သတင်း

မံစီမြို့နယ်ထဲမှာ ကေအိုင်အေတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃

ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက မုံးခေါင်နဲ့ ဟန်ထက်ကြားရှိ ဒေသခေါ် နတ်ကြီးစင်အနီးတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် ခလရ ၂၃၆ တပ်ကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁ နဲ့ ၂၇ ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီခွဲခန့်က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၆ ဦး ကျဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒီမနက် ၇ နာရီခွဲလောက်ဖြစ်မယ် အစောကြီးပဲ၊ မုံးခေါင်ကျေးရွာ နဲ့ ဟန်ထက်ကြား နတ်ကြီးစင်အနီး စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကေအိုင်အေ တပ်ဖွဲ့က ရဲဘော်တွေ မိုင်းနဲ့တိုက်ခိုက်ပေးလိုက်တာ၊ စစ်သား ၆ ယောက်လောက်ကို ဆွဲသယ် သွားတယ်”လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံ တဦးက အေအိုင်အေ အာဘောသတင်းရင်းမြစ်ကို ပြောထားပါတယ်။

အလားတူ ဇွပ်ဂျာကျေးအနီးမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ကြား မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်ခန့်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့ဟာ လိုင်ကာကျေးရွာအနီးမှာ စခန်းချနေခဲ့တာလို့ ဆိုပါတယ်။

ကေအိုင်အေ တပ်ရင်း ၂၇ နယ်မြေထဲ စစ်ရေးလှုပ်ရှားလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဟာ မုံးခေါင် ခြေလျင်တပ်ကနေ ထွက်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ ခ.လ.ရ (၄၇၊၂၅၀)၊ ခ.မ.ရ(၃၁၉၊ ၄၂၄၊ ၆၀၁) ပူးပေါင်းတပ်ဖွဲ့တို့ဟာ ကေအိုင်အေ တပ်ရင်း ၂၇ နယ်မြေထဲကို စစ်ကြောင်းထိုး လှုပ်ရှားဝင်ရောက်လာပြီးနောက် နှစ်ဖက်တိုက်ပွဲ နေ့စဉ်နီးပါး ရက်ဆက်ပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related Articles

Back to top button