သတင်း

တနင်္သာရီ၊ မြိတ်ခရိုင်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာလို့ ဒေသခံအများစုက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

ဓါတ်ပုံ – CJ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ  ၂
 
တနင်္သာရီမြို့နယ်၊ မြိတ်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တနင်္သာရီရိုးမ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာလို့ ဒေသခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
 
နှစ်ရက်ဆက်ပြင်းထန်နေတဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီ တပ်သားများနှင့် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မောတုန်းရွာအမြောက်တပ် ၃၀၆ က စစ်ကောင်စီ တပ်သားတွေ မူးယစ်သောက်စားပြီးအပြန် ကဒဲလိပ် ကျေးရွာ လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ည ၁၀ နာရီခန့်မှာ တနင်္သာရီရိုးမ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့နှင့် မြိတ်ခရိုင်တပ်ရင်း ၂တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့တာပါ။
 
အဲဒီနှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အလားတူ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ဗောဓိကမ်းတံတားမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားများကို ဘက်မလိုက်ပြောက်ကြားတပ်နှင့် မြိတ်ခရိုင် တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့ က ပြောက်ကျား တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ တယ်လို့ သိရပါတယ်။
 
ပျောက်ကြားတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ မနက်ပိုင်း ၈နာရီခန့်မှာတော့ မြိတ်ခရိုင်အခြေစိုက် ခမရ ၅၆၁တပ်က ဘန်လော ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေက သိရပါ တယ်။
 
“မနက်ပိုင်း ၈ နာရီလောက်မှာ ခမရ ၅၆၁တပ်က ဘန်လောရွာဘက်ကို စစ်ကြောင်း ထိုးလာတာလေ၊ အဲဒီမှာ ဘက်မလိုက်ပြောက်ကြားတပ်နဲ့ထိပ်တိုက် တွေ့ကြတယ်၊ နှဖက်ထိပ်တိုက်တွေ့ကြပြီးတော့ တိုက်ပွဲသုံးကြိမ်လောက်တော့ ဖြစ်ပွားခဲ့တယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
 
ထိပ်တိုက်တွေ့ပြီး နှစ်ဖက်တိုက်ပွဲဟာ ၆နာရီကြာ အပြန်အလှန် ပစ်ခတ်မှုများရှိပါတယ်။
 
အဲဒီနှစ်ဖက် တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးဘက်ကတော့ ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ညနေ ၃နာရီခန့်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်း ပစ်ခတ် လာလို့ ဘန်းလမွတ်ကျေးရွာထဲက အရပ်သား နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
 
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ညောင်ပင်ကွင်း၊ ၆မိုင်၊ ၅မိုင်၊ ဗျို့အိုင်၊ ဗောဓိကမ်း၊ ဘန်လော၊ ဖာနီ၊ လေးမိုင်၊ ရေခမ်းချောင်း၊ ဘန်းလမွတ်၊ ညောင်ပင် ကုန်းနှင့် ရမ်ဖို ကျေးရွာများက ဒေသခံပြည်သူစုစုပေါင်း ၁၅၀၀ ဝန်းကျင်ခန့်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။

Related Articles

Back to top button