မင်းအောင်လှိုင်ကို ဖယ်ရှားမှ အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးဖြစ်နိုင်မယ်
– အီဂေါဗလာဇီဗစ် (သူ့အတွေးသူ့အမြင်)
မြန်မာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG), နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အရေးကြီးတဲ့ အင်အားစု နှစ်ဆယ်ကျော် နဲ့ တစ်ပြည်လုံးမှ စစ်အာဏာရှင် ဆန့် ကျင်ရေးလှုပ်ရှားမှု အစုအဖွဲ့အသီးသီးတို့က ပူးပေါင်းပြီး ပြည်သူ့တော်လှန်ရေးနဲ့ ပတ်သက်လို့ ပူးတွဲ ကြေညာချက်တစ်စောင်ကို နှစ်သစ်ဦးမှာ ထုတ်ပြန် လိုက်ပါ တယ်။
စစ်တပ်ရဲ့ အချည်းနှီးဖြစ်လှတဲ့ ရာဇဝတ်ပြစ်မှုလည်းဖြစ်တဲ့ အာဏာလုတာ၊ အာဏာချုပ်ကိုင်ကိုင်ဖို့ ကြိုးစားတာကနေ ဖြစ်လာတဲ့ ကြေကွဲစရာ အဖြစ်ဆိုးတွေကနေ မြန်မာပြည်ကို ဘယ်လို ဆွဲထုတ် ကြမလဲဆိုတဲ့ လမ်းပြမြေပုံကို ရှင်းလင်းတဲ့ အမြင်နဲ့ ပုံဖော်ပြခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှုကို ပြသကြဖြစ်တယ်။
အကြမ်းဖက်မှုတွေကို ဘယ်လို ဘယ်ပုံရပ်တန့်ကြမလဲ၊ ဘယ်ခြေလှမ်းတွေနဲ့ တိုင်းပြည် ပျက်လာ တာကို ဆယ်ကြမလဲ၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ နိုင်ငံရေး အဖြေ ရရှိလာအောင် ဘယ်လိုလုပ်ကြမလဲ၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် ဘာတွေ ဆောင်ရွက်ကြမယ် ဆိုတာတွေနဲ့ ပတ်သက်တဲ့ အပြန်အလှန် သဘောတူတဲ့ ကျင့်ဝတ်စည်းမျဉ်း ခြေလှမ်းတွေကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ အင်ဒို-ပစိဖိတ်ဒေသက ဆက်စပ်နေတဲ့ နိုင်ငံတွေနဲ့ အခြား ကမ္ဘာ့ နိုင်ငံကြီးတွေဟာ ပြတ်ပြတ်သားသား ရွေးချယ်ရပါတော့မယ်။
မြန်မာပြည်သူတွေနဲ့ ပြည်သူက ရွေးကောက်ထားထဲ့ တရားဝင် ပြည်သူ့ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ နှစ်သစ်ကူး ပူးတွဲကြေညာချက်ပါ လမ်းစဉ်တွေအတိုင်း စစ်အာဏာရှင်စနစ်ကို ငြင်းဆန်ပြီး အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချဖို့ ရွေးချယ်မလား။
ဒါမှမဟုတ် ဘာမှ ထိထိရောက်ရောက် မလုပ်တဲ့ လမ်းကိုပဲ မြန်မာအိမ်နီးချင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်သွားမှာလား။ လူသတ်နေတဲ့ တရားမဝင်တဲ့ လက်ရှိစစ်အာဏာ
ရှင် တွေအပါအဝင် “အားလုံးပါဝင်တဲ့ စားပွဲဝိုင်း ညှိနှိုင်းရေး” ဆိုတဲ့ အကျိုးရလဒ်မဲ့ ကိစ္စနဲ့ ဆက်သွားကြမှာလား။
ဒီနည်းက စစ်တပ်က သူ့တိုင်းပြည်က ပြည်သူကို ဆင်နွှဲနေတဲ့ စစ်ပွဲတွေ ပိုကြမ်းတမ်းလာစေရုံက လွဲလို့ ဘယ်မှ မရောက်နိုင်ပါဘူး။
ဒီနည်းက ပိုပြီးရက်စက်ကြမ်းကြုတ်လာဖို့၊ ပိုပြီး မတည်မငြိမ်နဲ့ ဖရိုဖရဲတွေ ဖြစ်လာဖို့၊ အရပ်ဘက် အခြေခံအဆောက်အဦတွေ ပျက်စီးဖို့၊ ရွာတွေ ပိုမီးလောင်ပြာကျလာဖို့၊ IDPတွေ ထောင်သောင်း ချီပြီးတိုးလာဖို့ နဲ့ နိုင်ငံ့ စီးပွားရေး ပိုမို ကျဆင်းလာဖို့ဆီကိုပဲ သွားတဲ့ လမ်းပါ။
ဒီလမ်းကိုရွေးရင် လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ပြီး အရပ်သားပြည်သူတွေအကြီးအကျယ် ဆုံးရှုံးနစ်နာ ပြီးတဲ့ အချိန်မှာတောင်မှ ပိုခိုင်မြဲလာတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ဟာ တည်ငြိမ်ဖို့လည်းမရှိသလို နိုင်ငံတကာက မျှော်လင့်ထားသလို အားလုံးပါဝင်ဆွေးနွေးပြီး ကျေလည်သွားတယ် ဆိုတဲ့ ကိစ္စမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
အဲဒီအစား တိုင်းပြည်ဟာ ကျေမွသွားပြီး အပိုင်းပိုင်းအစိတ်စိတ်ကွဲလို့ (အနည်းဆုံး ငါးပိုင်းကနေ ခုနှစ်ပိုင်း) လက်နက်ကိုင်တပ်တွေ အသီးသီးကနေ အုပ်ချုပ်တဲ့ နယ်အသီးသီးသာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
စစ်တပ်ဟာလည်း လက်နက်နဲ့ နယ်ပယ်ထိန်းချုပ်ပြီး နိုင်ရာစား ကိုယ်ကျိုးရှာ လက်နက်ကိုင်ပြည်သူ့စစ် တွေထဲက အဆိုးဆုံး အဖွဲ့အစည်းတစ်ခု ထက်ပိုမှာ မဟုတ်ပါဘူး။ လက်ရှိမြင်နေရတဲ့ လစ်ဗျားလို တောင်ဆူဒန်လို ပြန်တည်လို့ မရတော့တဲ့ နိုင်ငံပျက်တစ်ခုစီကို ဦးတည်သွားနိုင်တဲ့ အခြေအနေပါ။
ဒီပူးတွဲကြေညာချက်နဲ့အတူ နှစ်သစ်မှာ ထွက်ပေါ်လာတဲ့ တခြား ထုတ်ပြန်ချက်တွေကို ( ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ကြေညာချက်နဲ့ KIO ဥက္ကဌ အင်ဘန်လရဲ့ မိန့်ခွန်း) ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြား သက်ဆိုင်ရာ နိုင်ငံကြီးတွေ ရှင်းရှင်းလင်းလင်းမြင်နိုင်တာကတော့ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ သင်ဆိုင်သူအားလုံးဟာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေခဲ့ကြတယ် သဘောတူညီချက်တွေလည်းရှိနေခဲ့ကြတယ် ဆိုတာပါပဲ။
ဒီလို အပြန်အလှန်ဆွေးနွေးတာတွေ၊ သဘောတူညီချက်ရလာတာတွေဟာ မဖြစ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရာဇဝတ်ကောင်စစ်တပ်ကို ဒီညီမျှခြင်းထဲကနေ ဖယ်ထုတ် လိုက်ရင်ကို ဖြစ်နိုင်နေပြီးသားပါ။
ဘာကြောင့်လဲဆိုတော့ ၂၀၂၁ ဖေဖော်ဝါရီလာကတည်းက ဖြစ်လာသမျှ ဒုက္ခဆင်းရဲခြင်းတွေရဲ့ တစ်ခုတည်းသော အရင်းအမြစ်ဟာ အာဏာကို လိုချင်လို့ အတင်းသိမ်းဖို့ ကြိုးစားနေရင်း ခုထိ မအောင်မြင်သေးတဲ့ ဆီက နေလာတာပါ။
ရက်စက်မှုပေါင်းစုံသုံးပြီး လူသတ်ဖျက်ဆီးတဲ့ နည်းနဲ့ မင်းအောင်လှိုင်က အာဏာရယူဖို့ ကြိုးစား နေတာကသာ တိုင်းပြည်ပြဿနာကို ဖြေရှင်းတဲ့ နည်းမရှိအောင် အခုအခံလုပ်နေတဲ့ကိစ္စပါ။
မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်ရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ စပြီးလျော့ကျလာမယ်။
လူတွေ နေထိုင်လို့ရတဲ့ အခြေခံ လုံခြုံရေးလောက်ကိုတော့ ရလာမှာဖြစ်တယ်။ သိပ်ပြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်မှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်မှာပါ။
အဲဒီအချိန်မှာ နိုင်ငံရေး ညှိနှိုင်းတိုင်ပင်မှုတွေလည်းပို ကျယ်ပြန့်လာပြီး တစ်ဦးနဲ့ တစ်ဦး အလျှော့အတင်းတွေဘယ်လို လုပ်ကြမယ် ဆိုတာ ဆွေးနွေးဖို့ နေရာကျယ်လာပါလိမ့်မယ်။
ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဖို့ရာမှာ လိုအပ်တဲ့စာချုပ်စာတမ်းတွေအတွက် သဘောတူညီချက်တွေ ပေါ်ထွက်လာပါလိမ့်မယ်။
မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက ထင်နေတာထက် အများကြီးပိုလွယ်ပါတယ်။ သူ့ကို သူ့တိုင်းပြည်က ပြည်သူတွေက လက်မခံလို့ တော်လှန်နေကြတာပါ။ တပ်ထဲမှာလည်း သူ့ကုလားထိုင်က အင်မတန် လှုပ်နေတဲ့ အနေအထားမှာ ရှိပါတယ်။
သူ့ကို ဒီကစားပွဲမှာ အသာစီးရနေစေတာက ရက်စက်ယုတ်မာတဲ့ ညှင်းပန်းနှိပ်စက်မှုတွေအပြင် ကောက်ကျစ်တဲ့အကြံနဲ့ ပူတင်ဆီက ရနေတဲ့ ကောက်အထောက်အပံ့တွေရယ်၊ မြန်မာ့ သဘာဝ ဓာတ်ငွေ့က ရနေတဲ့ ဝင်ငွေတွေကြောင့်ရယ်၊ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ မအလ ပါမှရမယ်လို့
အလွယ် မှတ်ယူနေတဲ့ မြန်မာအိမ်နီးချင်းတွေရယ်ကြောင့်ပါ။
မအလ မပါဘဲ ကျန်တဲ့ သက်ဆိုင်သူအားလုံးနဲ့ စတင်ပြီးတော့ ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ကြည့်ကြပါ။ မအလမပါပဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ဖို့ အားပေး ကူညီကြပါ။ မအလ မပါဘဲ အကောင် အထည်ဖော်လို့ ရတဲ့ လုပ်ငန်းတွေကို ကူပံ့ပေးကြပါ။
စစ်တပ်ဟာ အဲဒီလိုသာဆိုရင် အချိန်ကာလ လအနည်းငယ်အတွင်းမှာ အက်ကွဲပြိုပျက်လာမှာ မလွဲပါ။ အဲဒီအချိန်ရောက်ရင် မြန်မာစစ်တပ်ထဲက လက်ရှိအာဏာရှင်ခေါင်းဆောင်နေသူတွေ မဟုတ်တဲ့ အခြားသူတွေကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မြန်မြန်ဆန်ဆန် ဝင်လာကြမှာ ဖြစ်ပါတယ်။
အဲဒီအခါ အပြုသဘောဆောင်ပြီး တိုင်းပြည်အတွက် ရလဒ်ကောင်းတွေ ထွက်အောင် ဆွေးနွေး လာနိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရှင်းလင်းတဲ့ ရွေးချယ်စရာ၊ နက်ရှိုင်းလာနေတဲ့ ကျရှုံးနိုင်ငံတစ်ခု အဖြစ်ကနေ လွတ်မြောက်အောင် မြန်မာပြည်ကို ကူညီဖို့ အခွင့်အလမ်း သေချာပေါက်ရှိနေပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ မရှိခဲ့တဲ့ ဒီတခါ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မဲ့ အခွင့်အရေး၊ တိုင်းပြည်မှာ အရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင်လုပ်ဖို့ အခွင့်အရေးဟာ လက်ရှိမှာ သေသေချာချာရှိနေပါတယ်။
မြန်မာရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဒီအခွင့်အရေးကို လက်လွတ်ခဲ့မယ် ဆိုရင် ဒီတိုင်းပြည်ဟာ အကြမ်းဖက်မှုတွေ၊ အပျက်အစီး အဆုံးအရှုံးတွေ၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲ မှုတွေထဲကို ဒီထက်ပိုပြီး နစ်ဝင်သွားမှာဖြစ်ပါတယ်။
ဒီလိုဖြစ်လာမယ့် အခြေအနေကို ဂရုမစိုက်ပဲ နေနိုင်မှာ ပူတင်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့အတွက်ကတော့ ဒီလိုအခြေအနေကနေ ဘာမှ အကျိုးဖြစ်စရာ မရှိပါဘူး။