ဓါတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ပလိပ်ထွီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့က နံနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း အပါအဝင်၊ စစ်ဘေးရှောင်စခန်းက ဆေးခန်းနှင့် စခန်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် မင်းတပ်မြို့ပေါ် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်လည်း ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က တိုက်နယ် (၂) ရှိ ကျေးရွာများကို လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းအပါအဝင်၊ လက်နက်ကြီး များဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်လာတာဟာ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးထွက်ပေါက်မဲ့နေပြီး မထူးဇာတ်ခင်းလာတဲ့ အကြမ်းဖက် လုပ်ရပ်များဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ဝေဖန် ထောက်ပြ လိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀၊ ၁၁ ရက်နေ့ ညနေပိုင်းကလည်း ထန်တလန်မြို့နယ်ထဲက မြန်မာ-အိန္ဒိယနယ်စပ်မှာ တည်ရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် Victoria Camp ကို လေကြောင်းဖြင့် နှစ်ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CNA ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး အဆောက်အဦးများလည်း ထိခိုက် ပျက်စီးခဲ့ ပါတယ်။