သတင်း

ရှမ်း-ကယား(ကရင်နီ)နယ်စပ်မှာ ရိက္ခာပို့တဲ့ စစ်ကြောင်း တိုက်ခိုက်ခံရလို့ (၆)ဦးကျဆုံးပြီး (၅)ဦး ဖမ်းဆီးခံရ

ဓါတ်ပုံ – Karenni Military Information Center
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီလ ၁၉၊၂၀၂၃
ရှမ်း-ကယား(ကရင်နီ)ပြည်နယ် နယ်စပ် တစ်နေရာမှာ မြန်မာ-ထိုင်း နယ်စပ် BP12 ဖက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်ဖို့လာတဲ့ အင်အား(၃၀)ခန့် ရှိတဲ့ စစ်ကောင်စီတပ် ခလရ(၅၄)စစ်ကြောင်းဟာ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းဆိုတဲ့ နေရာကြားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီးတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီကြားဖြတ် တိုက်ခိုက်မှုကိုတော့ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့တို့မှ ဦးဆောင်ပြီး၊ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ်(၅)တပ်ရင်းနှင့် KNDF တို့ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ကြားဖြတ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ခွဲမှူး(၁)ဦးအပါအဝင် စုစုပေါင်း(၅)ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းတို့ ကိုင် ဆောင်တဲ့ MA လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သလို ဖြစ်စဉ်နေရာ အတွင်း လိုက်လံရှင်းလင်းရာ၌ စစ်ကောင်စီ အလောင်း(၆)လောင်းလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဖေဖော်ဝါရီလအတွင်း အင်အား(၂၀၀)ခန့်ဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ဟာ ရှမ်းပြည်တောင်ပိုင်း SSS ပြည်သူ့စစ် နယ်မြေတို့ကိုဖြတ်သန်းပြီး မြန်မာ-ထိုင်း နယ်စပ်ရှိ စစ်ကောင်စီစခန်းများကို ရိက္ခာများနှင့် လက်နက်ခဲရမ်းများ ဖြည့်တင်းဆောင်လျက်ရှိနေတာပါ။
အဆိုပါ နယ်စပ်ဒေသဖက်သို့ ရိက္ခာဖြည့်တင်းဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နှင့် KAတို့ကြား ဖေဖော်ဝါရီ (၁၄)ရက်နေ့တစ်ကြိမ်၊ (၁၈)ရက်နေ့တွင် တစ်ကြိမ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား စုစုပေါင်း (၈)ဦးခန့်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button