လွတ်လပ်ရေးနေ့နဲ့ မလွတ်လပ်သေးသော အမိမြေ
– ကံ့ကော်ဖြူ (သူ့အတွေးသူ့အမြင်)
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ (၇၅) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေး နေ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့က စလို့ နယ်ချဲ့ကိုလိုနီ လက်အောက်ကနေ လွတ်ထွက်ပြီး လွတ်လပ်တဲ့အချုပ်အခြာပိုင် တိုင်းပြည်တစ်ခု (Country) အနေနဲ့ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ လက်ရှိအချိန်အထိ လွတ်လပ်ရေးဆိုတာကို နေထိုင်သူ ပြည်သူတွေ အားလုံး မခံစား ရသေးတာ လက်ရှိနွေဦးတော်လှန်ရေးက သက်သေခံပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာ ဘာလဲဆိုတာအတွက် ဖြေရမယ်ဆိုရင် မလွတ်လပ်တဲ့ပြည်သူ၊ အချုပ်အခြာ အာဏာမရှိတဲ့ နိုင်ငံဖြစ်တဲ့အပြင် မြန်မာနိုင်ငံလို့ ကမ္ဘာ့မြေပုံမှာ သတ်မှတ်လို့ ရတဲ့ နယ်နိမိတ်ပညက် ချက်ကိုသာ သေချာ ချထားနိုင်သေးတဲ့ အခြေအနေမှာသာ ရှိပါတယ်။
မြန်မာနိုင်ငံဟာ Burma Proper (ဗမာပြည်မ) ကို အခြေပြုလို့ ချင်းတောင်းတန်းဒေသ၊ ကချင် တောင်တန်းဒေသ၊ ရှမ်းပြည်နဲ့ လွတ်လပ်သော ကရင်နီပြည် တို့ ပူးပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အရင်းတည်ကာ ပါလီမန်အစိုးရစနစ်နဲ့ စီမံအုပ်ချုပ်သွားဖို့ ပဏာမ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
နယ်ချဲ့ကိုလိုနီ အင်္ဂလိပ် လက်အောက် မကျရောက်ခင်မှာ မွန်၊ ကရင်၊ တနင်္သာရီ၊ ကုန်းဘောင် (ဗမာ)၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီ တို့သည့် မိမိနယ်နိမိတ်သတ်မှတ်ချက်တွေနဲ့ မတူညီသော အုပ်ချုပ်ရေး ပုံစံမျိုးစုံတို့နဲ့ အုပ်ချုပ်ခဲ့သော ဒေသများဖြစ်ပါတယ်။
တချက် ထပ်ဆင့် ပြောလိုသည်မှာ အင်္ဂလိပ်လက်အောက် မကျရောက်ခင်မှာ မွန်၊ ကရင်၊ကရင်နီ၊ တနင်္သာရီနှင့် ရခိုင်တို့သည် စစ်ရှုံးပြီး ကုန်းဘောင်းမင်းဆက်လက်အောက်တွင် ကျရောက်ခဲ့ပါတယ်။
အင်္ဂလိပ်တို့ အိန္ဒိယနိုင်ငံကို သိမ်းပိုက်အပြီး ဗမာဒေသကို ဆက်လက်သိမ်းပိုက်ခဲ့တာကြောင့် အင်္ဂလိပ်- မြန်မာ ကျူးကျော်စစ် (၃) ကြိမ်နှင့် ကုန်ဘောင်နိုင်ငံ (ဗမာ) နှင့် ၎င်းကိုလိုနီလက်အောက်ခံ နယ်မြေ ဖြစ်သော မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင် ဒေသတွေကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ပါတယ်။
တမူထူးခြားချက်မှာ ကရင်နီဒေသကို အင်္ဂလိပ်နှင့် ကုန်းဘောင်နိုင်ငံတို့ နှစ်ခုလုံး ပိုင်ဆိုင်မှုမယူဘဲ သီးခြား လွတ်လပ်သောဒေသအဖြစ် ထားရှိရန် သဘောတူခဲ့ကြပါတယ်။ ထို့နောက် ကချင်၊ ရှမ်း၊ ချင်းဒေသ များကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
နယ်ချဲ့ ကိုလိုနီဗြိတိသျှ အင်ပါယာလက်အောက်ခံအဖြစ် ရောက်ရှိခဲ့သာ နိုငံပေါင်း ၅၀ ကျော်အထိ ရှိခဲ့သလို၊ အာရှတိုက် တစ်ခုတည်းမှာတင် ၂၂ နိုင်ငံ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအဖြစ် ပေါ်ပေါက်လာတဲ့ နိုင်ငံဒေသ (၅) ခုလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
ဗြိတိသျှအင်ပါယာအနေနဲ့ ကိုလိုနီနိုင်ငံတွေကို အုပ်ချုပ်ရာတွင် တိုက်ရိုက်အုပ်ချုပ်သောစနစ်၊ သွယ် ဝိုက်အုပ်ချုပ်သောစနစ်၊ သစ္စာခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးသောစနစ်၊ စည်းမျဉ်းခံအုပ်ချုပ်ရေးစနစ်၊ စစ်အုပ်ချုပ်ရေးစနစ် စသည်ဖြင့် နေရာဒေသ၊ အခြေအနေအကြောင်းအရာ အပေါ် လိုက်ပြီး ခွဲခြား ပိုင်းခြား (Divide and Rule) အုပ်ချုပ်စီမံခဲ့ပါတယ်။
အိန္ဒိယနှင့် ဗမာပြည်မကို ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ရေးစနစ်ကို အသုံးပြုခဲ့ပြီး ကချင်၊ ချင်း၊ ရှမ်းကို သွယ်ဝိုက်အုပ်ချုပ် သော စနစ်ကို အသုံးပြုခဲ့ပါတယ်။
ကရင်နီကို ထိုင်းနိုင်ငံကဲ့သို့ စာချုပ်စာတမ်းချုပ်ဆိုပြီး လွတ်လပ်သော ဒေသတစ်ခုအနေနဲ့ ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့်ကို ပေးထားခဲ့ပါတယ်။
ကိုလိုနီစနစ်ကြောင့် အင်ပါယာနိုင်ငံကြီးတွေအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပဋိပက္ခ တွေကြောင့် ကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ပါတယ်။
ထိုကမ္ဘာစစ်ကြီးတွေရဲ့ အရှိန်ကိုအခွင့်ကောင်းယူပြီး ကိုလိုနီနိုင်ငံများက လွတ်လပ်ရေးရရှိဖို့အတွက် ပြန်လည် တွန်းလှန်တဲ့ လွတ်လပ်ရေးတိုက်ပွဲတွေ နိုင်ငံဒေသအနှံ့အပြားမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ကမ္ဘာစစ်ကြီးရဲ့ ဒဏ်နဲ့ လွတ်လပ်ရေးအတွက် ပြန်လည်ခုခံတွန်းလှန်နေတဲ့ လက်အောက်ခံနိုင်ငံတွေရဲ့ ဒဏ်တွေကြောင့် ဗြိတိသျှအင်ပါယာကြီးမှာ ငတ်မွတ်ခေါင်းပါးမှု အလွန်မြှင့်တက်ခဲ့ပါတယ်။
ထိုအကြောင်းအရင်းနှင့် နိုင်ငံရေးအပေါ် အမြင်ပြောင်းလာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြောင့် လွတ်လပ်ရေးရရှိလိုသော လက်အောက်ခံနယ်မြေတွေကို ပြန်လည်လွတ်လပ်ရေးပေးဖို့ သဘောတူခဲ့ ကြပါတယ်။
ထိုအခြေအနေမှာ မြန်မာနိုင်ငံဖြစ်တည်လာမဲ့ နယ်မြေကြီး (၅) တို့ ပူးပေါင်းပြီး တပေါင်းတည်း လွတ်လပ်ရေးရယူရန် ပင်လုံစာချုပ်ချုပ်ဆိုပြီး နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရယူခဲ့ပါတယ်။
အိန္ဒိယကတော့ အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံခွဲပြီး လွတ်လပ်ရေးခွဲယူခဲ့ကြပါတယ်။ ထိုသို့ ခွဲပြီးလွတ်လပ်ရေးယူခြင်း၊ တတွဲတည်း လွတ်လပ်ရေးရယူခြင်းကြောင့် ပုံစံမျိုးစုံ ပြဿနာတွေ ဖြစ်ပေါ်လာကြရပါတယ်။ မြန်မာနိုင်ငံသည်လည်း အလားတူ ဖြစ်ရပ်မျိုးရှိပါတယ်။
ပင်လုံစာချုပ်ဟာ မြန်မာပြည်ကို မွေးဖွားပေးသော နိုင်ငံရေးပေါင်းစပ်မှုစာချုပ်လို့ ပြောဆိုလို့ ရနိုင်ပါတယ်။
ပင်လုံစာချုပ်ကို အနှစ်ချုပ် ပြန်လည်သုံးသပ်ရမယ်ဆိုလျှင် မြန်မာပြည်ထောင်စု ကြီးသည် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပါလီမန်စနစ်ဖြင့် အုပ်ချုပ်မည်။
မြန်မာပြည်ထောင်စု အတွင်းပါဝင်သော နယ်မြေများနှင့် သက်ဆိုင်ရာအမျိုးသားများအနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ တန်းတူညီမျှမှုရှိရမည်။
ပြည်နယ်တစ်ခု၊ နယ်မြေဒေသနှင့် ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်နှင့် ပတ်သက်သော အချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းရေးသား ထားသော အချက် (၇) ချက်နှင့် တိုင်းတာပြီး ကိုက်ညီမှု ရှိပါက ပြည်နယ်အဆင့် သတ်မှတ်ပေးမည်ဖြစ်သလို ပြည်နယ်အဆင့်အဖြစ် မရောက်သေးသော လူမျိုးတွေကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းမျိုးကို အပြည့်အဝပြဌာန်းထား ရှိပါတယ်။
အချုပ်အားဖြင့်ဆိုသော် ပင်လုံစာချုပ်သည် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား များသည် တိုင်းရင်းသားအခွင့်အရေးကို အပြည့်အဝရရှိမည်ဖြစ်သလို တချိန်တည်းတွင် နိုင်ငံသား အခွင့်အရေးကို တန်းတူရရှိမည်ဟု ပါရှိပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အိန္ဒိယ၊ ဗမာပြည်မ၊ ရှမ်း၊ ချင်း၊ ကချင်၊ လာအို တို့သည် အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန်ရာတွင် နည်းနာပိုင်းဆိုင်ရာ၊ အင်အားအရ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ထိုအထဲမှာမှ ဗမာပြည်မ၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်နီတို့သည် တိုင်းပြည်တစ်ခုကို အတူပူးပေါင်း တည်ထောင်ခြင်းအားဖြင့် နယ်မြေအကျယ်အဝန်း အတွက်သာမကဘဲ စီးပွားရေး၊ လူမှုရေး ပိုမိုကောင်းမွန်လာနိုင်မယ်လို့ ယုံကြည်သည့်အလိုက် မြောက်များစွာ ညှိနှိုင်းစရာမလိုဘဲ ပူးပေါင်းမှုကို သဘောတူခဲ့ကြပါတယ်။
နိုင်ငံရေးအရ ပူးပေါင်းရခြင်းရဲ့ အဓိက အချက်မှာ ကိုလိုနီလက်အောက်ခံဘဝရောက်ခဲ့ရသူတို့အနေဖြင့် လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို အချင်းချင်းကြား မချိုးဖောက်ဘဲ ဖော်ဆောင်ကြလိမ့်မယ်လို့ ယုံကြည် ခြင်းဟာ မြန်မာပြည်ကို ပေါ်ပေါက်လာစေခြင်း ဖြစ်ပါတယ်။
ဗမာ့နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို အတိုက်အခံဗမာ့နိုင်ငံရေးသမားတွေက လုပ်ကြံ လိုက်ပြီး နောက်တွင် ပင်လုံကတိကဝတ်ကို ဗမာ့နိုင်ငံရေးသမားတွေက အကောင်အထည် ဖော်ဆောင် ခြင်းမရှိခြင်း အားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးဂုဏ်သိက္ခာနှင့် ဗမာ့နိုင်ငံရေးအဝန်းအဝိုင်းရဲ့ ဂုဏ်သိက္ခာ တစ်ခုလုံးကို ရိုက်ချိုးလိုက်ခြင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သော အတူပူးတွဲမနေလိုပါက (၁၀) နှစ်ပြည့်ပါက ခွဲထွက်ပြီး တပြည်ထောင် ထောင်ပိုင်ခွင့်ရှိကြောင်း ပြောကြားချက်ဟာလည်း အရာမထင်ခဲ့ပေ။
ထို့ပြင် ဗမာ့ကိုနီလို လက်အောက် ခံ ဖြစ်သော မွန်၊ ရခိုင်၊ ကရင်၊ တနင်္သာရီတို့ကိုလည်း လွတ် လပ်သော အမျိုးသားများအဖြစ် သတ်မှတ် ပြည်နယ်ပေးဖို့ အမျိုးသားတန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့အတွက် အချိန်အများကြီးဆွဲခဲ့ပြီး အချိန်နှောင်းမှ ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့ပေမဲ့ လက်ရှိအချိန်အထိ အမျိုးသား တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးခဲ့ပေ။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ဖြစ်သော ဦးနုသည် တိုင်းရင်းသားတို့၏ ခွဲထွက်ရေးတောင်းဆိုခွင့်၊ ဗမာပြည်နယ်ဖွဲ့စည်းပေးရေး၊ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်တို့ကို ပင်လုံကတိကဝတ်အတိုင်း ပေး အပ်ရမည့် အရေးကို ဗိုလ်ချုပ်နေဝင်းအစိုးရကို စစ်အာဏာသိမ်းခွင့်ပေးခြင်းအားဖြင့် ဖြေရှင်းခဲ့ ပါတယ်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးထဲမှာ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် သန္ဓေတည်ခဲ့ရခြင်းရဲ့ တရားခံမှာ ပုဂ္ဂိုလ်အားဖြင့် ဝန်ကြီးချုပ်ဦးနု၊ ဗိုလ်ချုပ်နေဝင်းတို့တွင့် အဓိက တာဝန်ရှိပြီး၊ နိုင်ငံရေး ရှုထောင့်အားဖြင့် တမျိုးသားလုံးတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပေး လိုသော ဗမာ့လူမျိုးကြီး ဝါဒနှင့် ဗမာ့နိုင်ငံရေးအဝန်းအဝိုင်းကြောင့် ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်သည် ဗမာ့လူမျိုးကြီးဝါဒအပေါ် အခြေခံသော ကပ်ပါးဝါဒတစ်ခုဖြစ်တယ်ဆိုတာကို မမေ့အပ်ပေ။
မြန်မာပြည်တွင် လက်ရှိအချိန်အထိ နိုင်ငံရေးအရ မပေါင်းစပ်နိုင်သေးသလို၊ လူမှုရေးအရ၊ စီးပွား ရေးအရ တပေါင်းတည်းဖြစ်အောင် မပေါင်းစပ်နိုင်သေးပေ။
လက်ရှိအချိန်အထိ နယ်မြေဒေသ၊ လူမျိုးအပေါ်အခြေခံပြီး ခွဲခြားအုပ်ချုပ်မှု (Divide and Rule) ရှိနေဆဲပင်ဖြစ်ပါတယ်။ ထိုသို့ မပေါင်းစပ်နိုင်ပါက ဘယ်က အချုပ်အခြာအာဏာစိုးမိုးမှု၊ နိုင်ငံရေးတည်ငြိမ်မှု တည်ဆောက်နိုင်မလဲ။
ထိုသို့ တိုင်းပြည်နဲ့ ပြည်သူကြားက စည်းနှောင်မှု၊ အစိုးရနှင့် ပြည်သူကြားက ဆက်ဆံရေး ဘယ်လို လုပ်ကောင်းပါတော့မလဲ။ ထိုသို့ ပြည်တွင်းစစ်နဲ့ ယမ်းငွေ့တဝေဝေနဲ့ မြန်မာပြည်ကြီး ဘယ်လို တိုးတက်ပါတော့မလဲ။
လွတ်လပ်အေးချမ်းသာယာဝပြောတဲ့တိုင်းပြည်ကြီး ဘယ်တော့ ရောက်ပါအုံးမလဲ။
၇၅ နှစ်ရှိပြီဖြစ်တဲ့ မြန်မာပြည်ကြီးလည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ငယ်။ မကောင်းမှုတို့ စုဝေးရာ၊ ကောင်းမှုတို့ ဆိတ်သုဉ်းရာ၊ အရာရာနိတ္ထိ၊ မျက်ဖြူဆိုက်နိုင်ငံတော်ကြီးအဖြစ် ဘယ်လောက်အထိ ဆက်ပြီး တောင့်ခံနိုင်အုံးမလဲ။
ဘယ်လိုတွေ ဘာတွေကြောင့် ပိုဆိုးတဲ့ကံကြမ္မာတွေ ရောက်လာအုံးမလဲ။ စိုးရိမ်စိတ်များစွာနဲ့ အမိမြေလည်း အေးချမ်းသာယာတဲ့တစ်ရက်ကို ရောက်လာပါစေလို့ ဆုတောင်းပေးရင်း…။