တော်လှန်ရေးအတွက် အရေးအကြီးဆုံး NUG နဲ့ EROs မဟာမိတ်ဖြစ်တည်မှု။ ဖိအားတွေအောက်မှာ ဘယ်လိုခရီးဆက်ကြမလဲ။
– အီဂေါဗလာဇီဗစ် (သူ့အတွေးသူ့အမြင်)
Part 4 : မဟာမိတ်အဖြစ်စည်းလုံးခြင်းအရှည်တည်မြဲခိုင်ခန့်ဖို့
အစောပိုင်းအခန်းတွေမှာ ကျွန်တော်ပြောခဲ့သလိုပဲ NUG နဲ့ EROs တွေ မဟာမိတ်ဖြစ်နေကြဖို့ဟာ အဘက်ဘက်က ကြည့်ရင် အသည်းအသန်ကိစ္စ တစ်ခုပါ။ စစ်ခေါင်းဆောင်တွေဟာ မုန့်ပြမလား တုတ်ပြမလားဆိုတဲ့ ကိစ္စမှာ အတော်ပဲ ကျွမ်းကျွမ်းကျင်ကျင်ကစားနေကြပါတယ်။ ဒီလိုနည်းနဲ့ သွေးခွဲတဲ့ နေရာမှာ အထာကိုလည်း သိပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ထဲကနေ NUG၊ နွေဦးတော်လှန်ရေးနဲ့ NLD ကိုဖယ်ထုတ်လိုက်ပြီး ဘေးရောက်အောင်လုပ်လိုက်နိုင်ရင် မူလက နွေဦးတော်လှန်ရေးမှာဝင်ပါဖို့ သတ္တိမရှိကြတဲ့ ပြည်တွင်း က ကိုယ်ကျိုးနဲ့ နိုင်ငံရေးထဲဝင်ပါချင်တဲ့ အုပ်စု အမျိုးမျိုးကလည်း အခွင့်အလမ်းရသွားကြမှာ ဖြစ်ပါ တယ်။
ပြည်တွင်းနိုင်ငံရေးခွင်ထဲမှာ လှုပ်ရှားရတဲ့ ပုံစံက စစ်တပ်ရယ်၊ EROs ရယ်နဲ့ ဗမာမစုတ်တဲ့ ဒီမိုကရေစီနဲ့ အမျိုးသား နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ ဘက်သုံးဘက်ကြား ညှိနှိုင်းကြတဲ့ အခြေအနေမျိုးဆီကို နောက်ပြန် ဆုတ်သွားမယ် ဆိုရင် အဲဒီ ကိုယ်ကျိုးရှာသမားတွေဟာ သူတို့ရနိုင်တဲ့ အခွင့်အရေးကို ဝင်ယူကြမှာပါ။
ဒါကြောင့်မို့လည်း သူတို့ဟာ မအလရဲ့ အလိမ်အညာရွေးကောက်ပွဲကိစ္စမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေကြတာဖြစ်ပါတယ်။
အချို့သော နိုင်ငံတကာက ပုဂ္ဂိုလ်များဟာလည်း အခုလောလောဆယ် စစ်ခေါင်းဆောင်တွေကို တက်တက်ကြွကြွ ပေါင်းသင်းကူညီနေကြတာတွေရှိနေပါတယ် (ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ ဆာဆာကာဝါ)။ တခြားအရေးကြီးတဲ့နိုင်ငံတကာက လူတွေကတော့ (ကုလသမဂ္ဂအထူးသံ၊ အင်ဒိုနီးရှားနဲ့ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်၊ နော်ဝေး၊ ရန်ကုန်မှာ ရှိနေကြတဲ့ နိုင်ငံခြားသံတမန်ထဲက အများစု) ဟာ မြန်မာပြည်သူတွေရဲ့ ရန်သူတွေမဟုတ်ကြပါဘူး။
ဒါပေမယ့် သူတို့ဟာလည်း သိပ်ပြီးရိုးသားလွန်းတဲ့ မိတ်ဆွေတွေလည်း မဟုတ်ကြပြန်ပါဘူး။ သူတို့ဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို မယုံနိုင်ကြသူတွေပါ။
နွေဦးတော်လှန်ရောအောင်ပွဲဆီကိုသွားဖို့က သူတို့ရည်ရွယ်ရမယ့် ကိစ္စလို့ မမြင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ယုံကြည်ကြတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ လက်ရှိအခြေအနေမှာ ပါဝင်နေသူတွေ အားလုံးကို ဆွေးနွေးညှိနှိုင်းရေး စားပွဲခုံပေါ်ကို ဆွဲခေါ်ပြီး စစ်တပ်နဲ့ တပ်ခေါင်း ဆောင်တွေနဲ့ ညှိခိုင်းဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဖြစ်စေချင်တာက မြန်မာပြည်မှာ ငြိမ်ဝပ်ပြီး အခြေ အနေတွေကို ပုံမှန်ပြန်လည်ပတ် စေချင်တာပါပဲ။
မအလဟာ NUG နဲ့ လုံးဝဆွေးနွေးညှိနှိုင်းချင်တဲ့ သူမဟုတ်ဘူးဆိုတာကို သူတို့လုံးလုံးကြီး လျစ်လျူရှုထားပါတယ်။ မအလရဲ့ အဓိကရည်ရွယ်ချက်က စစ်ကိုင်းနဲ့ မကွေးမှာရှိတဲ့ PDFတွေကို ချေမှုန်းပစ်ဖို့ပဲဆိုတာကို မသိချင်ယောင်ဆောင်နေကြပါတယ်။
နိုင်ငံတကာကလူတွေဟာ စစ်တပ်နဲ့ EROsတွေကြား အပစ်အခတ်ရပ်စဲပြီး ညှိနှိုင်းဆွေးနွေးနိုင်ကြပြီ ဆိုရင် EROs ထိန်းချုပ်နယ်မြေတွေထဲကို လူသားချင်းစာနာမှုအကူအညီတွေ စပြီးပို့လို့ရမယ်လို့ ထင်ယောင် ထင်မှား တွေ တွေးနေကြပါတယ်။
ဒီလို လမ်းစကနေ စစ်ကို အရှိန်လျှော့နိုင်မယ်လို့တွေးတာက တော်တော်လွဲပါတယ်။ တကယ်လို့များ သူတို့ထင်သလိုဖြစ်လာခဲ့ရင် နောက်ဆက်တွဲက မကွေးနဲ့ စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို တပ်က အင်အားထပ်ဖြည့်ပြီး အင်အားသုံးချေမှုန်းလာနိုင်ပြီးတော့ NUG ကိုဖယ်ထုတ်ဖို့ ကြိုးစားတော့ မယ် ဆိုတာကို မသိတာလား ၊ မသိချင်ယောင်ဆောင်တာလား တစ်ခုခုပါပဲ။
စိတ်ကောင်းနဲ့ ကြံရွယ်ကြတယ်ဆိုတဲ့ နိုင်ငံတကာက လူတွေရဲ့ လုပ်ရပ်ကပဲ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေ အားပျော့သွားအောင် လုပ်နေသလိုဖြစ်နေပါတယ်။
ဒီလို နိုင်ငံတကာ ဖိအားသိပ်များလာရင် စစ်အာဏာရှင်ကိုတော်လှန်ရတဲ့သူတွေ ပြိုကွဲသွားမလား ဆိုတာကတော့ မဖြစ်နိုင်တဲ့အချက်ပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီဖိအားကိုခံရပြီး အားပျော့သွား နိုင်တာ ဖီဆန်တော်လှန်မှု မထိမရောက်ဖြစ်လာတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုမဖြစ်အောင် ကာကွယ်ကြဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အင်အားပြန်ပြည့်လာဖို့ အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ကြဖို့ လိုနေပါတယ်။
၁။ ပထမဆုံးကတော့ မအလရဲ့ တပ်ဟာ အင်မတန် ချိနဲ့ပြီးအားပျော့လာနေတယ်ဆိုတာကို မမေ့ဖို့ပါပဲ။ တော်လှန်ရေးအင်အားစုတွေဟာ ဖိအားအောက်မှာ လှုပ်ရှားနေကြရတာ မှန်တယ်။ ဒါပေမယ့် စစ်တပ်က ကြုံနေရတဲ့ လောလောဆယ်ဖိအားက ပိုကြီးနေတယ်ဆိုတာလည်း မမေ့ဖို့ပါ။
သူတို့ဆီမှာလည်း အက်ကြောင်းပေါ်နေသလို သွေးထွက်သံယိုလည်း ပိုများလာနေပါတယ်။ စစ်ခေါင်း ဆောင် တွေနဲ့ စစ်တပ်ကို ပြည်သူဟာ အင်မတန်မုန်းတီး ခါးသီးပြီး မပတ်သက်လိုကြပါဘူး။
မြန်မာနိုင်ငံက ပြည်သူတွေရဲ့ စိတ်ဆန္ဒက တပ်က ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဘက်ပါ။ မအလက ကမ်းလှမ်းနေတဲ့ “လောဘနဲ့ အဂတိလိုက်စားခြင်းပေါ်မှာဆောက်ထားတဲ့ ဖယ်ဒရယ်စနစ်” ကို လက်ခံကြမယ့်အစား ပိုပြီး မျှော်မှန်းနိုင်တဲ့ ဆုလာဘ်တွေရှိပါတယ်။
လူမျိုးစု အသီးသီးအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ် ဖယ်ဒရယ်နဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာနိုင်ပါတယ်။
ဒီလိုနိုင်ငံတော်ကို စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုနဲ့ ဂုတ်သွေးစုတ်မှုတွေအောက်မှာ တည်လို့မရနိုင်ပါဘူး။ မအလတို့ ကမ်းလှမ်းတဲ့ ဖယ်ဒရယ်ဆိုတာ အားနည်းသူကို သားကောင်လို ချောင်းပြီး အမြီးကျက် အမြီးစား ကျင့်ကြံမယ့် ဖယ်ဒရယ်၊ စစ်တပ်ရဲ့ မိသားစုနဲ့ သူတို့အသိုင်းအဝိုင်း ကွက်ကွက်ကလေးသာ ကောင်းစားမယ့် လက်သင့်ရာစားတော်ခေါ်တဲ့ kleptocracy ကို အခြေခံတဲ့ ဖယ်ဒရယ်ပါ။
၂။ NUG ထဲက ခေါင်းဆောင်တွေဟာ EROs (K3C – ကရင်၊ ကချင်၊ ကရင်နီနဲ့ ချင်း) တွေနဲ့ အပြင်မှာပဲဖြစ်ဖြစ် zoom နဲ့ပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ ထိထိရောက်ရောက် ရင်းရင်းနှီးနှီးပြောဆို ဆွေးနွေးကြဖို့ လိုပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးဘက်က နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေ လှုပ်ရှားနေ သူတွေ ကြားမှာ အခြေအနေအသစ်ကို တုံ့ပြန်နိုင်ကြဖို့ ပြင်ဆင်ကြရမှာပါ။ ယုံကြည်မှုတွေ ပြန်လည် အဖတ်ဆယ်နိုင်ဖို့ဆိုရင် ဘယ်သူက ဘာကိုလိုချင်တာလဲ ဆိုတာကို သိပြီး တစ်ဖက်နဲ့တစ်ဖက်လည်း အပြန်အလှန် ရှင်းရှင်းလင်းလင်း နားလည်ပြီး အာမခံပေးတာတွေရှိရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အတူတကွ အနိုင်ရပြီးတဲ့နောက်မှာ လူတိုင်းရဲ့ လိုလားချက်တွေ ပြည့်ဝရစေမယ် ဆိုတာကို တစ်ဖက်နဲ့ တစ်ဖက် အာမခံပေးဖို့ လိုပါတယ်။
ဒါက အရေးအကြီးဆုံးခြေလှမ်းပါ။ အခုအချိန်မှာဆိုရင် အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဖြစ်လာဖို့ အရေးကြီးတဲ့သူတွေရဲ့ အပြည့်အဝထောက်ခံမှုကို မရနေသေးပါဘူး။ အပြည့်အဝမဟာမိတ်အဖြစ် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ပြီး တက်ကြွစွာပါဝင်လာနိုင်ဖို့ နိုင်ငံရေးအရ အပြန်အလှန်အပေးအယူ တွေ လိုအပ်နေပါတယ်။ တစ်ပိုင်းတစ်စ မဟာမိတ်ဖွဲ့တည်မှုအစား၊ ရာနှုန်းပြည့် မပါဝင်တဲ့ အခြေအနေ အစား ပိုပြီးပြည့်ဝတဲ့ မဟာမိတ်အဖြစ်ကို တည်ဆောက်ဖို့လိုပါတယ်။
၃။ အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ အပြိုင် NUG + အရေးကြီးတဲ့ EROs တွေက နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးအတွက် လုပ်ကိုင်မယ့်အဖွဲ့တစ်ခုကို အတူဖွဲ့စည်းကြဖို့လိုပါတယ်။ အဲဒါမှလည်း အမေရိကန် NDAA နဲ့ အင်ဒိုနီးရှားကလက်ရှိ ဥက္ကဌ လုပ်နေတဲ့ အာဆီယံတို့မှာ မြန်မာနိုင်ငံအတွက် ပေါ်လာမယ့်အခွင့်အရေးတွေကို ဟန်ချက်ကျကျ အချိတ်အဆက် မပြတ်ဘဲ ဖမ်းဆုပ်နိုင်မှာပါ။
နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ပေးရမယ့် အရေးကြီးတဲ့ သတင်းစကားတွေကို NUG နဲ့ EROs တွေ ကြားက ဘုံနားလည်မှုကို အခြေခံပြီး ပြောဆိုကြရမှာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘာကိုပြော ကြမလဲ၊ ဘာကိုနိုင်ငံတကာကနေ တောင်းဆိုကြမလဲ ဒါတွေကိုပြောရာမှာ ညှိထားတဲ့ ဘုံသဘောတူညီ ချက်ရှိနေဖို့ပါ။
ဒါကိုရပြီဆိုရင် NUG + K3C တို့အားလုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂျာကာတာ၊ ဝါရှင်တန်၊ နယူးယောက်၊ လန်ဒန်၊ ဘရပ်ဆဲလ်၊ တိုကျို၊ နယူးဒေလီတို့ကိုလွှတ်ဖို့လိုပါတယ်။
တကယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရာမှာ NUG ကို သက်သက် EROs ကိုသက်သက် ဆက်ဆံနေရမယ် ဆိုရင် မဟာမိတ်နှစ်ဖက်စလုံးအတွက် အရှုံးရှိနိုင် ပါတယ်။
နိုင်ငံတကာကလည်း နွေဦးတော်လှန်ရေးရဲ့ အာဏာရှင်ကို တိုက်ထုတ်တဲ့ အောင်ပွဲကို ထောက်ခံမယ့် အစား တော်လှန်ရေးအင်အားစုတွေနဲ့အပေါ် လိုသလို ကစားပြီး သူတို့လိုရာဆွဲပုံဖော်တဲ့ဘက် ရောက် အောင် လုပ်နိုင်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကလူအများစုဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို မြင်ချင်ကြတာ မဟုတ်ဘူးဆိုတာ သတိကြပ်ကြပ်ထားစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့က ဒီလိုအောင်ပွဲကို ဖြစ်လာနိုင်မယ်လို့လည်း မထင်ပါဘူး။
ပြီးတော့ ဒါပြီးရင် ဘာဖြစ်လာမလဲဆိုတာကို သူတို့မမှန်းနိုင်လို့ပါ။ ဒါကြောင့်မို့သူတို့ဟာ စစ်တပ် အပါအဝင် လူအားလုံးကို စားပွဲဝိုင်းပေါ်ဆွေးနွေးတဲ့အလုပ်ပဲ လုပ်စေချင်တာပါ။
ဒါပေမယ့် ဒီနည်းမှာနောက်ဆက်တွဲ အန္တရာယ်က စစ်တပ်နဲ့ EROsတွေရယ် နိုင်ငံရေးပါတီတွေရယ် စားပွဲပေါ်ကိုရောက်လာပြီး NUG နဲ့ နွေဦးတော်လှန်ရေးကတော့ စားပွဲပေါ်ရောက်မလာဘဲ ပွဲမပြတ် နိုင်တာပါ။
အခုတောင် နိုင်ငံတကာအသိုင်းအဝိုင်းထဲက တချို့နဲ့ ပြည်တွင်း ပွဲစားအချို့ဟာ NUG မပါဘဲ K3C ကို နိုင်ငံတကာကပါဝင်ပြီး ဆွေးနွေးကြဖို့ လမ်းစတွေ ဖော်နေကြပါပြီ။ ဒါဟာ အလွန် အန္တရာယ်ကြီးတဲ့ ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံ လမ်းကြောင်းလွဲနိုင်တဲ့ ကိစ္စတစ်ခုပါ။
NUG + K3C အတူတကွ ဆောင်ရွက်နိုင်ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆက်ဆံနိုင်ဖို့ ဘုံရပ် တည်ချက်ရှိတာက အများကြီး ပိုကောင်းတဲ့ ကိစ္စပါ။ ဒီပုံစံနဲ့ NUG + K3C ဟာ အခြားအစုအဖွဲ့ တာဝန်ရှိသူတွေကိုပါဝင်လာအောင် လမ်းဖွင့်ပေးထားဖို့လိုပါတယ်။
ဒါပေမယ့် ဒီမတိုင်ခင်အရေးအကြီးဆုံးကတော့ မဟာမိတ်ချက်မ ဖြစ်တဲ့ NUG + K3C ဘုံနားလည်မှုကို ခိုင်ခိုင်မာမာတည်ဆောက်ကြဖို့ လိုပါတယ်။
၄။ ပြီးတော့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ညီညီညာညာ တောင်းဆိုမှုတွေပြုလုပ်နိုင်အောင် NUG + EROs နဲ့ တော်လှန်ရေးထဲက အရပ်ဘက်လူ့အဖွဲ့အစည်း တွေကြား ရှင်းလင်းတဲ့ မဟာဗျူဟာကိုတည်ဆောက်ဖို့ နောက်ထပ် လုပ်ငန်းအစုအဖွဲ့တစ်ခုလိုပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေဟာ တရားမျှတတဲ့ဘက်မှာ ရပ်နေတာတော့ မဟုတ် ပါဘူး။ သူတို့မှာ သူတို့အကျိုးစီးပွားတွေလည်းရှိပါတယ်။ သူတို့မှာ သူတို့ အစွဲနဲ့ သူတို့ မြင်နေကြ တာတွေ လည်းရှိပါတယ်။
အများစုကတော့ ရန်ကုန်မှာ သူတို့လုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ဖို့အတွက် စစ်တပ်ရဲ့ အမိန့် အောက် မှာ ဓားစာခံဘဝနဲ့ နေနေကြရတာပါပဲ။ သူတို့ပြည်ဝင်ခွင့်ဗီဇာကိစ္စတွေဟာလည်း စစ်တပ်ကို မှီခိုနေရမှ ဖြစ်တာမို့ပါ။ ဒါ့ကြောင့် သူတို့တွေမှာ တပ်ရဲ့အလိုအတိုင်း ကြိုးဆွဲတဲ့ ဇာတ်ကိုလိုက်ကတဲ့ ဖက်ကို ယိမ်းချင်တာများပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းဟာ စိတ်စေတနာဖြူတဲ့ သနားတတ်တဲ့သူတွေလို့ မထင်ကြဖို့ အရေးကြီးပါ တယ်။ နွေဦးတော်လှန်ရေးက ဖြစ်လိုတာ၊ ရည်မှန်းတာတွေနဲ့ မကိုက်တဲ့ သူတို့ရဲ့ လိုအင်တွေ၊ သူတို့ရဲ့ အကျိုးစီးပွားတွေရှိကြပါတယ်။
ဒါကြောင့်မို့လည်း သူတို့နဲ့ စကားပြောတဲ့နေရာမှာ ကျွန်တော်တို့ဟာ ညှိကြ နှိုင်းကြဖို့လိုတယ်။ သူတို့ကို အရိုးခံသဘောပဲရှိသူတွေရယ်လို့ စင်းလုံးချောယုံပြီး စျေးမဆစ်လို့ မရဘူး။
နွေဦးတော်လှန်ရေးရဲ့ အကျိုးကို မျှော်ကိုးပြီး နိုင်ငံတကာ အကူအညီပေးရေး အသိုင်းအဝိုင်းနဲ့ ထိထိရောက်ရောက် ဆက်ဆံပြောဆိုနိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ ဘုံနားလည်မှုနဲ့ အားလုံးလက်ခံ ထားတဲ့ မဟာဗျူဟာလိုတယ်။
NUG ကိုယ်စားလှယ်တွေ၊ EROs တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေပါဝင်တဲ့ ညှိနှိုင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ရှိဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ရင် နိုင်ငံတကာ အလှူရှင်တွေနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မျက်နှာကို မကြည့်ဘဲ သူတို့ရဲ့ အတွက် သူတို့ ပိုငဲ့ကွက်ပြီး တော်လှန်ရေးအင်အားစုတွေကို သွေးကွဲစေတဲ့ နိုင်ငံတကာအကူအညီ မူဝါဒမျိုး ကို ရေးဆွဲ အကောင်အထည် ဖော်သွားနိုင်တာကိုသတိချပ်ရပါမယ်။
အကူအညီပေးရေး အဖွဲ့အစည်းတွေဘက်ကိုကြည့်ရင် အကျိုးအမြတ်ရစရာတွေရှိပါတယ်။ သူတို့မှာ သတင်းအချက်အလက် ပိုရနိုင်နေတာရှိပါတယ်။
သူတို့က နိုင်ငံတကာအလှူရှင်တွေနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ ပိုပြီးအချိတ်အဆက်ရှိတယ်။
သူတို့ဟာ လုပ်ငန်းအဆိုပြုလွှာတွေကို အခငွေကြေးပေးပြီး ရေးခိုင်းဖို့ ငွေကြေးနဲ့ အရင်းအမြစ် တွေရှိ တယ်။ ရလာတဲ့ အကူအညီတွေကို စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုရှိတယ်။
သူတို့က ခရီးတွေ သွားလာလို့ ရနေသူတွေမို့လို့ တော်လှန်ရေးအင်အားစုတွေကို သက်သက်စီ တစ်ဖွဲ့ချင်းလိုက်တွေ့လို့ ရနေတယ်။
ဒါပေမယ့်လည်း တကယ်လို့များ NUG, EROs နဲ့ တော်လှန်ရေးထဲက CSOs တွေဟာ အတူတကွ ရပ်တည်ပြီး သူတို့ကိုတောင်းဆိုနိုင်ရင်၊ ညှိနှိုင်းနိုင်ရင်တော့ တော်လှန်ရေးဘက်ကလူတွေမှာလည်း ဒီလိုပြောဆိုနိုင်ဖို့ လုပ်ပိုင်ခွင့်နဲ့ အင်အားရှိနေတာလည်း အမှန်ပါ။
ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ INGO တွေဟာ ဒေသခံအဖွဲ့အစည်းတွေမပါဘဲနဲ့ အကူအညီ တွေ ဖြန့်ဝေလို့မရပါဘူး။ ဒေသခံတွေမပါဘဲ သူတို့မှာ အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အခြေအနေ မပေးပါဘူး။ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်မလုပ်ဘဲနဲ့ ဒီဘတ်ဂျက်တွေ ကို လည်း သူတို့ ရလာစရာမရှိပါဘူး။
တော်လှန်ရေးအင်အားစုတွေဟာ ဒီအကူအညီပေးရေးအသိုင်းအဝိုင်းနဲ့ ကိုယ့်နည်းကိုယ့်ဟန် အသီးသီး ညှိ နှိုင်းနေကြမယ် ဆိုရင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာINGO တွေဟာ ဒေသခံအဖွဲ့ အစည်းတွေကို သူတို့ရဲ့ လက်ဝေခံတွေအဖြစ် ဆက်ဆံပြီး သူတို့ထက် တစ်ဆင့်နှိမ့်ထားတဲ့ အနေ အထားနဲ့ ဆက်ဆံလို့ရတဲ့ လူတွေကို ရွေးပြီးအလုပ်လုပ်ကြဖို့ ပိုပြီးလွယ်ကူသွားမှာပါ။
တကယ်လို့ တော်လှန်ရေးအင်အားစုတွေ ဘက်က အချင်းချင်း အချိတ်အဆက်ရှိကြမယ်၊ သတင်း အချက် အလက်တွေ ဝေမျှမယ်၊ ဘုံရပ်တည်ချက်ပေါ်မှာ လှုပ်ရှားဆောင်ရွက်ပြီး တစ်လေသံတည်း တောင်းဆို မယ်ဆိုရင် ဒီအကူအညီပေးရေး အသိုင်းအဝိုင်းနဲ့ ဆက်ဆံရာမှာ မျက်နှာအောက်ချစရာမလို ပါဘူး။
သူတို့နဲ့ တန်းတူရပ်တည်နိုင်တဲ့ မိတ်ဖက်အနေနဲ့ ရပ်တည်နိုင်မှာဖြစ်ပြီး အကူအညီတွေကို ဘယ်လို သယ်ပို့ကြမလဲ ငွေကို ဘယ်လို ခွဲဝေသုံးစွဲမလဲဆိုတာကို ဆုံးဖြတ်ရာမှာ စီးပိုးတာ မခံရဘဲ ဆောင်ရွက် နိုင်ကြမှာပါ။