အတွေးအမြင်

ပါတီစုံစနစ် လမ်းခွဲ 

■ ပါတီစုံစနစ် လမ်းခွဲ 

မင်းသေ့ (သူ့အတွေးသူ့အမြင်) 

ပါတီစုံစနစ်လို့ ပြောရလောက်အောင်၊ မြန်မာပြည်က တကယ်တော့ ပါတီစုံစနစ်ဖြစ်ထွန်းခဲ့လို့လားလို့ မေးစရာရှိနိုင်ပါတယ်။ တကယ်တော့ မြန်မာပြည်ဟာ ပါတီစုံစနစ် အစစ်အမှန် မဖြစ်ထွန်းခဲ့ပါ။ ပါလီမန်ဒီမိုကရေစီခေတ်ကလည်း ပါတီစုံစနစ် မဖြစ်ထွန်းပါ။ တစ်ပါတီကြီးစိုးတဲ့စနစ်သာ ဖြစ်ထွန်းခဲ့ပါတယ်။
ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲကာလတုန်းကလည်း ပါတီစုံစနစ် မဖြစ်ထွန်းခင် “ဘူးသီးနုနု အမွှေးသပ်” ခံလိုက်ရပါတယ်။ ၂၀၁၁ – ၂၀၂၀ ကာလမှာလည်း ပါတီစုံစနစ် မဖြစ်ထွန်းပါ။ ပါတီစုံ မှတ်ပုံတင်တဲ့စနစ်သာ ဖြစ်ထွန်းခဲ့ပါတယ်။ ယခုလည်း ပါတီစုံစနစ်ဟာ အသွင်အပြင်အရ ပါတီစုံဖို့တောင် မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

အသွင်အပြင်အရ ပါတီစုံစနစ် ဖြစ်ထွန်းဖို့တောင် မမျှော်လင့်နိုင်တော့ဘူးဆိုတဲ့နေရာမှာ – အဓိက အကြောင်းရင်း (၃) ချက်ရှိပါတယ်။

(၁) လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း တစ်ပြေးနေခြင်း။
(၂) ၂၀၂၃ ရွေးကောက်ပွဲဟာ စစ်တပ်၏ လုပ်ပွဲသက်သက်မျှဖြစ်ခြင်း။
(၃) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (ပြဋ္ဌာန်းခြင်း)

ဒီအကြောင်းရင်း (၃) ချက်နဲ့ သက်ဆိုင်နေပါတယ်။

လက်ရှိ မြန်မာပြည် နွေဦးတော်လှန်ရေးမှာ၊ လက်နက်ကိုင်လမ်းစဉ် “တစ်” ပြေးနေခြင်းကြောင့် ၊ နိုင်ငံရေးလမ်းကြောင်း မှေးမှိန်နေပါတယ်။ နိုင်ငံရေးလမ်း ကြောင်းထဲမှာ ရွေးကောက်ပွဲနိုင်ငံရေး ရေပန်းမစားပါ။ လူထုကလည်း ရွေးကောက်ပွဲနိုင်ငံရေးရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရလို့ မယုံကြည်နိုင်တော့ပါ။
ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ ပြင်ဆင်ထားမယ့် ရွေးကောက်ပွဲဟာ မြန်မာစစ်တပ်ရဲ့ လုပ်ပွဲသက်သက်မျှသာဖြစ်ခြင်းကြောင့်၊ ရွေးကောက်ပွဲနိုင်ငံရေးဟာ ဂုဏ်သိက္ခာအနိမ့်ဆုံး အခြေအနေကို ရောက်နေပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့ပါ ရက်စွဲနဲ့ ပြင်ဆင် ပြဋ္ဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစဉ်တစိုက်ဆွဲကိုင်နေတဲ့ မြန်မာစစ်တပ်ဟာ — ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ၂၀၂၃ ခုနှစ် မတ်လ (၂၉) ရက်နေ့မှာ လက်ခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။ စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟာ — ပါတီစုံစနစ်နဲ့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်တဲ့ ဦးတည်ချက်ကို ပြသနေပါတယ်။

စစ်ကောင်စီရဲ့ ပါတီနိုင်ငံရေးမြင်ကွင်းဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲ။

■ (၁) တစ်နိုင်ငံလုံးလွှမ်းခြုံမယ့်ပါတီကြီးအဖြစ် (ကြံ့ခိုင်ရေးပါတီ) ကိုသာ တည်ရှိဖို့ ကြိုးစားတော့မယ်။ ကြံ့ခိုင်ရေးပါတီနဲ့ အတူ တစ်နိုင်ငံလုံးလွှမ်းခြုံဖြစ်ထွန်းနိုင်မယ့် မည်သည့်ပါတီမဆို ခွင့်ပြုဖို့ နည်းဥပဒေအရ ကန့်သတ်ထားလိုက်ပြီ။

■ (၂) သို့သော်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ဒေသတွင်းပါတီစုံဖြစ်ထွန်းခွင့်ပေးမယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်သာ လှုပ်ရှားခွင့်ရှိမယ့် ပါတီတွေဟာ အိမ်ဖြည့်သဘော ပါဝင်ခွင့်ရမယ်။ သို့သော်လည်း ဘယ်သောအခါမှ အစိုးရဖြစ်ခွင့်ရှိသောပါတီများ မဖြစ်နိုင်တော့ပါ။
နိုင်ငံတော်အစိုးရဖြစ်ခွင့်ကို ကြံ့ခိုင်ရေးပါတီတစ်ခုတည်းကသာလျှင် အစဉ်တစိုက် စိုးမိုးခြယ်လှယ်ခွင့်ရှိမယ့် အခင်းအကျင်းကို ဖန်တီးလိုက်ခြင်းဖြစ်တယ်။

■ (၃) ရွေးကောက်ပွဲစနစ်အရ — အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်တာကြောင့် ပုံမှန်အားဖြင့်ကြည့်ရင် ရွေးကောက်ပွဲစနစ်ဟာ ကိုယ်စားပြုမှုအမြင့်ဆုံးအခြေအနေမှာ ရှိတဲ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးခြင်းဖြစ်တယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်မှာလည်း ပါတီငယ်တွေ ဘောက်သောက် ဝင်ပြိုင်ခွင့်ပေးထားမယ်။ ဒါပေမယ့် နိုင်ငံတော်အဆင့်မှာ — အစိုးရဖြစ်ခွင့်ဟာ ပါတီကြီးတွေကလွဲလို့ လုံးဝဖြစ်နိုင်ခြေ မရှိတော့ဘူး။
ပါတီကြီးလို့ ပြောတဲ့နေရာမှာလည်း — မြန်မာစစ်တပ်ဟာ NLD ကို ယူဂျီပါတီ (UG Party) အဖြစ် သတ်မှတ်ဖို့ လုပ်လိုက်ပြီ။ ဒါ့အပြင် မြေအောက်ကို မရောက်ရောက်အောင် တွန်းပို့ဖို့ ကြိုးစားလိုက်ပြီ။

စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားမယ့် ၂၀၀၈ အခြေခံဥပဒေမှာ၊ ပါတီစုံစနစ်ဟာ အတိတ်တုန်းကလည်း လက်တွေ့အသက်မဝင်ခဲ့သလို၊ ယခုလည်း အသွင်အပြင်အရတောင် တည်ရှိခွင့် မပေးတော့တဲ့ အနေအထားကို ရောက်သွားပြီ။

■ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ မြန်မာစစ်တပ်နဲ့ ကြံ့ခိုင်ရေး တစ်ပါတီတည်း ပူးတွဲချုပ်ကိုင်မယ့် နိုင်ငံရေးလျှောက်လှမ်းကို အုတ်မြစ်ချဖို့ အထူး လုံ့လထုတ် ကြိုးစားနေပြီ။

Related Articles

Back to top button