော်ဖို့ လုပ်ဆောင်နေတဲ့ (တရုတ်လူမျိုးတွေပါတဲ့) ကုမ္ပဏီနဲ့ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံ ပြည်သူတွေအကြား တင်းမာမှု ဖြစ်ခဲ့ပြီး ဒေသခံတွေက အပြင်းအထန် ကန့်ကွက်နေသလို အဲ့ဒီ မြေရှားသတ္တု တူးဖော်တဲ့လုပ်ငန်း လုပ်နေ သူတွေကို အပြီးထွက်သွားဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။