ရခိုင်ပြည်အပေါ်တရုတ်ရဲ့အိပ်မက်
ဘုန်းမောင် | အတွေးအမြင်
ပထဝီနယ်မြေအနေအထားအရဆိုရင် မြန်မာနိုင်ငံက ကျိန်စာတိုက်ခံထားရတဲ့ဒေသတစ်ခုပါ။ မြန်မာနိုင်ငံ ဟာ အာရှတိုက်ရဲ့ဟဲဗီးဝိတ်တန်းတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားညှပ်နေပြီး နှစ်ဖက်စလုံးနဲ့လည်း ကုန် သွယ်ရေး၊ စီးပွားရေးအတွက်ဆက်ဆံဖို့ အခွင့်အရေးသာလွန်တဲ့အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ပထဝီနိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာအကျိုးစီးပွားနဲ့ယှဉ်ရင် ကုန်သွယ်ရေးနဲ့စီးပွား ရေး က ဒုတိယ ဦးစားပေးအဆင့်မှာသာရှိနေပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့အဓိကဦးစားပေးရည်မှန်းချက်က မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကိုဝင်ရောက်ခွင့်ရရေးနဲ့ အရပ်ဘက် – စစ်ဘက် နှစ်ဖက်လုံးအသုံးပြု နိုင်တဲ့ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အပြည့်အဝ ထိန်း ချုပ်ခွင့်ရရှိရေးပါ။
တရုတ်နိုင်ငံအတွက် နောက်ထပ်ဦးစားပေးက ကီလိုမီတာ ၂,၀၀၀ ကျော်ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ်တည် ငြိမ်အောင် စီမံခန့်ခွဲနိုင်ခွင့်ရရှိရေးပါ။ ကျယ်ပြန့်တဲ့နယ်စပ်တလျှောက်မှာဆိုရင်လည်း ဆယ်စုနှစ်တွေအများ ကြီးကြာခဲ့တဲ့အထိ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့သလို ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိတဲ့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားရေးကွန်ရက်အတွက် အဓိကကျတဲ့ဗဟိုချက်လည်း ဖြစ် နေပြန်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက သူ့ရဲ့အိမ်နီးချင်းအဖြစ်သတ်မှတ်ထားသလို နယ်နိမိတ်တ လျှောက် အနောက်နိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံမှုအပေါ်ကိုလည်း အတိုင်းထက်အလွန်အကဲဆတ်လေ့ရှိပြီး တရုတ်ရဲ့ အမျိုးသားအကျိုးစီးပွားကို တိုးချဲ့နေတာမြင်တွေ့နိုင်ပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲဝင်ရောက်ခြင်း
မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲဝင်ရောက်ခွင့်ရရေးက ဘေဂျင်းရဲ့အစီအစဉ်ထဲမှာ ၁၉၈၅ ခုနှစ်က တည်းကရှိနေခဲ့တာဖြစ်ပြီး ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကိုလည်း တရုတ်က နှစ်ပေါင်း များစွာကတည်းက ကြံဆထားခဲ့ပါတယ်။ ဒါတွေဟာ တရုတ်ရဲ့ “သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ”ရဲ့ တစိတ်တ ပိုင်းလည်း ဖြစ်လို့နေပါတယ်။
“သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ” ဆိုတာ အရှေ့အာရှ၊ အရှေ့တောင်အာရှကမ်းရိုးတန်းဒေသတွေနဲ့ တဆက် တည်းဖြစ်တဲ့ ကမ်းလွန်ပင်လယ်ပြင်တွေအပါအဝင် အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးနှစ်ခုကို ပထဝီ နိုင်ငံရေးဒေသကြီးတစ်ခုအဖြစ် ဆက်စပ်ပေါင်းစည်းစဉ်းစားတဲ့ အယူအဆပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က စပြီး “သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ”က သမ္မတ ရှီကျင့်ဖျင် ရဲ့ “ရပ်ဝန်းနှင့်ပိုးလမ်းမ” (BRI- Belt and Road Initiative) ရဲ့ မဟာဗျူဟာရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေဘက်ဆီ အရှိန်ပါပါနဲ့ နက်နက်ရှိုင်းရှိုင်းယိမ်း ယိုင်လာတဲ့အတွက် တရုတ်နိုင်ငံက ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ်။ ရခိုင်မှာ မူဆလင်ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ရှုတ်ချမှုတွေကို တရုတ်နိုင်ငံက အခွင့် အရေးတစ်ခုအဖြစ် အမြန်ဆုံးအသုံးချနိုင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေဖြစ် ပွားပြီး ၃ လအကြာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ခဲ့ပြီး တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။ တရုတ်သံတမန် ၁ ဦးကလည်း “စစ်တပ်ထက်ပိုပြီး ကြိုတင်ခန့်မှန်းနိုင်မယ့် အရပ်သား အစိုးရကို လက်တွဲဖော်အဖြစ် ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်”လို့ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘေဂျင်းက တော့ ဘယ်တုန်းကမှမယုံကြည်ခဲ့ပါဘူး။
CMEC ဟာ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် မြန်မာနိုင်ငံရဲ့အ နောက် ဘက်ကမ်းရိုးတန်းအထိဆန့်တန်းထားတဲ့ ကားလမ်း၊ ရထားလမ်းနဲ့ စီးပွားရေးအထူးဇုန်တွေပါဝင် တဲ့ သယ်ယူပို့ဆောင်ရေးစင်္ကြံတွေနဲ့ ပတ်လည်ဝိုင်းရံထားပါလိမ့်မယ်။ ဒီစင်္ကြံရဲ့ရည်ရွယ်ချက်က အငြင်းပွား မှုတွေမြှင့်တက်နေတဲ့ တောင်တရုတ်ပင်လယ်ရဲ့အနာဂတ်ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့ဖြစ်ပြီး အမေရိ ကန်ရဲ့ စစ်ရေးအရဩဇာကြီးမားတဲ့ မလက္ကာရေလက်ကြားကို တခြားကျဉ်းမြောင်းတဲ့ရေလက်ကြားနဲ့ အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ကုန် သွယ်မှုအများစုကို အဲဒီပင်လယ်ရေကြောင်းလမ်းတလျှောက်ကနေ တင်ပို့ပေးနေပါတယ်။
ကျောက်ဖြူမြို့ရဲ့ အရပ်ဘက် – စစ်ဘက်နှစ်မျိုးအသုံးပြုနိုင်တဲ့ ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်း ဟာ စင်္ကြံစီမံကိန်းရဲ့မကိုဋ်ဖြစ်ပြီး အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ရေတပ်ဖြန့်ကျက်နေရာချ ထားမှုကို လည်း ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ သယ်ယူပို့ဆောင်ရေးစင်္ကြံ၊ ကုန်သွယ်ရေး တွေက တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းပြည်နယ်တွေအတွက် စွမ်းအင်လုံခြုံရေးနဲ့ စီးပွားရေးတိုးတက် ဖွံ့ဖြိုးရေးတို့ အတွက် အခွင့်အလမ်းကောင်းတွေ ပေးပါလိမ့်မယ်။
၂၀၁၈ ခုနှစ်ကာလတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အရင်စစ်တပ်ဦးဆောင်တဲ့အစိုးရနဲ့ တရုတ်နိုင်ငံကြားချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အများအပြားကို ပြန်လည်ညှိနှိုင်းခဲ့ပါတယ်။ အကြံပေးတွေ နဲ့ ဘောဂဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က ရေနက်ဆိပ်ကမ်းကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့သလို နိုင်ငံတော်ကရမယ့် ရန်ပုံငွေဝေစုကိုလည်း တိုးမြှင့်နိုင်ခဲ့တဲ့အတွက် သီရိလင်္ကာနဲ့ ပါကစ္စတန်လို ကြွေးမြီ ထောင်ချောက်တွင်းအဆုံးသတ်နိုင်ခြေကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။ တင်ဒါခေါ်ယူရာမှာလည်း စီမံကိန်းခွဲ တွေအားလုံးဟာ နိုင်ငံတကာတင်ဒါခေါ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလိုက်နာရမှာဖြစ်ပြီး တရုတ် ငွေကြေးသာမက နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က အတည်ပြုပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံက တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲ တောင်းဆိုချက်တွေ ကို ၂၀၁၉ – ၂၀၂၀ ခုနှစ်မှာဖြည့်ဆည်းပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်း ချိန်မှာတော့ လူအများစုအံ့အားသင့်ခဲ့ရပေမယ့် အခုတော့ စီမံကိန်းတွေပြန်စဖို့ ပြင်ဆင်မှုတွေလုပ်ဆောင် နေပါတယ်။
နိုင်ငံတကာရဲ့ပြစ်တင်ရှုတ်ချမှုနဲ့ နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုတွေလျော့ပါးအောင် မြန်မာနိုင်ငံရဲ့အာဏာ သိမ်းစစ်ဗိုလ်ချုပ်တွေဟာ တရုတ်တွေရဲ့အကာအကွယ်အပေါ် မှီခိုနေရတဲ့အတွက်ကြောင့် တရုတ်တွေနဲ့ပူး ပေါင်းပြီး စင်္ကြံစီမံကိန်းတွေရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို ပြန်ပြီးစတင်နေပါတယ်။ ဒါပေမယ့် မြန်မာစစ်အာဏာရှင်တွေဟာ တရုတ်တွေရဲ့ အရပ်ဘက် – စစ်ဘက် နှစ်ဘက်သုံးဆိပ်ကမ်းဆောက်လုပ်မယ့် တရုတ်တွေရဲ့အမြင်ကို တစ်ချိန်တုန်းကတော့ ငြင်းဆန်ခဲ့ဖူးပါတယ်။ တရုတ် – မြန်မာဆက်ဆံရေးက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်မယုံကြည်မှုဆိုတဲ့ အသွင်လက္ခဏာနဲ့ ကာလကြာရှည်ခဲ့ပါတယ်။ ပြင်းထန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ မြန်မာစစ်တပ်ဟာ အချုပ်အခြာအာဏာနဲ့ပတ်သက်ရင် အကဲဆတ်လေ့ရှိပြီး နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တရုတ်နိုင်ငံက လက်နက်ထောက်ပံ့နေတဲ့ အတွက် တရုတ်နိုင်ငံအပေါ် မြန်မာစစ်တပ်က အမြဲသံသယဝင်နေလေ့ရှိပါတယ်။
အရပ်ဘက် – စစ်ဘက် နှစ်ဖက်သုံးဆိပ်ကမ်းဆောက်လုပ်မယ့်အပေါ် တရုတ်ရေတပ်ကအသုံးပြုနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး တရုတ်ကို မြန်မာစစ်တပ်ကခွင့်ပြုမလား. .? ဆိုတာကိုတော့ စောင့်ကြည့်ရပါ လိမ့်မယ်။
နယ်စပ်ဒေသကို စီမံခန့်ခွဲခြင်း
၁၉၄၈ ခုနှစ် ဗြိတိသျှတွေဆီကလွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာနိုင်ငံဟာ လူမျိုးရေးကွဲပြားမှုကို ရင်ဆိုင် ခဲ့ရသလို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်ဒေသတလျှောက်မှာလည်း ပဋိပက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တိုင်း ရင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှ မဟုတ် ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ လွတ်လပ်ရေးမရခင်ကာလကတည်းက ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ဗဟိုအစိုးရက တရုတ်ကျောထောက်နောက်ခံပြုထောက်ပံ့ထား တဲ့ ကွန်မြူနစ်သောင်းကျန်းသူတွေနဲ့ မျက်နှာချင်းဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၈၉ ခုနှစ်မှာတော့ တရုတ် နယ်စပ်တလျှောက်မှာအင်အားကြီးမားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ကွန်မြူနစ်ပါတီကိုဖျက်သိမ်းလိုက်ပြီး တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့သစ်တွေအဖြစ် ပြန်ပြီးပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီထဲကမှ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ဟာ အရှေ့တောင်အာရှမှာ အစိုးရမဟုတ်တဲ့ အင်အားအကြီးမားဆုံး လက် နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရထောက်ခံမှုနဲ့ ထောက်ပံ့ပို့ ဆောင်မှုတွေကြောင့် ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးဖောက်ကားရောင်းဝယ်မှုအရှိန် မြင့်တက်လာခဲ့ပါ တယ်။ ရှမ်းပြည်နယ်အတွင်း UWSA ထိန်းချုပ်နယ်မြေက ဘယ်လ်ဂျီယံနိုင်ငံ အရွယ်အစားရှိပါတယ်။
၁၉၈၉ ခုနှစ် မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးအခြေခံကြောင့် ‘ဝ’ တွေဟာ တရုတ်နိုင်ငံအုပ်ချုပ်ရေး ပုံစံကိုအတုယူထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထူထောင်ခဲ့ပါတယ်။ ယွမ်ကို အဓိကငွေကြေးအဖြစ်အသုံးပြုပြီး ဒေသတွင်းသုံးဘာသာစကားက မန်ဒရင်းစကား ဖြစ်ပါတယ်။ မြန်မာစစ် တပ်ရော အာဏာမသိမ်းခင်ကရှိခဲ့တဲ့အရပ်သားအစိုးရတွေရော ‘ဝ’ ပိုင်နယ်မြေထဲမှာ သူတို့ရဲ့ဩဇာအာဏာ ကို အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။
၁၉၈၉ ခုနှစ်မှာ စစ်တပ်နဲ့အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း UWSA က သူတို့နယ်မြေတွေကိုပေါင်းစည်းပြီး တစုတစည်းတည်းဖြစ်အောင်အားထုတ်နေချိန်မှာ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ တရုတ်နယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်အပြင် ပြည်သူ့စစ်တွေနဲ့ပါ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ စစ်တွေနဲ့မူးယစ်ဂိုဏ်းတွေဟာ နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေဖြစ်ပွားလေ့ရှိသလို မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းမှာလည်း သယံဇာတနဲ့ပတ်သက်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းနေဖို့ကို တရုတ်နိုင်ငံက ဦးစားပေးလုပ်ကိုင်ဖို့ လိုပါတယ်။ တရုတ်နိုင် ငံဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွားရေးကိစ္စတွေမှာ စီမံခန့်ခွဲနိုင်ဖို့လိုအပ်နေသေးတဲ့အ တွက် မြန်မာ့ပြည်တွင်းရေးကို ဝင်ပြီးစွက်ဖက်နေဦးမှာပါပဲ။ အိန္ဒိယသမုဒ္ဒရာဆီ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ အဆင်ပြေပြေစီးဆင်းနေဖို့လိုအပ်သလို လက်ရှိရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေလုံခြုံဖို့လည်း လိုအပ် နေပါတယ်။
ဒါကြောင့်လည်း အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေကိုထောက်ပံ့ပေးရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ ဆယ်စုနှစ်များစွာကြာတဲ့အထိဝင်ရောက်စွက်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ သူတစ် ပါးပြည် တွင်းရေးမှာ အကြီးမားဆုံးသောစွက်ဖက်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အိမ်နီးချင်းကို အနောက်နိုင်ငံတွေရဲ့အဝေးမှာထားလိုခြင်း
တရုတ်တွေက မြန်မာနိုင်ငံကို သူ့ရဲ့အိမ်နီးချင်းအစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားတဲ့အတွက်ကြောင့် အနောက်နိုင်ငံ အထူးသဖြင့် အမေရိကန်က ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်သင့်ဘူးလို့ ယူဆထားပါတယ်။ ဒီအချက်ကိုလည်း တရုတ်အစိုးရက ရှင်းရှင်းလင်းလင်းပြောဆိုထားပါတယ်။
BRI စတင်ချိန်ကစပြီး တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရကြားဆွေးနွေးပွဲတွေ အဆင်ပြေ ချောမွေ့စေဖို့ အထူးသံတမန်တစ်ဦးခန့်ထားခဲ့သလို အနောက်နိုင်ငံတက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေအပေါ် ဩဇာမလွှမ်းမိုးနိုင်အောင်လည်းကြိုးစားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး မြန်မာအစိုးရက အနောက်နဲ့အင်အားချိန်ခွင်လျှာပြန်ညှိဖို့ကြိုးစားလာခဲ့သလို မြစ်ဆုံရေ ကာတာစီမံကိန်းကြောင့် တရုတ်နဲ့ မြန်မာကြားတင်းမာမှုတွေတိုးမြင့်လာခဲ့ပေမယ့် ၂၀၁၇ ရိုဟင်ဂျာအရေး အခင်းကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ နေရာပြန်ယူလာနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုက တရုတ်နိုင်ငံအတွက် မနှစ်မြို့ဖွယ်ကောင်းတဲ့ အံ့ဩစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းမှုက တရုတ်အကျိုးစီးပွားအတွက်မဟုတ်ဘူးဆိုတာ တရုတ်သံအမတ်တွေက ဖွင့်ဟခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝန်ယီ ကလည်း ဒေသတွင်းပဋိပက္ခအတွက် အာရှနည်းလမ်းနဲ့ ဖြေရှင်းဖို့ရှာဖွေရမှာဖြစ်ပြီး ပြင်ပအင်အားစုတွေက ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ကြောင်း အရှေ့ တောင်အာရှခေါင်းဆောင်တွေကို အကြိမ်ကြိမ် အလေးပေးပြောဆိုခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းအရေးအပေါ် နိုင်ငံတကာကအာရုံစူးစိုက်နေချိန် ဖြစ်တာကြောင့် တရုတ်ကလည်း BRI ပရောဂျက်တွေကို အရှိန်မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ စစ်တပ်အပေါ် ထောက်ခံမှုတိုးမြှင့်လာပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငက မြန်မာစစ်ကောင်စီကို တရားဝင်ထောက်ခံခဲ့ပြီဖြစ်တဲ့အတွက် တရုတ် ဆန့်ကျင်ရေးစိတ်ဓာတ်ပြင်းထန်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ဆုံခြင်းဆီလျှောက်လှမ်းနေပါ တယ်။ တရုတ်ရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာတွင်းဝင်ရောက်ရေးကလည်း PDF နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် အန္တရာယ်ရှိလာနိုင်ပါတယ်။
Ref: Danish Institute For International Studies