သမိုင်းမထင်ခဲ့သော စနစ်ပြောင်းတော်လှန်ရေးကြီး
– စည်းနရီ (သူအတွေးသူ့အမြင်)
စနစ်ပြောင်းတော်လှန်ရေးဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် နိုင်ငံရေးနယ်ပယ် မှာတော့ ယေဘုယျအားဖြင့် လက်ရှိစနစ်အလုပ်မလုပ်ဘူး၊ ဒါမှမဟုတ် တရား မျှတမှုမရှိဘူးလို့ ရှုမြင်ကြတဲ့သူတွေ ဆီကနေ ပေါ်ထွက်လာတတ်တာပါပဲ။
အာဏာလွှဲပြောင်းတာ၊ အစိုးရတရပ်ကို ဖြုတ်ချတာ စတာတွေပါဝင်တတ်ပါတယ်။ သိသိသာသာ မတရားမှုတွေ ဖြစ်ပေါ်လာပြီဆိုရင် အပြောင်းအလဲကို ဖော်ဆောင် ဖို့ လိုအပ်တဲ့တွန်းအားတွေကို ဖိနှိပ်ထားတဲ့အခါ ပေါက်ကွဲထွက်ပြီး တော်လှန်ရေး တွေ ဖြစ်လာတတ်တယ်။
ပိုပြီးတရားမျှတမှုရှိတဲ့ စနစ်သစ်တွေနဲ့ ဖွဲ့စည်းပုံတွေကို ဖန်တီးနိုင်စေသလို တိုးတက်မှုအမျိုးမျိုးကို ဆောင်ကြဉ်းစေဖို့လည်း ရည်သန်တတ်ကြတယ်။
ဒါပေမယ့် တော်လှန်ရေးတွေကိုယ်တိုင်ကလည်း တရားမျှတမှုကင်းမဲ့တဲ့၊ ကြမ်းတမ်းပြီး နေ့စဉ်ဘဝ များစွာကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့၊ မျိုးဆက်နဲ့ချီပြီး ထိခိုက်တတ်တဲ့တန်ကြေးတွေကို မလိုလားပဲ ပေးဆပ်ရ တတ်ပါတယ်။
ကြမ်းတမ်းစွာရုန်းကန်ပြီးတဲ့နောက် ငြိမ်းချမ်းစွာ မျှတတဲ့အသွင်ပြောင်းဖို့ ဖြစ်မလာခဲ့ရင် မျိုးဆက်နဲ့ ချီပြီး ပြဿနာတွေကျန်ခဲ့နိုင်ပါတယ်။
ပြင်သစ်တော်လှန်ရေးကို နမူနာကြည့်ကြပါစို့။ ပြင်သစ်တော်လှန်ရေးဟာ ပြင်သစ်နိုင်ငံတခုတည်း မကပဲ ကမ္ဘာမှာပါ သိသာထင်ရှားပြီး ကာလရှည်သက်ရောက်မှုများစွာရှိခဲ့တာပါ။ ဘုရင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရက် တစ်သမ္မတနိုင်ငံထူထောင်ဖို့ ဦးတည်ခဲ့တယ်။
ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုအယူအဆတွေကို ဥရောပနဲ့ ကမ္ဘာတလွှားဖြန့်ဝေနိုင်ခဲ့တယ်။ ဒါပေမယ့် အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုအားကြီးလွန်းတဲ့အတွက် နောက်ဆက်တွဲ စစ်ပွဲတွေလည်း ဖြစ်တယ်။
လူထောင်ချီပြီး ဥပဒေမဲ့ ကွပ်မျက်ခဲ့တယ်။ လူသိန်းချီ အသက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံး စစ်ဘုရင် ကြီးနပိုလီယံတက်လာခဲ့တယ်။
စီးပွားရေးအနေနဲ့ ပဒေသရာဇ်စနစ်ဖျက်သိမ်းရေး၊ မြေယာပိုင်သိမ်းရေးနဲ့ အခွန်ကောက်ခံမှုစနစ်သစ် ထူထောင်ရေးအပါအဝင် သိသာထင်ရှားတဲ့ စီးပွားရေးအပြောင်းအလဲတွေရှိလာတယ်။
ပြင်သစ်စီးပွားရေးအပေါ်မှာ နက်ရှိုင်းစွာသက်ရောက်မှုရှိခဲ့ပြီးတော့ အရင်းရှင်စနစ်ကြီးထွားမှုနှင့် စက်မှု တော်လှန်ရေးကို အထောက်အကူဖြစ်စေခဲ့တာပါ။
ဒါပေမယ့် စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ကျေးလက်ဒေသတွေမှာ တော်လှန်ရေးအပြီးမှာပါ ဆင်းရဲမွဲတေမှုနဲ့ ဆင်းရဲဒုက္ခတွေ ကျယ်ပြန့်စွာ ခံစားခဲ့ကြရတယ်။
လူမှုရေးအရပြောရရင်တော့ အထက်တန်းစားလူတန်းစားအပေါ် ဖိအားပေးနိုင်ခဲ့ပြီး ကာသိုလစ် ဘုရားကျောင်းလို ထုံးတမ်းအခြေပြုလူမှုရေးအဖွဲ့အစည်း အများအပြားကို ဖျက်သိမ်းပစ်ခဲ့နိုင်တာပါပဲ။
လူမှုတန်းတူညီမျှမှုဆိုင်ရာ အယူအဆကို မြှင့်တင်ပြီး လူမှုအဆင့်အတန်းမခွဲခြားဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေးပေးတဲ့ ဥပဒေများကို ချမှတ်ဖို့လည်း အယူအဆတွေပေးခဲ့တယ်။
ဒါပေမယ့် လူမှုရေးကသောင်းကနင်းအဖြစ်အပျက်တွေ အလွန်များပြားခဲ့ပြီး ပြည်သူတွေခံစားခဲ့ရတယ်။ ကွဲပြားတဲ့လူ့အဖွဲ့အစည်းတွေ အလွန်ရုန်းကန်ခဲ့ရတယ်။
ပြင်သစ်တော်လှန်ရေးဟာ ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုဆိုင်ရာ အတွေးအခေါ်များကို ဖြန့်ကျက်ဖို့ရာ ထောက်ပံ့ခဲ့တဲ့အတွက် နိုင်ငံတကာဆက်ဆံရေးအပေါ် သိသာ ထင်ရှားသော သက်ရောက်မှုရှိခဲ့တယ်လို့ ပြောရမှာပါ။
တခြားဒေသတွေမှာလည်း ဒီမိုကရေစီ တော်လှန်ရေးများ ပြန့်ပွားရေးကိုလည်း အထောက်အကူ ပြုခဲ့တယ်။ ဒါပေမယ့် အမျိုးသားရေးဝါဒ ထွန်းကားလာမှုကနေ အမျိုးသားရေး အခြေပြုအာဏာရှင် တွေ ပေါ်လာတာမို့ ကမ္ဘာစစ်ကြီးဖြစ်တာကိုလည်း သက်ရောက်စေခဲ့တယ်လို့ ပြောရမှာပါပဲ။
တော်လှန်ရေးတွေမှာ အကောင်းအဆိုး ဒွန်တွဲပါတယ်။ ပြင်သစ်တော်လှန်ရေးကို ကြည့်ရင် သင်ခန်းစာ တွေ၊ အတွေးအခေါ်တွေ အများကြီးရခဲ့ပေမယ့် ဒုက္ခလည်းအများကြီးရောက်ပြီး အာဏာရှင်ထပ် တက် လာတာနဲ့ပဲ အဆုံးသတ်တာကို တွေ့ရမှာပါ။
တဆက်တည်းထပ်ပြောရမှာကတော့ ဘာအကြောင်းတွေကြောင့် နိုင်ငံရေးအခြေပြုတဲ့ တော်လှန်ရေး တွေ ကျရှုံးရလဲ ဆက်ပြောဖို့ပါ။
ပထမအချက်ကတော့ လူအများနှလုံးသိမ်းကြုံးမနိုင်တဲ့အခါ၊ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှု မရရှိတဲ့ အခါမှာ တော်လှန်ရေးပျက်ပြားတတ်တယ်။
သာမန်ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုမရဘူးဆိုရင် ဆက်လက်ထိန်းထား ဖို့အတွက် ပိုခက်ခဲပြီးတော့ပြီး တော်လှန်သော အင်အားစုတွေကို ပိုမိုထိခိုက်နိုင်ပါတယ်။
ဒါပေမယ့် အဲ့သည်လိုပြောဖို့ တော်လှန်ရေးတခုကို ထောက်ခံဖို့ဆိုတာ ပုဂ္ဂလိက ဆုံးဖြတ်ချက် ဖြစ်တယ်။ အတင်းတွန်းအားပေးလို့ တော်လှန်ရေးကို ထောက်ခံရတာမျိုးက အဖြေမဟုတ်ဘူး။
ရင်ထဲကနေ ထောက်ခံကြဖို့သာ အကျိုးအကြောင်းပြမှုတွေ၊ ကိုယ်ချင်းစာတရားတွေ၊ နားလည်မှုတွေ ဖော်ဆောင်ရမှာပါ။
ပြတ်သားသောပန်းတိုင်တွေ၊ ဒါမှမဟုတ် ယုံကြည်နိုင်လောက်တဲ့ ခေါင်းဆောင်မှု မရှိခြင်းဟာလည်း တော်လှန်ရေး ကျဆုံးစေနိုင်တဲ့အကြောင်း ဖြစ်နိုင်ပါတယ်။ အောင်မြင်သောတော်လှန်ရေးတစ်ခုဆိုတာ လမ်းပြနိုင်တဲ့၊ စည်းလုံးစေနိုင်တဲ့၊ ပြတ်သားတဲ့ ပန်းတိုင်တွေနဲ့ တသားတည်းဖြစ်တဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ဗြိတိသျှ ကိုလိုနီလက်အောက်က မြန်မာတွေလွတ်လာပြီးတဲ့နောက်၊ ဗမာ့ကိုလိုနီ လက်အောက်က လွတ်ဖို့ပြန်ကြိုးစားနေရတဲ့ အမျိုးသားနယ်မြေတွေ၊ နိုင်ငံရေးကတိဖျက်ပြီး အတွင်း ဘက်ကို ပြန်ကြီးစိုးတဲ့ Internal colonialism ဝါဒကို ဖျက်စီးဖို့ကြိုးစားနေတဲ့ အမျိုးသား လူထုတွေ၊ ပြီးတော့ အသစ်အသစ် အမျိုးသားစု သီးသန့်ဖြစ်တည်မှု ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအင်အားစုတွေ၊ နောက်ပြီးတော့ ကတိပျက်နိုင်ငံရေးစုဖွဲ့မှုအမွေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြန်တည်ချင်တဲ့ နိုင်ငံရေးအင်အားစုတွေ စသဖြင့် စုံလင်နေတယ်။
တော်လှန်ရေးအလွှာတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေဟာ လုံးဝမတူညီဘူး။ စစ်အာဏာရှင်ပြုတ်ကျ ရေးကို လက်ရှိမှာပြောပေမယ့် တကယ့်ပြဿနာက နိုင်ငံရေးအာဏာ၊ နိုင်ငံရေးသိက္ခာနဲ့ နိုင်ငံရေး ကတိပျက်မှုသည် ပင်မဖြစ်နေတယ်။
တော်လှန်ရေးတစ်ခုတွင် ထောက်ခံမှုချို့တဲ့ရင် အရှိန်အဟုန်ဘယ်လောက်သွားရမလဲဆိုတာနဲ့နှင့် ညီညွတ်စွာ ဘယ်လို သွားကြမလဲဆိုတာကို ထိန်းသိမ်းရခက်ခဲလာသလို ပြည်တွင်းပဋိပက္ခတွေနှင့် သဘောထားကွဲလွဲမှု တွေ ပိုမိုပြန့်ပွားလာတတ်တယ်။
ပြည်တွင်းပဋိပက္ခတွေ များပြားလာတာဟာ တော်လှန်ရေးကို ကျရှုံးစေနိုင်တယ်။ မတူညီတဲ့ ရည်မှန်း ချက်၊ တန်ဖိုးနဲ့ မျှော်မှန်းရလဒ်တွေ ကွဲပြားလာတဲ့အခါ၊ အုပ်စုအကျိုးစီးပွား တဦးချင်း အကျိုးစီးပွား တွေကို ကျယ်ပြန့်စွာ ထိခိုက်လာတဲ့အခါ ထိရောက်စွာနဲ့ စီမံခန့်ခွဲမရတော့ပဲ အပြစ်တင်တာနဲ့ ဆွဲချတာ တွေ ပေါ်လာ တတ်ပါတယ်။
ကွဲပြားမှုတွေမပေါ်စေချင်လို့ သတင်းအချက်အလက်အမှားတွေ၊ တရားလွန်ဝါဒဖြန့်တာတွေ၊ မျှော်လင့်ချက် အမှားပေးတာတွေ ဖြစ်လာတဲ့အခါ ခေါင်းဆောင်မှုကို ယုံကြည်မှု ပိုမိုကျဆင်းလာပြီး တော်လှန်ရေးတွေလည်း ပိုအားနည်းတော့တာပါပဲ။
တော်လှန်ရေးတွေမှာ ပြည်တွင်းဖိအားတွေတင်မကပဲ ပြည်ပဖိအားတွေလည်း ရှိလာနိုင်ပါတယ်။ ထောက်ခံမှုကော ဆန့်ကျင်မှုအတွက်ပါ ပြည်ပက ရရှိနိုင်ပါတယ်။ စွက်ဖက်မှုများလာတဲ့အခါ ထိန်းကွပ်ရခက်ခဲတတ်ပါတယ်။
အရင်းအမြစ် ထောက်ပံ့မှုတွေကို ပြည်ပက ရရှိနိုင်သလို၊ ပြည်ပကနေ သူတို့ရဲ့မျှော်လင့်ချက်တွေ ဖြစ်လာဖို့လည်း တွန်းအားပေးကြမှာပါ။ လူအင်အား၊ ငွေအင်အားအရင်းအမြစ်တွေ များစွာလိုတဲ့ အပြင် ထောက်ပို့အရေးအရာတွေ အတွက်လည်း တော်လှန်ရေးမှာ တခြားနိုင်ငံတွေကိုလည်း ကြည့်ကြရပါတယ်။
စစ်တပ်၊ ရဲတို့လိုအင်အားတွေရှိတဲ့ဘက်မှာ တော်လှန်ရေးတွေဟာ အားသာမှု အနည်းနဲ့အများ ရရှိ တတ်ကြပါတယ်။ ဒါကြောင့် အောင်မြင်တဲ့တော်လှန်ရေးတွေမှာ စစ်တပ်နဲ့ ရဲတွေကို ကိုယ့်ဘက် ပါလာဖို့ ဝါဒရေးရာအရ စည်းရုံးနိုင်ခြင်းဟာ အလွန်အရေးပါတဲ့အချက်တခုအနေနဲ့ မြင်ရပါလိမ့်မယ်။
နောက်တခုက တော်လှန်ပြောင်းလဲမှုကို နောက်ပြန်လှည့်ဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ပယ်သတ်ဖို့ စုပေါင်း ကြိုးပမ်းမှု (တန်ပြန်တော်လှန်ရေး)နဲ့ အလေးချိန်တူ ချိန်ခွင်လျှာညီသွားရင် တော်လှန်ရေး ကျရှုံး နိုင် ပါတယ်။ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်တွေရရှိရင် တန်ပြန်တော်လှန်ရေးများဟာ အောင်မြင်နိုင်တတ်ပါတယ်။
တော်လှန်ရေးတွေမှာ ဝါဒရေးပိုင်းလည်း အရေးကြီးပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးဆိုတာ လောက် က ဝါဒလို့ ပြောလို့မရသေးပါဘူး။
နိုင်ငံရေး အိုင်ဒီယိုလိုဂျီတွေမှာ အရေးပါတာက ဘယ်သူတွေအပေါ် အကြမ်းနည်းသုံးလို့ရလဲလို့ ပြော ပြနိုင်တာနဲ့ နိုင်ငံရေးသုခဘုံဟာ ဘာလဲဆိုတာကို ပြောတာပါပဲ။ ဥပမာ ဂန္ထဝင်လစ်ဘရယ်ဝါဒ (Classical liberalism) ရဲ့နိုင်ငံရေးသုခဘုံမှာ အားလုံးဟာ လွတ်လပ်မှုရှိပြီး ပိုင်ဆိုင်မှုတွေကို အကာ အကွယ်ရကြမှာ ဖြစ်သလို၊ နိုင်ငံတော်ဟာ လူသားအခွင့်အရေးကို ကာကွယ်ပေး နိုင်လောက်တဲ့ ပမာဏ ရှိပြီး သူ့အခန်းကဏ္ဍ ဟာ လူတဦးချင်းဘဝထဲကို ထိုးဖောက်ဝင်ရောက် လာလို့မရအောင် လည်း ကန့်သတ်ထားရမယ်လို့ဆိုတယ်။
ဒါပေမယ့် အဲ့သည်လိုကတိမျိုးကိုပေးရင် ဒီလိုလွတ်လပ်မှုကိုနားမလည်တဲ့၊ ယဉ်ကျေးမှု နိမ့်ပါးသေးတဲ့ သူတွေကို “ယဉ်ကျေးစေလိုတယ်”၊ “ဖွံ့ဖြိုးစေလိုတယ်”ဆိုတာတွေ ပြောပြီး ကိုလိုနီစနစ်တွေ၊ နိုင်ငံရေး လက်ဝါးကြီးအုပ် တဲ့ အလုပ် (Hegemony) တွေလည်း အများကြီးတွဲလျက်လုပ်ခဲ့၊ ဖြစ်ခဲ့ကြတာပါပဲ။
မတူညီတဲ့အမျိုးသားလူထု ဖြစ်တည်မှုကို မျက်ကွယ်ပြုမယ်ဆို လစ်ဘရယ်ဝါဒကို သုံးတတ်ကြတယ်။ နောက်ထပ်နမူနာတခုက ဖက်ဆစ်စနစ်ပဲ။ တရားလွန်အစွန်းရောက် နိုင်ငံသားဖြစ်တည်မှုဝါဒများမှာ နိုင်ငံတခုလုံးဟာ တသားတည်းဖြစ်ရမယ်၊ တပြေးညီဖြစ်ရမယ် (Fascio) ဆိုတဲ့အယူအဆနဲ့ အားလုံးကို နိုင်ငံတော်အာဏာအောက် ထိုးသွင်းတယ်။
မူဆိုလီနီရဲ့မိန့်ခွန်းမှာဆို အီတလီနိုင်ငံသားများဟာ ကွဲပြားမှုမရှိပဲ တမျိုးသားတည်း ဖြစ်ရမယ်လို့ ဆိုခဲ့ဖူးတယ်။ မတူညီတဲ့ အမျိုးသားလူထုဖြစ်တည်မှုများကို ဖျက်ဆီးခဲ့တယ်။ ဖက်ဆစ်နဲ့ နီးစပ်တူညီတဲ့ နာဇီဝါဒမှာ ဂျူးများစွာကို သတ်ခဲ့တယ်။
နိုင်ငံရေးဝါဒဟာ တော်လှန်ရေးမှာ ရည်မှန်းချက်၊ ပန်းတိုင်နဲ့ စည်းနှောင်မှုများကို စနစ်ကျ ဖော်ဆောင် ပေးတယ်။ တစုတဖွဲ့အကျိုးစီးပွားတွေရှိကြတာသဘာဝဖြစ်ပေမယ့် အဲသည်အကျိုးစီးပွား များကို ညီညွတ်အောင် နိုင်ငံရေးဝါဒက စည်းနှောင်ပေးတယ်။ အပြစ်တင်နေကြတာက စည်းနှောင်တာ မဟုတ်ဘူး။
နိုင်ငံရေးဝါဒဟာ နာမည်တူချင်ယောင်ဆောင်ရုံမျှနဲ့ လည်းမရဘူး။ ဥပမာ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီကို ပြောကြတယ်။
ဗမာတွေလိုချင်တဲ့ဖက်ဒရယ်က တနိုင်ငံလုံးတစုတည်းဖြစ်တဲ့ Holding Together Federalism ဖြစ်ပြီး Geographical ပထဝီကို အခြေခံချင်တယ်။
တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်က Coming Together ဖြစ်ပြီး အမျိုးသားလူထုဖြစ်တည်မှုရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို အခြေခံချင်တယ်။
ဗမာတွေလိုချင်တဲ့ ဒီမိုကရေစီဟာ ပြည်သူတွေမဲပေးပြီး ထောက်ခံမှုများရင် ခေါင်းဆောင်တင်တဲ့ Centripetal Democracy သို့မဟုတ် Majoritarianism ကို ပြောနေတာဖြစ်တယ်။
တိုင်းရင်းသားတွေလိုချင်တဲ့ ဒီမိုကရေစီဟာ ဗမာ့ကိုလိုနီစနစ်ကနေ ထွက်မြောက်ရာရတဲ့ အမျိုးသား လူထုများရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အခြေခံတဲ့ Consociational democracy သို့မဟုတ် Decolonized democracy ဖြစ်တယ်။ အလွန်ကို ကွဲပြားတဲ့ ဝိသေသတွေ ဖြစ်ပါတယ်။
အချုပ်အနေနဲ့တော့ တော်လှန်ရေးတခုဆိုတာ ရှုပ်ထွေးတဲ့ဖြစ်စဉ်ပါ။
အရင်တရက်က တော်လှန်ရေး မနိုင်ရင် ပြည်သူတွေကိုပဲအပြစ်တင်ရမယ်လို့ တော်လှန်ရေး ခေါင်း ဆောင် တစ်ဦးက အင်တာဗျူးဖြေတာကို ကြားရတော့ အတွေးပွားမိပါတယ်။ “နောက်လိုက်တဲ့ သူတွေက ဦးဆောင်ကြပါ”လို့ပြောတဲ့ ခေါင်းဆောင်တွေဟာ အလွန်ပြဿနာရှိပါတယ်။
တော်လှန်ရေးဦးဆောင်တယ်ဆိုတာ ဆုံးဖြတ်ချက်ကို ရှောင်လွှဲတာ၊ ပန်းတိုင်ကို ချချင်တာချဖို့ လွှတ် ပေးတာ (Goal decentralization)၊ မဟာဗျူဟာကို ချချင်တာချဖို့ လွှတ်ပေးတာတွေ လုံးဝ မဟုတ်ပါဘူး။ အမြင်တွေကို တသားတည်းဖြစ်ဖို့ ခေါင်းဆောင်တွေဟာ ကြိုးစားဖို့လိုပါတယ်။
တော်လှန်ရေးကျရှုံးတဲ့ အချက်တွေကို ဦးဆောင်သူများဟာ အမြဲမပြတ်သတိကပ်ပြီး စစ်ဆေးကြဖို့ လိုသလို ပြည်သူတွေကလည်း စစ်မှန်တဲ့စိတ်အရင်းခံပြီး သင့်တော်တဲ့ဘက်ကို သင့်တော်တဲ့ တွန်းအား တွေ၊ ထောက်ပံ့မှုတွေ၊ ဖိအားတွေ ပေးကြဖို့လိုပါကြောင်း တင်ပြလိုက်ရပါတယ်။